အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

တိုင်းရင်းသားအချင်းချင်း သွေးကွဲစစ်ခင်းစေသော စစ်ဗိုလ်ချုပ်များ၏ဗျူဟာ

မြန်မာစစ်အာဏာရှင်အဆက်ဆက် အောင်မြင်စွာကျင့်သုံးနိုင်သော  စစ်ဗျူဟာကို ပြပါဆိုလျှင် တိုင်းရင်းသားလူမျိုးများ အချင်းချင်းကြား သို့မဟုတ် တိုင်းရင်းသားလူမျိုး တစ်မျိုးအတွင်း စည်းလုံးညီညွတ်မှု ပျက်ပြား၊ အချင်းချင်းသွေးကွဲပြီး အပြန်အလှန်စစ်ခင်းသတ်ဖြတ်စေသော စစ်ဗျူဟာပင် ဖြစ်သည်။ 

စစ်ရှုံးနိမ့်မှုကြောင့် မြို့ရွာအများအပြား လက်လွှတ်ဆုံးရှုံးနေရမှုကို ဟန့်တားနိုင်ရန်၊   ထိုးစစ်များကို လမ်းလွှဲရန် မင်းအောင်လှိုင်နှင့် စစ်ဗိုလ်တစ်သိုက်အတွက် အကောင်းဆုံးဗျူဟာမှာ တိုင်းရင်းသားပြည်နယ်များရှိ မတူကွဲပြားသော လူမျိုးစုအချင်းချင်း သို့မဟုတ် လူမျိုးတစ်မျိုးတည်းအတွင်း သွေးကွဲ၊ စစ်ခင်းလာကြစေရန် စနစ်တကျ လုပ်ဆောင်ခြင်း ဖြစ်သည်။   

ထို့အတွက် မင်းအောင်လှိုင် ကျင့်သုံးနေသော စစ်ဗျူဟာမှာ ရိုးရှင်းလှသည်။ စစ်တပ်အပေါ် သစ္စာခံမည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ခေါင်းဆောင်များကို ၎င်းတို့မက်မောလောက်သည့် အခွင့်အရေးများပေး၍ စစ်တပ်နှင့်ပူးပေါင်းစေခြင်း ဖြစ်သည်။ ထို့အတွက် မင်းအောင်လှိုင်စစ်တပ်သည် ကောက်ကျစ်သော နည်းလမ်းမျိုးစုံကို သုံးစွဲခဲ့သည်။ 

ဥပမာ  ၂၀၂၃ ဖေဖော်ဝါရီလတွင် အာဏာသိမ်းတပ်က  နေပြည်တော်နှင့် ထိစပ်နေသော ရှမ်းပြည်နယ် တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင် သံဃာသုံးပါး အပါအဝင် လူပေါင်း ၃၀ နီးပါးကို အစုအပြုံလိုက် သတ်ဖြတ်ပြီး  ထိုလုပ်ရပ်သည် ကရင်နီဒေသတော်လှန်ရေးအဖွဲ့များ၏ လက်ချက်ဖြစ်သည်ဟု ဝါဒဖြန့်၍ ဦးအောင်ခမ်းထီ ဦးဆောင်သော ပအိုဝ်းပြည်သူ့စစ်အဖွဲ့နှင့် ရန်တိုက်ပေးသည့် သာဓက အထင်အရှားရှိခဲ့ဖူးသည်။  

ထိုကဲ့သို့ စစ်တပ်နှင့်ပူးပေါင်း၍ တော်လှန်ရေးအင်အားစုများကို စစ်တိုက်ပေးလျှင် ၎င်းတို့သိမ်းပိုက်ထိန်းချုပ် နိုင်သော နယ်မြေများတွင် ဒေသန္တရအုပ်ချုပ်ခွင့်အာဏာ တစ်စိတ်တစ်ပိုင်းရရှိမည် ဖြစ်ပြီး၊ ချမ်းသာကြွယ်ဝ နိုင်သော စီးပွားရေးလုပ်ကိုင်ခွင့် အခွင့်အလမ်း ရရှိမည်ဖြစ်သည်။ ထို့အပြင်  ၎င်းတို့လိုအပ်သော လက်နက်ခဲ ယမ်းများကိုပင် စစ်တပ်က အလုံးအရင်းထောက်ပံ့ပေးမည် ဖြစ်သည်။

စစ်နိုင်လျှင် ထိုဒေသရှိ သယံဇာတရင်းမြစ်များ ထုတ်ယူခွင့်၊ နယ်စပ်ကုန်သွယ်လမ်းကြောင်းများမှ အခွန် ကောက်ခံရရှိငွေကို နေပြည်တော်ရှိ စစ်ခေါင်းဆောင်နှင့် အချိုးကျခွဲဝေယူ စီးပွားရှာခွင့် စသည့် အခွင့်အရေးများ ရရှိကြမည်ဖြစ်ပြီး၊ ယင်းစနစ်သည် ပဒေသရာဇ်ခေတ် မြန်မာမင်းများ လက်ထက် ကတည်းက ၎င်းတို့အုပ်ချုပ်နိုင်ခြင်း မရှိသော နယ်မြေများတွင် ဘုရင်ကို အခွန်တော်ဆက်သရသော “နယ်စားပယ်စား” အဖြစ် ခန့်အပ်အုပ်ချုပ်စေသော စနစ်ပင် ဖြစ်သည်။  

စစ်ဗိုလ်ချုပ်တစ်သိုက်သည် နိုင်ငံတော်အာဏာကို ၎င်းတို့လက်ထဲတွင် အစဉ်အမြဲရှိနေရမည် ဟု အယူအစွဲ ကြီးမားနေခြင်းက မြန်မာ့နိုင်ငံရေးပြဿနာ၏ “ဗဟိုချက်” ဖြစ်သည်။ ယင်းအယူအစွဲကြောင့် တိုင်းပြည်သည် ၁၉၆၂ ခုနှစ် အာဏာသိမ်းမှုကြောင့် ၂၆ နှစ်၊ ၁၉၈၈ အာဏာသိမ်းမှုကြောင့် ၂၂ နှစ်၊ ၂၀၂၁ အာဏာသိမ်းမှုက လက်ရှိအချိန်ထိ ငါး နှစ်၊ စုစုပေါင်း ၅၃ နှစ်ကြာ စစ်အုပ်ချုပ်ရေးဘေးဒဏ်သင့်ခဲ့ရပြီး၊ တိုင်းပြည်စီးပွားရေးလည်း ပြိုကျပျက်စီးလျက်ရှိသည်။ 

အောက်တိုဘာလ ၁၅ ရက်နေ့ နေပြည်တော်တွင်ကျင်းပခဲ့သော တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးခြင်း (၁၀) နှစ်မြောက် အခမ်းအနားတွင် မင်းအောင်လှိုင်က တိုင်းပြည်တည်ငြိမ်ရန် အရေးကြီးကြောင်း ပြောခဲ့သည်။ သို့သော် တိုင်းပြည်မတည်ငြိမ်ရသည့် အကြောင်းရင်းမှာ ၎င်းကိုယ်တိုင် ဖန်တီးခဲ့သော စစ်အာဏာသိမ်းခြင်းကြောင့် ဆိုသည်ကို လုံးလုံးလျားလျား မြင်နိုင်စွမ်းမရှိပါ။ ယင်းသည် စစ်ဗိုလ်ချုပ်များအကြား ဖျောက်ဖျက်မရအောင် အရိုးစွဲနေသော၊ တလောကလုံး မှားယွင်းနေကြပြီး ၎င်းတို့သာ မှန်ကန်သည်ဆိုသော အကျင့်ဆိုး ဖြစ်သည်။ 

လက်နက်ကိုင်နည်းလမ်းဖြင့် ဖြေရှင်း၍မရ၊ နိုင်ငံရေးနည်းလမ်းဖြင့်သာ ဖြေရှင်းကြရန် စင်ပေါ်တက် ပြောနေသော မင်းအောင်လှိုင်သည် “သူခိုးက လူဟစ်” ဆိုရိုးစကားအတိုင်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ၎င်းကိုယ်တိုင် လက်နက်အားကိုး အကြမ်းဖက်အာဏာသိမ်းခဲ့သူပင်။ ထိုလုပ်ရပ်၏အကျိုးဆက်များကို ယနေ့ ရင်ဆိုင်နေရခြင်းပင်။ 

အမှန်စင်စစ် မင်းအောင်လှိုင်နှင့် စစ်ဗိုလ်တစ်သိုက်သည် တရုတ်နှင့် ရုရှားကဲ့သို့ တိုင်းတစ်ပါး အကူအညီ ယူစရာ မလိုအပ်ဘဲ တိုင်းပြည်တည်ငြိမ်ရေးအတွက် နေ့ချင်းညချင်း လုပ်နိုင်စွမ်းသောသူများ ဖြစ်ကြပါသည်။ ယင်းမှာ စစ်တပ်က နိုင်ငံရေးကို ကျောခိုင်းပြီး စစ်တန်းလျားပြန်သွားလိုက်ရုံပင် ဖြစ်သည်။ မင်းအောင်လှိုင် ထိုကဲ့သို့ ကြေညာချက် ထုတ်ပြန်သည့်နေ့သည် တိုင်းပြည်တည်ငြိမ်ရေး လမ်းကြောင်းပေါ် အမှန်တကယ်ရောက်ရှိလာသောနေ့ ဖြစ်ပါကြောင်း ‘သုတဇော်’ ၏ သုံးသပ်ချက်ဆောင်းပါးကို ဖော်ပြလိုက်ပါသည်။

Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် https://myanmar-now.org/mm/members/ တွင် ကူညီနိုင်ပါသည်။

Related Articles

Back to top button