
နေပြည်တော် – ပြန်လည်စတင်သည့် လွှတ်တော်တွင် မျှော်လင့်ချက်များ ရှိလာသည်ဟု ရှမ်းပြည်နယ် မြောက်ပိုင်း မိုင်းရယ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ထပ်မံရွေးကောက်ခံထားရသူ ဦးစိုင်းသီဟကျော်က ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ၏ တိုင်းရင်းသားရေးရာဝန်ကြီးဌာန၊ ပြည်နယ်/တိုင်း ဝန်ကြီးချုပ်များ ခန့်အပ်သည့် မူဝါဒတို့နှင့် ပတ်သက်၍မူ မေးခွန်းထုတ်လိုသည်ဟု သူက ဆိုသည်။
မကြာသေးမီက နေပြည်တော်တွင် Myanmar Now နှင့် တွေ့ဆုံစဉ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) မှ ၄၁ နှစ်အရွယ် ဦးစိုင်းသီဟကျော်က တိုင်းရင်းသားအရေး၊ လွှတ်တော်တွင်း လွှတ်တော်ပ နိုင်ငံရေး၊ ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၊ ရှမ်းပြည်နယ်ဖွံ့ဖြိုးရေးအစီအစဉ်တို့အကြောင်း ပြောပြထားသည်။
မေး – ပြည်သူ့လွှတ်တော်မှာ ဘာတွေ အပြောင်းအလဲရှိတယ်လို့ သုံးသပ်ချင်ပါသလဲ။
ဖြေ – ပထမအကြိမ်လွှတ်တော်မှာ ကျွန်တော်တို့အတွက် ပေါ့ပေါ့ပါးပါးလေး သွားနေရတဲ့အနေအထား။ အခြေအနေအရသာ ရွေးကောက်ပွဲဝင်ပြီး လွှတ်တော်ထဲရောက်လာတယ်၊ သိပ်ကြီးကြီးမားမား မျှော်လင့်ထားတာမရှိဘူး။ ဒါပေမယ့် ဒီဒုတိယအကြိမ် လွှတ်တော်မှာ မျှော်လင့်ချက်တွေ ရှိလာတယ်။ နည်းနည်းလေး စိတ်ဝင်စားစရာကောင်းတဲ့၊ စိတ်လှုပ်ရှားစရာ ကောင်းတဲ့အခင်းအကျင်းမျိုး ပေါ်ပေါက်လာတာပေါ့။ ကွာခြားချက်က ဒါပါပဲ။
မေး – မျှော်လင့်ချက်ဆိုတာ ဘာကိုပြောတာလဲ။
ဖြေ – တိုင်းရင်းသားတွေရဲ့အဓိက မျှော်လင့်ချက်ဖြစ်တဲ့ တန်းတူညီမျှမှု အခွင့်အရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ဖက်ဒရယ်အရေး ကိစ္စတွေပါ။ ဒါတွေကိုဦးတည်ပြီးသွားဖို့ဆိုတာက ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်မှရမယ်။ ပြင်မယ်ဆိုရင် လွှတ်တော်ထဲမှာ ပြင်လို့ရတာနဲ့ လွှတ်တော်ပြင်ပကတစ်ဆင့် ထိရောက်အောင်၊ နိုင်ငံရေးတွေ့ဆုံညှိနှိုင်းမှု၊ နောက် … ပြည်တွင်း ငြိမ်းချမ်းရေးကိစ္စတွေကနေတစ်ဆင့် ညှိနှိုင်းဆောင်ရွက်ရင်း ရလာတဲ့ နိုင်ငံရေးဆွေးနွေးပွဲ အကျိုးအမြတ်ကနေမှတစ်ဆင့် ဖွဲ့စည်းပုံကိုပြင် ဆိုတာမျိုးတွေ ရှိတာပေါ့။ ပြီးခဲ့တဲ့တစ်ခေါက် ကျွန်တော်တို့တွေ လွှတ်တော်ထဲဝင်လာတော့ ဒီအပေါ်မှာ သိပ်မျှော်လင့်မထားနိုင်ဘူးပေါ့။ လွှတ်တော်ထဲမှာဝင်ပြင်ရအောင်လည်း ကျွန်တော်တို့က ပြင်နိုင်လောက်တဲ့ အင်အားမရှိဘူး။ အခုတော့ နိုင်ငံရေးဆွေးနွေးပွဲဆိုတာကလည်း အတော်အတန်ရောက်လာပြီ။ တစ်နိုင်ငံလုံး အနိုင်ရရှိတဲ့ NLD ကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်မယ်ဆိုပြီး ကြွေးကြော်ပြီး လွှတ်တော်ထဲရောက်လာတဲ့အဖွဲ့အစည်း။ အဲဒါကြောင့်မို့လို့ ဒီတစ်ခေါက်မှာ မျှော်လင့်ချက်ရှိတယ်ဆိုတဲ့ခံစားချက်နဲ့ လွှတ်တော်ကို တက်လာတာပါ။
မေး – လွှတ်တော်မှာအရင်က USDP (ပြည်ခိုင်ဖြိုးပါတီ) အားကြီးတယ်၊ အခု NLD အားကြီးတယ်။ ဒါနဲ့ ပတ်သက်ပြီး စိုးရိမ်မိတာ ရှိသလား။
ဖြေ – အထိုက်အလျောက်တော့ စိုးရိမ်တယ်လို့ပြောရမှာပဲ။ အရင်တုန်းက USDP အင်အားကြီးတဲ့ အနေအထားမှာ သူဘယ်လောက်ထိ ပြောင်းလဲချင်တဲ့စိတ်ဆန္ဒရှိမလဲ၊ လုပ်ရောလုပ်ပါ့မလား၊ ဘယ်လိုပဲဖြစ်ဖြစ် သွားကြည့်မယ် ဆိုတဲ့ပုံစံမျိုးနဲ့သွားတာ။ ဒီတစ်ခေါက်တော့ NLD က နည်းနည်းလေးစလှမ်းတဲ့ အစပိုင်းလေးမှာ ဖွဲ့စည်းပုံဆိုင်ရာ ကိစ္စရပ်တွေမှာ နည်းနည်းအငြင်းပွားစရာ၊ ငြင်းခုံစရာ ကြားလာရတယ်။ သူလုပ်ချင်ကိုင်ချင်တဲ့ပုံစံကို ပုံဖော်နေတာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဝန်ကြီးချုပ်(တာဝန်)တွေကို သက်ဆိုင်ရာ တိုင်းဒေသကြီး ပြည်နယ် (အခြေစိုက် ပါတီတွေ)က ပုဂ္ဂိုလ်တွေကို ပေးသင့်တယ်ဆိုတဲ့ အမြင်တွေ ထွက်လာတဲ့အခါမှာ သူ့ပါတီထဲက လူတွေကိုပဲ ပေးပါ့မယ်ဆိုတဲ့ပုံစံတွေ ဖြစ်လာတယ်။ ဖွဲ့စည်းပုံကို လက်မခံဘူး ဆိုတဲ့ ပါတီက ဖွဲ့စည်းပုံနဲ့ပဲကိုင်ပြီးသွားမယ့် အခြေအနေမျိုးဖြစ်လာတော့ နည်းနည်း စိုးရိမ်လာပြီ။
မေး – အမျိုးသားရင်ကြားစေ့ရေးလို့ NLD က ပြောတဲ့အတိုင်း လွှတ်တော်မှာရော၊ အုပ်ချုပ်ရေးပိုင်းမှာရော ကရင်၊ ကချင်၊ ချင်း၊ ရခိုင် စသည်ဖြင့်ကို တာဝန်ပေးတယ်။ လစ်လပ်နေတဲ့ထဲမှာ ရှမ်းလူမျိုးစု ပါဝင်နေပါတယ်။
ဖြေ – ကျွန်တော်တို့နဲ့မဟာမိတ်သဘောမျိုးရှိနေတဲ့ NLD က အပြတ်အသတ်အနိုင်ရတဲ့အချိန်မှာ ကျွန်တော်တို့ကို နေရာပေးသင့်တယ်လို့ အများစုက မြင်သွားတယ်။ NLD အနေနဲ့လည်း ပြည်ထောင်စုအစိုးရအဖွဲ့မှာ ပါဝင်ဖို့၊ ပြည်နယ်မှာလည်းပါဝင်ဖို့ တကယ် ကမ်းလှမ်းခဲ့ပါတယ်။ ကျွန်တော်တို့ပါတီ အဆင်သင့်မဖြစ်သေးတဲ့ အခြေအနေတစ်ခုလည်း ရှိနေသေးတာမို့ ငြင်းပယ်လိုက်ရတယ်ဆိုတာလည်း ကြားကြမှာပါ။ သို့သော်လည်း ရုံးချုပ်ကလည်း လွှတ်တော် အသီးသီးမှာ ရှိနေတဲ့ NLD အမတ်တွေနဲ့ ကျွန်တော်တို့ SNLD အမတ်တွေ ပူးပေါင်းဆောင်ရွက်ကြပါလို့ မှာကြားထားပါတယ်။ NLD အပေါ်မှာ ဘာမှ သဘောထားမရှိပါဘူး။ အားလုံးကို နားလည်နိုင်တဲ့အနေအထားပါ။
မေး – ရှမ်းပြည် ရွေးကောက်ပွဲနိုင်သူတွေထဲမှာ ဒီမိုကရေစီလမ်းကြောင်းကို ဆန့်ကျင်ခဲ့သူ၊ ပြည်သူ့စစ်တွေနဲ့ ဆက်နွှယ်နေတဲ့သူတွေ ပါလာပါတယ်။ ဒါက ဒေသတိုးတက်ရေးအတွက် အခက်အခဲဖြစ်နေမလား။
ဖြေ – ကျွန်တော်တော့ အဲဒီလိုမထင်ဘူး။ အရင်တုန်းကလည်း စစ်အစိုးရအုပ်ချုပ်ခဲ့တယ်။ ပြီးတော့ USDP ဆက်ပြီး အုပ်ချုပ်ခဲ့တာပဲ။ ထူးထူးခြားခြားပြောင်းလဲသွားတာ မတွေ့ရဘူး။ နဂိုကတည်းကလည်း တိုက်ပွဲတွေ ဖြစ်နေတယ်၊ ဆက်လည်းဖြစ်နေတာပဲ၊ ပိုတောင်တိုးလာသလားလို့တောင် ထင်ရတယ်။ အဲဒီတော့ ကျွန်တော်တို့အနေနဲ့ သိပ်မခံစားရဘူး။
မေး – ဒီတိုက်ပွဲတွေကြောင့် မကြာခင်ကပဲ စစ်ပြေးဒုက္ခသည် အများအပြား ထပ်ပြီး ထွက်ပေါ်လာတယ်။ တကယ်ငြိမ်းချမ်းအောင် ဘာတွေလုပ်ဖို့လိုမလဲ။
ဖြေ – ဘာဖြစ်လို့ နှစ်ပေါင်းများစွာ တောထဲမှာနေပြီးတော့ လက်နက်ကိုင်တော်လှန်ခဲ့ကြသလဲ ဆိုတာကို ပြန်ကြည့်ဖို့လိုမယ်။ လက်နက်ကိုင်အဖွဲ့တွေ တောင်းဆိုနေတာ စစ်မှန်တဲ့ ဖက်ဒရယ်စနစ်ပဲ။ ဒါကို ဘာလို့ပြန်တောင်းနေကြသလဲဆိုရင် အခုလက်ရှိအနေအထားနဲ့ ချိန်ထိုးစဉ်းစားလိုက်ရင် ပိုပြီးထင်ရှားမယ်။ ရှမ်းပြည်နယ်ကိုဥပမာပေးပြီးပြောရရင် ကျွန်တော်တို့ကို အားလုံးကမဲပေးလို့ အပြတ်အသတ်အနိုင်ရတယ် ဆိုပါစို့၊ ကျွန်တော်တို့ ဝန်ကြီးချုပ်ခန့်နိုင်ပါ့မလား။ ခန့်မယ်၊ မခန့်ဘူးဆိုတာ သမ္မတလက်ထဲမှာရှိတယ်ဆိုတော့ အခြေခံဥပဒေက ပြောင်းရမယ်။ တကယ့် ဖက်ဒရယ်စနစ် သွားဖို့ဆိုတာက ဗဟိုအစိုးရ တာဝန်၊ ပြည်နယ်အစိုးရတာဝန် ကွဲကွဲပြားပြား သတ်မှတ်ပြဋ္ဌာန်းထားနိုင်မှဖြစ်ပါမယ်။ ကျွန်တော်တို့ဟာ (ရှမ်းပြည်နယ်မှာ) ရွေးကောက်ပွဲ landslide (အပြတ်အသတ်) အနိုင်ရရင်တောင်မှ ကျွန်တော်တို့ (ပြည်နယ်) အစိုးရမဖွဲ့နိုင်ပါဘူး။ အဓိကပြဿနာက ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်သွားပြီ၊ ဘာဖြစ်လို့ အဲဒီကိုပဲ ဦးတည်သလဲဆိုတာ သိလောက်ပါပြီ။
မေး – တရားဥပဒေစိုးမိုးရေးကို အလေးထားတယ်ဆိုတဲ့ NLD က အစိုးရဖွဲ့ပြီးနောက်ပိုင်းမှာ တပ်မတော်ရဲ့ထိန်းချုပ်မှုအောက်မှာရှိတဲ့ ပြည်သူ့စစ်အဖွဲ့တွေကို ဘယ်လို ကိုင်တွယ်မလဲ။
ဖြေ – တရားဥပဒေစိုးမိုးရေးဆိုတာ ပြောရတာတော့… လွယ်တယ်၊ အကောင်အထည်ဖော်တဲ့အခါမှာ အခက်အခဲဖြစ်ပါတယ်။ လက်နက်ကိုင်အဖွဲ့ ကြီးစိုးတဲ့ နေရာတွေမှာ တရားဥပဒေက မကြီးစိုးနိုင်ပါဘူး။ ပြည်သူ့စစ်တပ်ဖွဲ့တွေထက် နိုင်ငံရေးယုံကြည်ချက်နဲ့လုပ်ကိုင်နေတဲ့ လက်နက်အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးဖို့လိုမယ်။ ပြည်သူ့စစ်တပ်ဖွဲ့ဆိုတာက အခုဆိုရင် တပ်မတော်ရဲ့ကွပ်ကဲမှုအောက်ကိုရောက်နေပါပြီ။ အဲ… သူတို့က ပြည်သူအပေါ် အနိုင်ကျင့်တယ်ဆိုရင်တော့ တပ်က တာဝန်မကင်းဘူးလို့ပဲ ပြောရမှာပဲ။
မေး – ငြိမ်းချမ်းရေးလမ်းကိုရော NLD အစိုးရ ဘယ်လိုဆက်ပြီးလျှောက်သင့်တယ်လို့ ထင်ပါသလဲ။
ဖြေ – သမ္မတထက် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဖြေရှင်းမှဖြစ်မယ့်ကိစ္စလို့ ထင်တယ်။ အဖွဲ့အချင်းချင်းတွေ့တဲ့အခါမှာ တကယ့် ဆုံးဖြတ်ချက်ချနိုင်မယ့်ပုဂ္ဂိုလ်တွေ ပါဝင်ဖို့ လိုပါတယ်။ အခု NCA (တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ်) အဆင့်အထိ ရောက်ခဲ့ပြီးပြီ။ ဒီ NCA ကို အစိုးရအသစ်က လက်ခံနိုင်မလား၊ ပြင်ရင်ရော လက်နက်ကိုင် အဖွဲ့တွေက လက်ခံနိုင်မလား။
မေး – ရှမ်းပြည်တိုးတက်ဖွံ့ဖြိုးဖို့ လာမယ့် ၅နှစ်အတွင်းမှာ ဘာတွေလုပ်ဖို့လိုမလဲ။
ဖြေ – ပညာရေးစနစ် နိမ့်ကျခဲ့တယ်၊ မူးယစ်ဆေးဝါး ပြဿနာတွေ ကြီးထွားခဲ့တယ်၊ ပြည်နယ်ထဲက လူတော်တော်များများက တစ်ဖက်နိုင်ငံ (ထိုင်းတို့၊ တရုတ်တို့ကို) ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ ထွက်သွားတာ သန်းချီရှိနေတယ် ဆိုတော့ လူဦးရေလည်း တော်တော်လျော့နေပြီ။ စီးပွားရေးအခွင့်အလမ်းတွေ၊ ဆက်သွယ်ရေးတွေ
ကောင်းအောင် လုပ်ပေးလာနိုင်မယ်ဆိုရင်တော့ အထိုက်အလျောက်တော့ ဖွံ့ဖြိုးလာလိမ့်မယ်။ ဒီဟာတွေကို မြှင့်တင်နိုင်ပြီဆိုရင် ပညာရေး၊ ကျန်းမာရေးက ပါလာပါလိမ့်မယ်။ သူတို့ရှာဖွေစားသောက်ဖို့ပဲ ရုန်းကန်နေရမယ်ဆိုရင် ကျောင်းမလာဘူး၊ လုံးချာလည်လိုက်နေမှာ။ ဒါပေမယ့် ဒါဟာ ရေတိုဖြေရှင်းနည်း၊ ၅နှစ်တာ လုပ်နိုင်တဲ့နည်းလမ်း။ ရေရှည်အတွက်၊ အဘက်ဘက်က ကောင်းအောင် စွမ်းဆောင်နိုင်ဖို့က အဓိကပြဿနာကို ကိုင်တွယ်နိုင်မှ။ အဲဒီ အဓိက ပြဿနာက ငြိမ်းချမ်းရေးပါပဲ။
မေး – ကချင်ပြည်နယ်ပြီးရင် ရှမ်းပြည်နယ်က ရေကာတာ၊ ဆည် စီမံကိန်းတွေနဲ့ ပတ်သက်ပြီး ပြဿနာဖြစ်လာနိုင်မယ့် ဒေသလို့ ပြောနေကြပြီ။ အစိုးရသစ်က ဒီကိစ္စတွေကို ဘယ်လိုကိုင်တွယ်သင့်သလဲ။
ဖြေ – စိတ် စေတနာကောင်းဖို့၊ စေတနာမှန်ဖို့ လိုပါတယ်။ ရေကာတာလုပ်တာမှန်ပေမဲ့ လုပ်နည်းလုပ်ဟန် လွဲနေတယ်။ ပြည်သူတွေအားလုံးက မကျေနပ်၊ လက်မခံချင်ဘူး။ ရေကာတာကျိုးပေါက်လို့ ဒုက္ခရောက်မယ်ဆိုရင် ပြည်သူတွေပဲ ထိခိုက်မှာ။ စေတနာအမှန်နဲ့ လုပ်ပေးချင်တယ်ဆိုရင် သဘာဝပတ်ဝန်းကျင်၊ မြစ်ကြောင်းတွေ အားလုံးကို မထိခိုက်အောင် လုပ်ရမယ့်နည်းတွေ အများကြီးပါ။ လျှပ်စစ်မီးလိုချင်တာမှန်တယ်၊ ဒါပေမယ့် ကိုယ့်အသက်အိုးအိမ်တွေနဲ့ ရင်းပြီးမှရမယ်ဆိုရင် မယူတော့ဘဲ အမှောင်ထဲပဲနေမယ်။
မေး – နိုင်ငံရဲ့ အရေးပါတဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီ (ကာလုံ) မှာ NLD က စစ်တပ်ထက် အင်အား နည်းနေတာကို တွေ့ရတယ်။
ဖြေ – ဒါက ဖွဲ့စည်းပုံနဲ့ဆိုင်တယ်။ တပ်ရဲ့စီမံခန့်ခွဲခွင့် အားလုံးကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို ပေးပြီးသား၊ သမ္မတတောင် ပြောလို့မရဘူး။ ဒါ့ကြောင့် ကာလုံကို ကျွန်တော်တို့အမြင်အရ သိပ်ပြီးတော့ တိုင်းပြည်ကို မောင်းနှင်မယ့်အဖွဲ့မဟုတ်ဘူး။ တကယ်မောင်းရမှာက အစိုးရအဖွဲ့ပဲ။ အရေးပေါ်ဆိုင်ရာ ပြဋ္ဌာန်းချက်တွေမှာ၊ နိုင်ငံခြားနဲ့ စစ်ဖြစ်မယ့်ကိစ္စတွေမှာ ကာလုံကဏ္ဍ အရေးပါလာမှာ၊ တခြားအချိန်တွေကတော့ ပုံမှန်ပဲ။ သို့သော် အစိုးရအပြောင်းအလဲတို့၊ တိုင်းပြည်ဆူပူဖြစ်လာတာတို့မှာ သူပါမှာ။ အဲ့ဒီလိုအခြေအနေ ဖြစ်လာရင်လည်း လွှတ်တော်ဆိုတာ ပျက်ပြီ၊ အစိုးရအဖွဲ့ ပျက်ပြီ။ ပြီးခဲ့တဲ့ ၅ နှစ်တာ အစိုးရသက်တမ်းမှာကတော့ ကာလုံရဲ့ သဘောတူညီချက် ယူခဲ့ရတဲ့ကိစ္စ တစ်ခုမှမကြားမိခဲ့ဘူး။ ဒါကလည်း ကျွန်တော်တို့ပဲ မသိတာလား၊ သူတို့က မထုတ်ပြန်တာလားတော့ မပြောတတ်ဘူး။
မေး – အစိုးရသစ်က တိုင်းရင်းသားရေးရာ ဝန်ကြီးဌာနဖွဲ့တာကို ဘယ်လိုမြင်လဲ။
ဖြေ – တိုင်းရင်းသားလို့ ပြောရင် ဗမာပါသလား၊ မပါဘူးလား။ အားလုံးက ပြောတော့ ပါပါတယ်။ ဒါဆိုရင် တစ်နိုင်ငံလုံးနဲ့ မဆိုင်တော့ဘူးလား။ တိုင်းရင်းသားအခွင့်အရေးဆိုတာ ဘယ်သူ့ကို ပြောချင်တာလဲ။ အားလုံးနဲ့ဆိုင်တဲ့ကိစ္စဆိုရင် တိုင်းရင်းသားလို့ မပြောနဲ့တော့၊ နိုင်ငံသားလို့ပဲ ပြောရမှာ။ အခုက တိုင်းရင်းသား အခွင့်အရေးကို သီးခြားခွဲထုတ်လိုက်သလို ဖြစ်တာကြောင့် တိုင်းရင်းသားဆိုတဲ့ အဆင့်တစ်ခု သတ်မှတ်လိုက်ပြီးတော့ ဗမာကအဆင့်တန်းတစ်ခုလို့ ခွဲထုတ်လိုက်သလို ပိုဖြစ်သွားနိုင်တယ်။ ဒါ့ကြောင့် ကျွန်တော်တို့ကတော့ ဒီကိစ္စကို သဘောမတူသလို လက်လည်း သိပ်မခံချင်ဘူး။ ကျွန်တော်တို့က နိုင်ငံသားမဟုတ်ဘူးလား။ နိုင်ငံသား၊ နိုင်ငံသား ပြုခွင့်ရတဲ့သူ၊ ဧည့်နိုင်ငံသား၊ နိုင်ငံခြားသား ဘယ်လို ခံစားခွင့်ရှိကြတယ်ဆိုတာကို ကွဲကွဲပြားပြား လုပ်လိုက်ရင် ရတယ်။ အဲ့ဒါကို အသိအမှတ်မပြုခင်မှာ လွှတ်တော်မှာ တိုင်းရင်းသား ပါတီ အများကြီးရှိနေတဲ့ဟာ ကြိုပြီးတော့ ညှိနှိုင်းမှု မရှိခဲ့ဘူး။ ကြိုက်ကြိုက် မကြိုက်ကြိုက် လုပ်မယ်ဆိုပြီးလုပ်တာ။ ဒီတိုင်းရင်းသားအခွင့်အရေး ဥပဒေအရလည်း ပြည်စုံမှု မရှိဘူးလို့ ထင်တယ်။ နိုင်ငံသားအခွင့်အရေးကို နိုင်ငံသားတိုင်းက သူ့ဓလေ့၊ သူ့ယဉ်ကျေးမှု၊ သူ့စာပေတွေ အားလုံးကို ဖွဲ့စည်းပုံမှာလည်း ပေးထားပြီးသားပဲ။ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းတွေက နိုင်ငံသားအခွင့်အရေးတွေကို လေးစားလိုက်နာမယ်ဆိုရင် တိုင်းရင်းသားအခွင့်အရေးဆိုတာကို သီးခြားတောင်းစရာမလိုဘူး။ အခုဒီလိုလုပ်ခြင်းအားဖြင့် ဗမာလောက် အပြည့်အဝ မပေးချင်လို့ ကန့်သတ်လိုက်တဲ့ပုံမျိုး ဖြစ်တယ်။ ။