သတင်း

SNLD နှင့် တောင်ကြီးရုံးတွင် တွေ့မည်ဟု NLD ပြော

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကိုယ်စားလှယ်အဖွဲ့နှင့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) တို့  ဇန်နဝါရီ ၁၅၊  နံနက်ပိုင်းတွင် တောင်ကြီးမြို့၊ NLD ရုံးတွင် တွေ့ဆုံမည်ဖြစ်ကြောင်း ဒေါက်တာအောင်မိုးညိုက ပြောသည်။

“ SNLD ကလည်းပဲ နက်ဖြန်ခါ (ဇန်နဝါရီ ၁၅)၊  ၁၀ နာရီကို ကျွန်တော်တို့ တောင်ကြီးမြို့မှာရှိတဲ့ ရှမ်းပြည်နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်နယ်ရုံးကို လာပြီး တွေ့ဆုံမယ်။ အတွင်းရေးမှူးအဖွဲ့ဝင် သုံးယောက်လာမယ်” ဟု ဒေါက်တာအောင်မိုးညိုက Myanmar Now ကို ပြောသည်။ 

ရှမ်းတိုင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၊ အထွေထွေအတွင်းရေးမှူး စိုင်းလိတ်၊ တွဲဖက် (၁) စိုင်းကျော်ညွန့်၊ တွဲဖက် (၂) စိုင်းဆမ်ဖွဏ်ဆိုင် တို့ ပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့က တွေ့ဆုံမည်ဖြစ်ကြောင်း SNLD ဘက်က သိရသည်။ 

တွေ့ဆုံမည့်နေရာအတွက်  ယနေ့ (ဇန်နဝါရီ ၁၄) နံနက်ပိုင်းတွင် အလွတ်သဘော နှစ်ဖက်ညှိနှိုင်းခဲ့ကြောင်း SNLD ပါတီပြောရေးဆိုခွင့်ရှိသူ စိုင်းလိတ်က ပြောသည်။ 

ယင်း အလွတ်သဘောတွေ့ဆုံမှုနှင့် ပြီးခဲ့သည့် ဇန်နဝါရီ ၇ တွင် NLD ဘက်မှ အဆင့်မြင့်ကိုယ်စားလှယ်တစ်ဦးက SNLD ပါတီခေါင်းဆောင်ပိုင်းနှင့် တွေ့ဆုံဆွေးနွေးခဲ့သည့် အချက်များပေါ်မူတည်ပြီး မနက်ဖြန် တွေ့ဆုံဆွေးနွေးရေးအတွက် လက်ခံခဲ့ခြင်းဖြစ်သည်ဟု SNLD အထွေထွေအတွင်းရေးမှူး စိုင်းလိတ်က ပြောသည်။ 

” အမျိုးသားပြန်လည်သင့်မြတ်ရေးကို ရှေးရှုပြီးတော့မှ နောက်ထပ်တွေ့ဆုံမယ့် နိုင်ငံရေးပါတီတွေအပေါ်မှာ သူတို့အနေနဲ့ အခင်းအကျင်းပြောင်းဖို့၊ ပြုဖို့၊ ပြင်ဆင်ဖို့ အဲ့ဒီကိစ္စတွေကို အဓိကထားဆွေးနွေးသွားမှာဖြစ်တယ်”  စိုင်းလိတ်က ပြောသည်။ 

လာမည့် ၂၀၂၁ မှ ၂၀၂၅ ကြား ကာလတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးဖော်ဆောင်နိုင်မည့် နည်းလမ်းများကို စုပေါင်းရှာကြံသွားရေး ကိစ္စများကိုလည်း ဆွေးနွေးသွားမည်ဟု စိုင်းလိတ်က ဆက်ပြောသည်။ 

SNLD  သည် ၂၀၂၀ ရွေးကောက်ပွဲတွင် လွှတ်တော် သုံးရပ်ပေါင်း ၄၂ နေရာ အနိုင်ရခဲ့ပြီး ရွေးကောက်ပွဲတွင် တတိယ နေရာအများဆုံးအနိုင်ရရှိခဲ့သည့် ပါတီလည်းဖြစ်သည်။ 

ဒေါက်တာအောင်မိုးညိုနှင့်အဖွဲ့သည် ယမန်နေ့ (ဇန်နဝါရီ ၁၃) က ရှမ်းပြည်နယ်သို့ ရောက်ရှိခဲ့ပြီး နေ့လယ်ပိုင်းတွင် တအာင်း (ပလောင်) အမျိုးသားပါတီနှင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ (PNO) တို့မှ ကိုယ်စားလှယ်များဖြင့် တောင်ကြီးမြို့ NLD ရုံး၌ တွေ့ဆုံဆွေးနွေးခဲ့သည်။

တအာင်း(ပလောင်)အမျိုးသားပါတီ (TNP) အတွင်းရေးမှူး မိုင်းအုဏ်းခိုင်က ” ပြည်နယ်အစိုးရသော်လည်းကောင်း၊ ပြည်ထောင်စုအစိုးရသော်လည်းကောင်း ဖြစ်မယ်ဆိုရင် ကျွန်တော်တို့ တိုင်းရင်းသားပါတီတွေထဲကလည်း စဉ်းစားပေးဖို့ ဆွေးနွေးတင်ပြခဲ့ပါတယ်” ဟု ပြောသည်။

ထို့ပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ တိုင်းရင်းသားပါတီအပေါ် မူဝါဒသဘောထားအား ပွင့်ပွင့်လင်းလင်း ချပြဆွေးနွေးပေးရန်၊ လွှတ်တော်နှင့်အစိုးရတွင် တိုင်းရင်းသားများ၊ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသခံများ၏ လုပ်ပိုင်ခွင့်ကို တိုးမြှင့်ဖော်ဆောင်ပေးရန်၊ စစ်ဘေးရှောင်များ နေရပ်ပြန်နိုင်ရေးနှင့် ပြန်လည်ထူထောင်ရေးကိစ္စရပ်များကို တင်ပြဆွေးနွေးခဲ့ကြောင်း မိုင်းအုဏ်းခိုင်က ပြောသည်။

ယမန်နေ့က တွေ့ဆုံဆွေးနွေးမှုမှာ “အပြုသဘောဆောင်သည့် တွေ့ဆုံဆွေးနွေးမှုဖြစ်ကြောင်း” မိုင်းအုဏ်းခိုင်က မှတ်ချက်ပြုသည်။

NLD ကိုယ်စားလှယ်အဖွဲ့သည် ရှမ်းပြည်နယ်၊ ကယန်းတိုင်းရင်းသားရေးရာဝန်ကြီးနေရာအတွက် အနိုင်ရထားသည့် ကယန်းအမျိုးသားပါတီနှင့် ယနေ့ နေ့လယ်ပိုင်းတွင် တောင်ကြီးမြို့ NLD ရုံး၌ တွေ့ဆုံဆွေးနွေးခဲ့သည်ဟု ဒေါက်တာအောင်မိုးညိုက ပြောသည်။ 

NLD သည် အနာဂတ်ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ပူးပေါင်းပါဝင်ဆောင်ရွက်ရန် တိုင်းရင်းသား ၄၈ ပါတီကို ရွေးကောက်ပွဲအပြီး နိုဝင်ဘာ ၁၂ တွင် ကမ်းလှမ်းခဲ့သည်။

ထို့နောက် မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နှင့် ဦးအင်ထုံးခါးနော်ဆန်တို့ သုံးဦးကို ဒီဇင်ဘာလလယ်ပိုင်းတွင် တာဝန်ပေးအပ်ခဲ့သည်။ 

တိုင်းရင်းသားပါတီများ၏ တင်ပြဆွေးနွေးချက်များကို ဗဟိုအလုပ်အမှုဆောင်ကော်မတီထံ တင်ပြရမည့် ကိုယ်စားလှယ်အဖွဲ့သည် ကချင်၊ မွန်၊ ကယားပြည်နယ်တို့ကို သွားရောက်ကာ ရွေးကောက်ပွဲအနိုင်ရပါတီများနှင့် တွေ့ဆုံသည့် ခရီးစဉ်ကို ဇန်နဝါရီ ၁ ရက်တွင် စတင်ခဲ့သည်။ 

ကချင်ပြည်နယ်မှ အနိုင်ရပါတီ ၃ ပါတီမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးခဲ့သော်လည်း မွန်ညီညွတ်ရေးပါတီ၊ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီတို့နှင့် တွေ့ဆုံဆွေးနွေးမည့် နေရာညှိနှိုင်းမရသည့်အတွက် ဆွေးနွေးပွဲ ပျက်ခဲ့သည်။ 

ဆွေးနွေးပွဲပျက်ရခြင်းမှာ တွေ့ဆုံမည့်နေရာ ညှိနှိုင်းမရသောကြောင့်ဖြစ်ပြီး NLD က ပါတီရုံး၌သာ တွေ့ဆုံလိုပြီး မွန်ညီညွတ်ရေးပါတီနှင့် ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ တို့က NLD  ပါတီရုံးမဟုတ်သည့် တတိယနေရာတွင်သာ တွေ့ဆုံလိုကြသည်။ 

Show More

Related Articles

Back to top button