
ရန်ကုန်– ဒီမိုကရေစီအရေး ပြုပြင်ပြောင်းလဲရေးများ ဖော်ဆောင်နေသည် ဆိုသော်လည်း မြေယာ ဆုံးရှုံးခြင်း၊ ရေရှည် တည်တံ့သည့် ငြိမ်းချမ်းရေးမရှိခြင်းတို့သည် မွန်တိုင်းရင်းသား ဒုက္ခသည်များ နေရပ်ပြန်ရန် အဓိက အဟန့်အတားများ ဖြစ်နေကြောင်း လူ့အခွင့်အရေးအဖွဲ့သုံးခုက သောကြာနေ့တွင် ပြောလိုက်သည်။
နေရာအနှံ့ဖြစ်ပေါ်ခဲ့သော မြေသိမ်းမှု၊ လုံခြုံရေးကင်းမဲ့မှု စသည့် ဒုက္ခသည်တို့နှင့် တိုက်ရိုက် ပတ်သက်သော ကိစ္စရပ်များကို ၂၁ ရာစု ပင်လုံညီလာခံ အပါအဝင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် ထည့်သွင်း ဖြေရှင်းရန် အစိုးရကို တိုက်တွန်းကြောင်း မွန်ပြည် လူ့အခွင့်အရေးဖောင်ဒေးရှင်း (HURFORM) မှ လုပ်ငန်းအစီအစဉ် ဒါရိုက်တာ နိုင်အဲမွန်က ပြောသည်။
“ပြီးခဲ့တဲ့ နှစ် နှစ်ဆယ်၊ သုံးဆယ်အတွင်း ထောင်ခဲ့တဲ့ မြေမြှုပ်မိုင်းတွေဟာ နေရာတိုင်းမှာ ရှင်းလင်းမှု မရှိသေးတာကြောင့် မြေမြှုပ်မိုင်းကိစ္စလည်း စိုးရိမ်စရာ အများကြီး ရှိပါတယ်” ဟု နိုင်အဲမွန်က ရန်ကုန်မြို့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောလိုက်သည်။
HURFORM သည် လူ့အခွင့်အရေး လုပ်ငန်းများ ဆောင်ရွက်နေသော Burma Link, Burma Partnership စသော အဖွဲ့များနှင့် ပူးပေါင်းပြီး “လူမသိသူမသိဘဝများ – မြန်မာနိုင်ငံမှ လူမသိသေးသော နေရပ်စွန့်ခွာ တိမ်းရှောင်ရမှုသံသရာ”ဟု အမည်ပေးထားသည့် အစီရင်ခံစာတစ်စောင်ကို သတင်းစာရှင်းလင်းပွဲတွင် မိတ်ဆက် ပေးခဲ့သည်။
နှစ်ပေါင်းကြာရှည်ခဲ့သော ပြည်တွင်းစစ်ကြောင့် ထိုင်း-မြန်မာနယ်စပ် တစ်လျှောက်ရှိဒုက္ခသည်စခန်းများတွင် သွားရောက်ခိုလှုံနေသူ တစ်သိန်းကျော် ရှိနေကြောင်း၊ မွန်ပြည်နယ်တွင် IDP ခေါ် ပြည်တွင်းနေရပ်စွန့်ခွာ တိမ်းရှောင်နေရသူ အရေအတွက် သုံးသောင်းခွဲခန့် ရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
ဒုက္ခသည်တို့သည် ကာလရှည်ဆင်းရဲမွဲတေမှု ၊ အကြွေးတင်မှု၊ ဆေးဝါးကုသရေးချို့တဲ့မှု သံသရာတို့ကို ဆက်လက်ခံစားနေရကြောင်း မွန်ဒေသ ပြည်တွင်းရွှေ့ပြောင်းဒုက္ခသည်များ၊ အဖွဲ့အစည်းများ၊ ကျေးလက်ဒေသတွင် နေထိုင်သူများကို တွေ့ဆုံမေးမြန်းပြီး ပြုစုထားသည့် ထိုအစီရင်ခံစာတွင် ဖော်ပြထားသည်။
မကြာသေးခင်က ဖြစ်ပေါ်ခဲ့သော ပြုပြင်ပြောင်းလဲမှုတို့သည် ဒုက္ခသည်ပြဿနာကို ကိုင်တွယ်ဖြေရှင်းနိုင်ခြင်း မရှိသေးကြောင်း၊ သို့သော်လည်း ဤအပြောင်းအလဲများက ဒုက္ခသည်အများအပြားကို စခန်းထဲမှထွက်ပြီး နေရပ်ပြန်ရန် တွန်းအားပေးနေသကဲ့သို့ ဖြစ်နေကြောင်း၊ ဤအခြေအနေသည် လွန်ခဲ့သည့် နှစ် ၂၀ က နယ်စပ် ဒုက္ခသည်စခန်းမှ ပြည်တွင်းသို့ အတင်းအကျပ် ပြန်ပို့ခံရသည့် မွန်ဒုက္ခသည်များ IDP များအဖြစ်သို့ရောက်ရှိသွားသည့် အတွေ့အကြုံနှင့် ဆင်တူနေကြောင်း ယင်းအစီရင်ခံစာက ဆိုသည်။
မွန်ပြည်နယ်နှင့်အနီးတဝိုက်ရှိ နယ်စပ်ကုန်သွယ်ရေး၊ မြေသိမ်းမှု၊ သဘာဝသယံဇာတ ထုတ်ယူမှုများကြောင့်လည်း လက်နက်ကိုင် ပဋိပက္ခများ အသစ်တစ်ဖန်ဖြစ်ပွားနိုင်သည့် အလားအလာရှိကြောင်းလည်း အစီရင်ခံစာက သတိပေးထားသည်။