သတင်း

အစိုးရသစ်လက်ထက် မင်းမဲ့စရိုက်မှုခင်း “မကြာခဏ”ဖြစ်လာဟု ပြည်ခိုင်ဖြိုးသတင်းစာ ဝေဖန်

ရန်ကုန် – ယခင်က နည်းပါးခဲ့သော မင်းမဲ့စရိုက်ဆန်သည့် မှုခင်းများ အစိုးရသစ်လက်ထက်တွင် မကြာခဏပေါ်ပေါက်နေသည်ဟု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ သတင်းစာက  တနင်္လာနေ့တွင် ဝေဖန် ရေးသားလိုက်သည်။

အုပ်စုဖွဲ့ မိုက်ကြေးခွဲမှု၊ အနုကြမ်းစီးမှု၊ မုဒိမ်းမှု၊ ဓားပြမှုတို့က နေရာမရွေး ဖြစ်ပွားနေသည်ဟု ပြည်ထောင်စုနေ့စဉ် အယ်ဒီတာ့အာဘော်တွင် ရေးထားသည်။

မကြာသေးမီရက်ပိုင်းအတွင်း ရန်ကုန်မှ ဒုရဲအုပ်ဟောင်းနှင့်မိသားစုဝင်များ ရက်စက်စွာ အသတ်ခံရမှုမှ မေလနှောင်းပိုင်း ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင် အမျိုးသမီးတစ်ဦး ပစ်သတ်ခံရမှုအထိ ဖြစ်ရပ်များကို ဥပမာအဖြစ် ဖော်ပြထားသည်။

အစိုးရသစ် ပထမ ရက် ၁ဝဝ အတွင်း ဥပဒေစိုးမိုးရေး အလေးထားမည်ဟူသော ပြောဆိုချက်ကိုမူ လက်တွေ့ လုပ်ဆောင်ခဲ့သည်ဟု အသိအမှတ်ပြု ရေးသားထားသည်။

“သို့သော် အစိုးရသစ်၏ တရားဥပဒေစိုးမိုးရေး လုပ်ဆောင်ချက်များသည် အရာမထင်ဘဲ မင်းမဲ့စရိုက်ဆန်ဆန် အကြမ်းဖက်မှုခင်း ဖြစ်စဉ်များမှာ အတင့်ရဲစွာ ဆက်လက် ဖြစ်ပေါ်နေခဲ့သည်”ဟု ပြည်ထောင်စုနေ့စဉ်က ဆိုသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ ညွှန်ကြားရေးမှူး ရဲမှူးကြီးဇော်ဝင်းအောင်က မှုခင်းဖြစ်ပွားမှုနှုန်းထားကို တွက်ချက်ခြင်း မပြုရသေးသော်လည်း ပိုမိုများပြားလာသည်ဟူသော အချက်ကို သဘောမတူနိုင်ဟု ပြောသည်။

 “မှုခင်းဖြစ်ရပ်တွေကတော့ ဖြစ်မှာပဲလေ။ ကျွန်တော်တို့ရဲတွေကို အစိုးရသစ်လက်ထက်မှာ မှုခင်းတွေ တိုးလာသလားမေးရင် မတိုးဘူးလို့ပဲ ဖြေမှာပဲ။ သူတို့ဝေဖန်တာကတော့ ဝေဖန်ပါစေ” ဟု ရဲမှူးကြီးက Myanmar Now ကို မှတ်ချက်ပေးသည်။

အကြီးဆုံး အတိုက်အခံပါတီ ဖြစ်သည့် ပြည်ခိုင်ဖြိုး၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ဦးဖြစ်သော ဦးညွန့်တင်က ပွင့်လင်းစ တိုင်းပြည်မျိုးတွင် လွတ်လပ်မှုကို အလွန်အကြူးရယူကြခြင်း၊ ရာဇဝတ်သား အများအပြားကို လွတ်ငြိမ်းခွင့် ပေးခြင်း တို့ကြောင့် မှုခင်းကြီးများ ဖြစ်ပွားတတ်သည်ဟု သုံးသပ်သည်။

“တစ်နိုင်ငံလုံးကိုလည်း မူးယစ်ဆေးဝါးတွေက တော်တော်လေး ထိုးဖောက်လာတယ်၊ မှုခင်းတွေ ပိုဖြစ်စေတယ်” ဟု  အငြိမ်းစားသံအမတ်ကြီး ဦးညွန့်တင်က Myanmar Now ကို ပြောပြသည်။

“ဒီလိုဖြစ်ရပ်စိပ်လာလို့ ကိုယ့်စိတ်ထဲမှာ မလုံခြုံတော့ဘူးလို့တော့ မခံစားရပါဘူး။ ဒါက နိုင်ငံတကာမှာလည်း ဖြစ်နေကျပါ။ ရဲတွေအနေနဲ့က မြို့စွန်တွေမှာ ကားနဲ့ပဲဖြစ်ဖြစ်၊ ဆိုင်ကယ်၊ စက်ဘီး စတာတွေနဲ့ များများ လှည့်ပေးဖို့တော့ လိုတယ်။ မှုခင်းဖြစ်ရပ်တွေက မြို့စွန်တွေမှာ ပိုဖြစ်တာ”  

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သည့် ဦးကျော်နန္ဒအောင်က အစိုးရသစ်လက်ထက် မှုခင်း ပိုမိုများပြားလာသည် ဟူသော အချက်ကို လက်မခံပေ။

သို့သော်လည်း လုံခြုံရေး တိုးမြှင့်လုပ်ဆောင်နေသည့် ရဲတပ်ဖွဲ့၏ အရည်အချင်းကို အားဖြည့်ပေးရမည်ဟု သူက ဆိုသည်။

“ရဲတပ်ဖွဲ့တွေရဲ့ စွမ်းဆောင်ရည်ကိုရော၊ သူတို့အတွက် လိုအပ်တဲ့ အထောက်အပံ့ပစ္စည်းတွေကိုရော တိုးမြှင့်ပေးဖို့တော့ လိုမယ်” ဟု အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားပြု အမတ်တစ်ဦးဖြစ်သည့် ဦးကျော်နန္ဒအောင်က ပြောသည်။

နှစ်လယ်ပိုင်းတွင် ရဲတပ်ဖွဲ့ ဖွဲ့စည်းပုံကို ၁၆၆,၄ဝ၄ ဦးအထိ တိုးမြှင့်လိုက်သော်လည်း လက်ရှိ အင်အားမှာ ထိုသတ်မှတ်ချက်၏ ထက်ဝက် နီးပါးသာ ရှိနေကြောင်း  ပြည်ထဲရေးဒုဝန်ကြီးက  သြဂုတ် ၁၇ ရက်နေ့   ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောသည်။

မှုခင်းဖြစ်ပွားမှု အများဆုံးမှာ ရန်ကုန်၊ ဧရာဝတီ၊ စစ်ကိုင်း စသည့်  လူဦးရေ သိပ်သည်းပြီး ရဲအင်အား လုံလောက်မှု မရှိသေးသော တိုင်းဒေသကြီးများ ဖြစ်သည်ဟု သူက ဆိုသည်။

အစိုးရသစ်လက်ထက် မှုခင်းဖြစ်ပွားနှုန်းကို ဝေဖန်သည့် ပြည်ထောင်စုနေ့စဉ် သတင်းစာကို ပြည်ခိုင်ဖြိုးပါတီက ၂ဝ၁၃ တွင် စတင် ထုတ်ဝေခဲ့သည်။ ပါတီသည် ယခင်စစ်အစိုးရလက်ထက်  စစ်ဗိုလ်ချုပ်ကြီးများ ဦးဆောင်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းဟူသော လူမႈရေးအသင်းကြီးကို ၂ဝ၁ဝ ရွေးကောက်ပွဲနီးချိန်တွင် အသွင်ပြောင်းထားခြင်း ဖြစ်သည်။ အငြင်းပွားဖွယ် ၂ဝ၁ဝ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုး တောင်ပြိုကမ်းပြိုအနိုင်ရခဲ့ပြီး ၂ဝ၁၅ ရွေးကောက်ပွဲတွင်မူ အပြတ်အသတ် ရှုံးနိမ့်သွားသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ပြုလုပ်သည့်ပါတီညီလာခံက ပါတီဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ၃၈ ဦးကို ရွေးချယ်ခဲ့သည်။  ဦးသန်းဌေး၊ ဦးသက်နိုင်ဝင်း စသည့် ယခင်အစိုးရအဖွဲ့ဝင်ဟောင်းတို့က ခေါင်းဆောင်သစ်များ ဖြစ်လာသည်။ သမ္မတဟောင်း ဦးသိန်းစိန်၊ ဦးဌေးဦး၊ ဦးခင်အောင်မြင့် စသည့် အထင်ကရ ဝါရင့်ခေါင်းဆောင်များကမူ ဗဟိုနာယကအဖွဲ့ ခေါ် ပါတီဗဟိုဦးဆောင်ကော်မတီဝင်များ ဖြစ်လာသည်။  ။

Show More

Related Articles

Back to top button