
ပြည်ထောင်စုအဆင့်၊ ပြည်နယ်အဆင့် အစိုးရနှင့် လွှတ်တော်တို့တွင် နေရာပေးရန် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) က တောင်းဆိုခဲ့ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဒေါက်တာအောင်မိုးညိုက ပြောသည်။
SNLD မှ ကိုယ်စားလှယ်အဖွဲ့တို့ ယနေ့ ဇန်နဝါရီ ၁၅ နံနက်ပိုင်းတွင် တောင်ကြီးမြို့ ရှိ NLD ပြည်နယ်ရုံး၌ တစ်နာရီကျော်ကြာ တွေ့ဆုံရာတွင် SNLD ပါတီက တောင်းဆိုခဲ့ခြင်းဖြစ်သည်။
” လုပ်ပိုင်ခွင့်ရှိတဲ့ သြဇာအာဏာရှိမှ လုပ်လို့ရမှာဖြစ်တဲ့အတွက်ကြောင့် ပြည်ထောင်စုအဆင့်မှာဖြစ်ဖြစ်၊ ပြည်နယ်အဆင့်မှာဖြစ်ဖြစ်၊ ပြည်နယ်ဆိုတာတော့ ပြည်နယ်အစိုးရတို့၊ ပြည်နယ်လွှတ်တော်မှာ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်ကိုယ်စားလှယ်တွေ၊ အသိပညာရှင်၊ အတတ်ပညာရှင်တွေကို နေရာပေးစေချင်ပါတယ်လို့ အဲ့ဒါလည်းပြောသွားတယ်” ဟု SNLD နှင့် တွေ့ဆုံမှုအပြီး ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဒေါက်တာအောင်မိုးညိုက ပြောသည်။
SNLD သည် ပြည်ထောင်စုအဆင့်လွှတ်တော်တွင် ၁၅ နေရာ၊ ပြည်နယ်အဆင့်လွှတ်တော် ၂၇ နေရာ အနိုင်ရရှိထားပြီး ရွေးကောက်ပွဲတွင် တတိယအများဆုံးအနိုင်ရရှိခဲ့သည့် ပါတီလည်းဖြစ်သည်။
SNLD တွဲဖက်အတွင်းရေးမှူး (၁) စိုင်းကျော်ညွန့်က” ဥပဒေပြုရေးမဏ္ဍိုင်မှာပဲပြောပြော၊ အုပ်ချုပ်ရေးမဏ္ဍိုင်မှာပဲပြောပြော၊ ပူးပေါင်းဆောင်ရွက်ဖို့ဆိုရင်တော့ တာဝန်တွေ ခွဲဝေတာတော့ ရှိရမှာပဲလေ။ အဲ့ဒီအပိုင်းကိုတော့ ယေဘုယျ ဆွေးနွေးခဲ့တာ ရှိပါတယ်” ဟု Myanmar Now ကို ပြောသည်။
အစိုးရနှင့် လွှတ်တော်ဖွဲ့ရေးတွင် ပါဝင်မည့် နေရာကိစ္စနှင့်ပတ်သက်ပြီး ” နောက်တစ်ဆင့်မှာ အသေးစိတ် ဆွေးနွေးနိုင်လိမ့်မယ်လို့ မြင်ပါတယ်” ဟု စိုင်းကျော်ညွန့်က ဆိုသည်။
NLD သည် ရှမ်းပြည်နယ်လွှတ်တော်တွင် ၃၃ နေရာ အနိုင်ရထားပြီး SNLD က ၂၆ နေရာ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ၂၅ နေရာနှင့် ကျန်တိုင်းရင်းသားပါတီများက နေရာ ၂၀ နီးပါး အနိုင်ရရှိထားသည်။
၂၀၁၅ ရွေးကောက်ပွဲအပြီးတွင် NLD က ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးနေရာအတွက် ကမ်းလှမ်းခဲ့သော်လည်း SNLD က ငြင်းဆန်ခဲ့သည်။
ယနေ့ တွေ့ဆုံပွဲအတွင်း အမျိုးသားညီညွတ်ရေး၊ ငြိမ်းချမ်းရေးတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ ပြည်ထောင်စုတည်ဆောက်ရေးအတွက် SNLD ၏ မူဝါဒ၊ သဘောထားများကို ဆွေးနွေးခဲ့ကြောင်း စိုင်းကျော်ညွန့်က ဆိုသည်။
NLD ကိုယ်စားလှယ်အဖွဲ့နှင့် ဆွေးနွေးပွဲပျက်ခဲ့ရသည့် မွန်ညီညွတ်ရေးပါတီ၊ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီတို့နှင့် ဆွေးနွေးပွဲပြန်လည်ပြုလုပ်နိုင်ရေး ကြားဝင်ညှိနှိုင်းပေးရန် SNLD က ကမ်းလှမ်းခဲ့သည်။
” ဆွေးနွေးပွဲအဆင်မပြေခဲ့တဲ့ မွန်တို့၊ ကယားတို့ ဖြစ်နိုင်ရင် နည်းလမ်းရှာပြီး ပြန်လုပ်ဖို့ တိုက်တွန်းခဲ့တာရှိတယ်။ တကယ်လို့ လိုအပ်တယ်ဆိုရင် SNLD က ကူညီဆောင်ရွက်သွားဖို့ အဆိုပြုခဲ့တာရှိပါတယ်” ဟု စိုင်းကျော်ညွန့်က ပြောသည်။
ဒေါက်တာအောင်မိုးညို ဦးဆောင်သည့် NLD ကိုယ်စားလှယ် ၃ ဦးအဖွဲ့သည် ပါတီဗဟိုအလုပ်အမှုဆောင် ညွှန်ကြားချက်အတိုင်း NLD ပြည်နယ်ရုံးများ၌ တွေ့ဆုံ ဆွေးနွေးရန် စီစဉ်ခဲ့ပြီး တိုင်းရင်းသားပါတီများကမူ နှစ်ဖက်ပါတီရုံး မဟုတ်သည့် တတိယနေရာတွင် အဆိုပြုခဲ့ကြသည့်အပေါ် ညှိနှိုင်းမရသည့်အတွက် ဆွေးနွေးပွဲ ပျက်ခဲ့သည်။
NLD မှ အဆင့်မြင့်တာဝန်ရှိသူတစ်ဦးနှင့် SNLD ခေါင်းဆောင်ပိုင်းတို့ ဇန်နဝါရီ ၇ ရက်နေ့တွင် တွေ့ဆုံမှုနှင့် ယမန်နေ့က တောင်ကြီးမြို့တွင် ပါတီကိုယ်စားလှယ်များ အလွတ်သဘောတွေ့ဆုံဆွေးနွေးမှုများအပြီးတွင် NLD ပါတီရုံးတွင် တွေ့ဆုံဆွေးနွေးရန် SNLD က သဘောတူခဲ့သည်။
ယနေ့ နှစ်ပါတီတွေ့ဆုံဆွေးနွေးမှုသည် ရှေ့ဆက်ဆွေးနွေးရန် လမ်းစပွင့်သွားသည့်အတွက် “ကောင်းမွန်သည့် တွေ့ဆုံမှု” ဟု စိုင်းကျော်ညွန့်က မှတ်ချက်ပြုသည်။
ဒေါက်တာအောင်မိုးညိုဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ဇန်နဝါရီ ၁၃ ရက်နေ့တွင် ရှမ်းပြည်နယ်သို့ ရောက်ရှိခဲ့ပြီး သုံးရက်တာအတွင်း အနိုင်ရ တိုင်းရင်းသားပါတီ ၇ ခုနှင့် တွေ့ဆုံခဲ့သည်။
ယနေ့မနက်ပိုင်း အစောပိုင်းတွင် ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ၊ ဝအမျိုးသားပါတီ၊ လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီတို့နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
တိုင်းရင်းသားပါတီများ၏ တင်ပြဆွေးနွေးချက်များကို ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီထံ ဇန်နဝါရီ ၁၆ တွင် တင်ပြမည်ဖြစ်ကြောင်း ကိုယ်စားလှယ်အဖွဲ့ဝင် ဦးအင်ထုံးခါးနော်ဆန်က ပြောသည်။
အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ပူးပေါင်းပါဝင်ရန် ရွေးကောက်ပွဲအပြီး နိုဝင်ဘာ ၁၂ ရက်နေ့တွင် NLD က တိုင်းရင်းသားပါတီ ၄၈ ခုကို ကမ်းလှမ်းခဲ့သည်။
ထို့နောက် ဒီဇင်ဘာလလယ်ပိုင်းတွင် မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နှင့် ဦးအင်ထုံးခါးနော်ဆန်တို့ကို တိုင်းရင်းသားပါတီများနှင့် သွားရောက်တွေ့ဆုံပြီး ဆွေးနွေးချက်များကို မှတ်သားခဲ့ရန် တာဝန်ပေးအပ်ခဲ့သည်။