
ရန်ကုန် – ရန်ကုန်မြို့ အင်းဝအပ်ချုပ်ဆိုင်မှ ကလေးအလုပ်သမားနှစ်ဦး နှိပ်စက်ခံရမှုကို ကြာသပတေးနေ့တိုင်း စစ်ဆေးသွားမည်ဟု ရန်ကုန် အနောက်ပိုင်းခရိုင် တရားသူကြီးက စက်တင်ဘာ ၂၉ ရက်နေ့တွင် ပြောလိုက်သည်။
စွပ်စွဲခံရသူ အပ်ချုပ်ဆိုင် မိသားစုဝင်များ ရှေ့နေငှားရမ်း ခုခံနိုင်ကြောင်း ခရိုင်တရားသူကြီးက ပြောသည်။
ရန်ကုန်တစ်ဖက်ကမ်း ကော့မှူးမြို့နယ်မှ ကလေးနှစ်ဦး မြို့လယ်ရှိ အပ်ချုပ်ဆိုင်တွင် ငါးနှစ်ကြာ နားရက်မရှိ လုပ်ကိုင်စဉ် ပြင်ပထွက်ခွာခွင့် ပိတ်ပင်ခံရပြီး အပြင်းအထန် ညှဉ်းပန်းနှိပ်စက်ခံရသည့် သတင်းသည် စက်တင်ဘာ လလယ်ပိုင်းတွင် ထွက်ပေါ်ခဲ့ပြီးနောက် ယခုနှစ်၏ နိုင်ငံကျော်အမှုကြီးတစ်ခု ဖြစ်လာသည်။
အပြင်းအထန် ဒဏ်ရာရစေမှု၊ အပြင်းအထန် နာကျင်စေမှု၊ မတရားချုပ်နှောင်မှု၊ လူကုန်ကူးမှုတို့ကို စတင်စစ်ဆေးသည့် တရားခွင်တွင် အင်းဝအပ်ချုပ်ဆိုင်မှ မိသားစုဝင် ဦးကိုလတ်၊ ဒေါ်တင်သူဇာ၊ ကိုတင်မင်းလတ်၊ ကိုရာဇာထွန်း၊ မစုမွန်လတ်၊ မသီရိလတ်တို့ကို တွေ့ရသည်။
ကျန်းမာရေး ချို့ယွင်းနေဟန်ရှိသည့် ဒေါ်တင်သူဇာက လူကုန်ကူးမှုနှင့်တရားစွဲခံရသည့်အကြောင်းရင်းကို မေးမြန်းရာ တရားသူကြီးက လာမည့် တရားခွင်များတွင် ချေပရန် ပြောဆိုလိုက်သည်။
အထိန်းသိမ်းခံနေရသည့် အင်းဝအပ်ချုပ်ဆိုင် ပိုင်ရှင်တို့ တရားခွင်သို့ ရဲအစောင့်အရှောက်နှင့် ရောက်လာရာ ၎င်းတို့၏ မိတ်ဆွေတချို့က တွေ့ဆုံခွင့်ရရန် ကြိုးပမ်းသော်လည်း ခွင့်ပြုချက် မရသေးပေ။
“ကျွန်တော်တို့က သူတို့နဲ့ ရပ်ဆွေရပ်မျိုးဖြစ်နေလို့ သူတို့ ဘာများလိုအပ်မလဲ မေးမလို့ပါ။ သူတို့ စားဖို့သောက်ဖို့ အခက်အခဲ ရှိနေရင် ကူညီမလို့ပါ။ အခု ရှေ့နေတွေလည်း ငှားရတော့မယ်ဆိုတော့ သူတို့ တအိမ်လုံးကို ဖမ်းထားတော့ ဘယ်သူက ငှားပေးမလဲ။ အဲ့ဒီရှေ့နေခကို ဘယ်သူက ပေးမလဲ။ ဒါတွေကို မေးမလို့ပါ” ဟု အနောက်ပိုင်းခရိုင် တရားရုံးသို့ သွားရောက်ခဲ့သူ အမည်မဖော်လိုသူ အမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။
အိမ်အကူ ကလေးနှစ်ဦး ခန္ဓာကိုယ် မီးရှို့ခံရခြင်း၊ လက်ချောင်းများ ချိုးခံရခြင်း၊ ဓား၊ ကတ်ကြေး အသုံးပြုပြီး နှိပ်စက်ခံရခြင်း၊ မိဘအုပ်ထိန်းသူနှင့် အဆက်ဖြတ်ခံရခြင်း၊ ကျေးကျွန်ကဲ့သို့ ဆက်ဆံခံရခြင်း စသည့် အကြောင်းအရာများကို ပြီးခဲ့သည့် ရက်ပိုင်းအတွင်း စာနယ်ဇင်းတွင် ဖော်ပြခဲ့ကြသည်။ ။