
နေပြည်တော် – စစ်အုပ်ချုပ်ရေး စနစ်အောက် ဆယ်စုနှစ်များစွာ ကျရောက်ခဲ့ပြီးနောက် ဗုဒ္ဓဟူးနေ့တွင် နိုင်ငံ၏ သမိုင်းစာမျက်နှာသစ်တစ်ခု ဖွင့်လှစ်ပြီး ၁၉၆၂ နောက်ပိုင်း ပထမဆုံး ဒီမိုကရေစီနည်းဖြင့် တက်လာသော အရပ်သား သမ္မတသစ် ဦးထင်ကျော်၊ ဒုသမ္မတများ၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အစိုးရအဖွဲ့ဝင် ဝန်ကြီး ၁၈ ဦးတို့ ကျမ်းသစ္စာ ကျိန်ဆိုလိုက်ကြသည်။
ကျမ်းသစ္စာကျိန်ဆိုပြီးနောက် ပြောကြားသည့်သမ္မတဦးထင်ကျော်၏မိန့်ခွန်းတွင် အစိုးရသစ်သည် အမျိုးသားရင်ကြားစေ့ရေး ၊ ပြည်တွင်းငြိမ်းချမ်းရေးတို့ကို ဆောင်ရွက်သွားမည်ဟု ထည့်သွင်း ပြောကြားသွားသည်။
“နိုင်ငံတော်နဲ့သင့်တော်မယ့် ဒီမိုကရေစီ စံချိန်စံညွှန်းများနဲ့ကိုက်ညီတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် ဖြစ်ပေါ်လာရေးအတွက်လည်း ဆောင်ရွက်ရမယ့် တာဝန်ရှိပါတယ်” ဟု ပင်နီတိုက်ပုံဝတ်ထားသော သမ္မတသစ် ဦးထင်ကျော်က ပြောသည်။
အာဏာရှင်ခေတ်အဆက်ဆက် ဖိနှိပ်ခံခဲ့ရသည့် ပြည်သူများသည် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၂ဝ၁၅ နိုဝင်ဘာလ ရွေးကောက်ပွဲတွင် အနိုင်ရပြီးနောက် ယခုအချိန်ကာလကို စိတ်လှုပ်ရှားဖွယ်ရာ စောင့်ဆိုင်းခဲ့ရသည်။
အရပ်သားသမ္မတသစ် ကျန်းသစ္စာကျိန်ဆိုမည့်နေ့ကို စောင့်မျှော်သူ အများအပြားထဲတွင် NLD ကို ထောက်ခံသည့် ရန်ကုန်မြို့မှ အငှားယာဉ်မောင်း ကိုမင်းသူရစိုးလည်း ပါဝင်သည်။
“ပြီးခဲ့တဲ့ လတွေကတော့ ဘောလုံးပွဲတစ်ပွဲရဲ့ နောက်ဆုံး အချိန်တွေလိုပါပဲ၊ ဒိုင်လူကြီးခရာတွတ်သံကိုပဲ နားစွင့်နေရ၊ စိတ်လှုပ်ရှားခဲ့ရတာပေါ့” ဟု ကိုမင်းသူရစိုးက Myanmar Now ကို ပြောသည်။
“တကယ့်ကို အရေးကြီးတဲ့ အချိန်ပါပဲ”
ယနေ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးသို့ ဌာန ၄ ခု၏ ဝန်ကြီးအဖြစ် ကျမ်းသစ္စာကျိန်ဆိုမည့် ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိလာစဉ် NLD မှ လွှတ်တော်အမတ်များက မတ်တတ်ရပ်ပြီး အရိုအသေပြုကြသည်ကို တွေ့ရသည်။
သမ္မတသစ်ကျမ်းသစ္စာကျိန်ဆိုပွဲ တက်ရောက်ရသည်မှာ ကြည်နူးဖွယ်ကောင်းသည်ဟု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အမတ်တစ်ဦးဖြစ်သော ဦးစိုင်းထွန်းစိန်က ပြောသည်။
“တိုင်းပြည်အရေးနဲ့ ပတ်သက်ရင် ကျွန်တော်တို့က ပါတီဘာညာ မခွဲဘူးလေ။ တိုင်းပြည်ကောင်းစားဖို့ဆိုရင် အားလုံး လက်ခံကြိုဆိုတယ်၊ ဦးထင်ကျော်ကိုလည်း လက်ခံတယ်” ဟု မိုင်းပျဉ်း မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းထွန်းစိန်က Myanmar Now ကို ပြောသည်။

ကျမ်းသစ္စာကျိန်ဆိုပွဲသို့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်လည်း ရောက်လာပြီး အခြေခံဥပဒေအရ လွှတ်တော်တွင် အချိုးကျပါဝင်ခွင့်ရကြသော တပ်မတော်သားကိုယ်စားလှယ် စစ်အရာရှိ အများအပြားလည်း တက်ရောက်ကြသည်။
“ပြည်သူတွေ ဘယ်လိုခံစားနေကြလဲ၊ ကျွန်တော်တို့လည်း ပြည်သူတွေ ခံစားကြရတဲ့အတိုင်း ခံစားကြရပါတယ်။ ပြည်သူတွေနဲ့ အတူတူပါပဲ” ဟု အမည်မဖော်လိုသူ တပ်မတော်သားကိုယ်စားလှယ်တစ်ဦးက ပြောသည်။
ခရီးရှည်၏ အစ
NLD အစိုးရအတွက်မူ ဤအချိန်သည် ဆင်းရဲမွဲတေမှု၊ အကျင့်ပျက်ခြစားမှု၊ မှားယွင်းသည့် စီးပွားရေးစီမံခန့်ခွဲမှုများအတွက် နစ်မြုပ်နေသည့် မြန်မာနိုင်ငံအား ပြန်လည်ထူထောင်ရေး ခရီးရှည်အတွက် အစပိုင်းသာဖြစ်သည်။
NLD သည် လွှတ်တော်အတွင်း ကိုယ်စားလှယ်အရေအတွက်၂၅ ရာခိုင်နှုန်း နေရာယူထားပြီး အရေးကြီး ဝန်ကြီးဌာနသုံးခုကို ချုပ်ကိုင်ထားသည့် တပ်မတော်နှင့်လက်တွဲကာ ဆက်လက်လုပ်ဆောင်နေရဦးမည်။ လေ့လာစောင့်ကြည့်သူများက တပ်မတော်သည် ဒေါ်အောင်ဆန်းစုကြည်ကို ရန်လိုနေဆဲဖြစ်ကြောင်း သုံးသပ်ကြသည်။
အောက်တိုဘာလအတွင်းက တစ်နိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ကို လူသိရှင်ကြား လက်မှတ်ရေးထိုးခဲ့သော်လည်း ယခုအခါ စာချုပ်အတိုင်း လိုက်နာမှုတွင် အားနည်းလာသည်။ စစ်တပ် ထောက်ခံသည့် ယခင်အစိုးရလက်ထက်က ပေါ်ပေါက်ခဲ့သော အဆိုပါသဘောတူစာချုပ် အပါအဝင် ငြိမ်းချမ်းရေးတည်ဆောက်မှုလုပ်ငန်းစဉ်များကို ယခုအစိုးရက ဆက်လက် အကောင်အထည်ဖော်ရမည်ဖြစ်သည်။
‘ပြောင်းလဲချိန်တန်ပြီ’ ဆောင်ပုဒ်ဖြင့် မဲဆွယ်စည်းရုံးခဲ့သည့် NLD ဒီပါတီအနေဖြင့် ဝန်ကြီးအဖွဲ့ရွေးချယ်ရာ၌ ဝေဖန်မှုများကို စတင်ကြုံတွေ့လာရပြီဖြစ်သည်။ ရွေးချယ်ရာတွင် ပွင့်လင်းမြင်သာမှု မရှိခြင်း၊ ဝန်ကြီးနှစ်ဦး၏ ဒေါက်တာဘွဲ့အတုများ ထွက်ပေါ်လာခြင်းတို့ကြောင့် NLD ၏ ဝန်ကြီးများနှင့်ပတ်သက်သည့် အရည်အချင်းများကို စောင့်ကြည့်ဝေဖန်သူများက မေးခွန်းထုတ်လာကြသည်။
NLD က ပြည်နယ်/တိုင်း ဝန်ကြီးချုပ် အမည်များ လွှတ်တော်တွင် အဆိုတင်သွင်းမှု မပြုခင် တိုင်းရင်းသားနိုင်ငံရေးပါတီတို့နှင့် ဆွေးနွေးမှုမရှိခြင်း၊ ဗဟိုအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်/တိုင်း ဝန်ကြီးချုပ်များအတွက် နေရာစုစုပေါင်း ၃၂ နေရာတွင် အမျိုးသမီး ၃ ဦးသာ ပါဝင်ခြင်းတို့ကြောင့် ဝေဖန်ခံနေရပြီဖြစ်သည်။
ဝေဖန်ခံနေရသည် ဆိုသော်လည်း NLD အစိုးရသစ်နှင့် ပတ်သက်ပြီး အကောင်းဆုံးကို မျှော်လင့်သည်ဟု ကိုးကန့်ဒီမိုကရက်တစ်ပါတီမှ ကွမ်းလုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရန်ကျင်းကန်က ပြောသည်။
“လတ်တလော ဖြေရှင်းစရာတွေကတော့ အများကြီးပါ။ ကျောင်းသား၊ နိုင်ငံရေးအကျဉ်းသား၊ ငြိမ်းချမ်းရေး (ဖော်ဆောင်မှု) ဒါတွေက အရေးကြီးပါတယ်” ဟု ဦးရန်ကျင်းကန်က ပြောသည်။

သမ္မတသစ်၏ ပထမဆုံးမိန့်ခွန်းကို ရုပ်မြင်သံကြားက တိုက်ရိုက်ထုတ်လွှင့်ရာ နိုင်ငံအနှံ့အပြားမှ ပြည်သူများ စောင့်ကြည့်ခဲ့ကြသည်။
ခပ်တိုတိုပြောကြားသွားသည့်မိန့်ခွန်းတွင် အခြေခံဥပဒေပြင်ဆင်ရေးကိုလည်း ဦးစားပေး လုပ်ငန်းအဖြစ် ထည့်သွင်း ပြောဆိုသွားသည်။
“နှစ်ရှည်လများ ပြည်သူလူထု လိုလားတောင့်တနေတဲ့ ဒီနိုင်ငံရဲ့ရည်မှန်းချက် အကောင်အထည်ဖော်လာစေရန် စိတ်ရှည်သည်းခံပြီး ဆောင်ရွက်သွားရမှာကိုလည်း နားလည်ထားပါတယ်” ဟု သမ္မတသစ်က ပြောသည်။
သမ္မတ ကျမ်းသစ္စာ ကျိန်ဆိုပွဲသို့ တက်ရောက်လာသူများထဲတွင် NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်းလည်း ပါဝင်သည်။
“တစ်သက်လုံး ဒီလိုနေ့မျိုးကို မျှော်လင့်နေခဲ့တာ၊ အဝမ်းသာဆုံးနေ့တစ်နေ့ပါ။ ကျွန်တော်တို့ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို မယိမ်းမယိုင်၊ ဖြောင့်ဖြောင့်တန်းတန်းရောက်ဖို့ လိုပါတယ်။ အနှောင့်အယှက်ကတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေပါပဲ” ဟု ဦးဉာဏ်ဝင်းက ပြောသည်။
ကျမ်းသစ္စာကျိန်ဆိုပွဲပြီးသည့်နောက်တွင် သမ္မတသစ် ဦးထင်ကျော်၊ ဒုသမ္မတများ၊ ဗဟိုအစိုးရအဖွဲ့ဝင်သစ်များသည် သမ္မတအိမ်တော်သို့ သွားရောက်ပြီး ဦးသိန်းစိန်အစိုးရအဖွဲ့နှင့် တွေ့ဆုံကာ အာဏာလွှဲပြောင်းရေးအခမ်းအနားကို အကျဉ်းချုံး ပြုလုပ်ကြသည်။ ။