
နေပြည်တော် – ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားလာသည့် သက်ငယ်မုဒိမ်းမှု အရေအတွက် လျော့နည်းလာစေရန် အုပ်ထိန်းသူတို့အတွက် ကျန်းမာရေး၊ လူမှုရေး ဆိုင်ရာ ပညာပေးရေး လုပ်ငန်းများကိုပြုလုပ်သင့်ကြောင်း အမျိုးသားလွှတ်တော်၏ ကော်မတီအကြီးအကဲတစ်ဦးက ဒီဇင်ဘာလ ၃ ရက်နေ့တွင် ပြောသည်။
ကလေးသူငယ်များအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်သူတို့ကို ပြင်းပြင်းထန်ထန် အပြစ်ပေးနိုင်ရန်အတွက် ဥပဒေပြင်ဆင်ရေး တောင်းဆိုမှုများ ကျယ်လောင်ချိန်တွင် ထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။
“ဥပဒေပိုင်းကကျတော့ ချင်ချင်းလုပ်ဖို့ မဖြစ်နိုင်ဘူး။ လွှတ်တော်မှာ တင်ပြဆွေးနွေးရမယ်။ ရှေ့နေချုပ်ရုံးတို့၊ တရားလွှတ်တော်ချုပ်တို့ပြန်ဆင်းလာမှ လုပ်ရမှာဆိုတော့ အချိန်က ကြန့်ကြာမယ်၊ လတ်တလော လုပ်နိုင်မှာကို စဉ်းစားတော့ မိဘတွေကို ပညာပေးဖို့ပါပဲ” ဟု အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေး ဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာမြသောင်းက နေပြည်တော်တွင် ပြုလုပ်သည့် ဆွေးနွေးပွဲတစ်ခုတွင် ပြောသည်။
ပြည်နယ်၊ တိုင်းဒေသကြီးများထဲတွင် ရန်ကုန်၊ မန္တလေး၊ ဧရာဝတီ၊ စစ်ကိုင်း၊ မကွေးတို့မှာ သက်ငယ်မုဒိမ်းမှု ပိုမို ဖြစ်ပွားလျက်ရှိသော တိုင်းဒေသကြီးများ ဖြစ်ကြောင်း ကော်မတီဥက္ကဋ္ဌက ပြောသည်။
သက်ငယ်မုဒိမ်းမှုဖြစ်ပွားရာတွင် အနေနီးစပ်ခြင်းကြောင့်ဖြစ်ပွားမှု ၁ဝ ရာခိုင်နှုန်း၊ ယုံကြည်မှုလွန်ကဲခြင်းကြောင့် ၁၅ ရာခိုင်နှုန်း၊ ဖြားယောင်းဆောင်ခြင်းကြောင့်ဖြစ်ပွားမှု ၂၅ ရာခိုင်နှုန်းခန့်ရှိကြောင်း၊ ကလေးငယ်များကို အချိန်မတော် ဈေးဝယ်လွှတ်ခြင်း၊ ကျောင်း၊ ကျူရှင် ကြိုပို့ရာတွင် လူကြုံနှင့် ထည့်ပေးခြင်းတို့ကိုလည်း ရှောင်သင့်ကြောင်း သူက တိုက်တွန်းလိုက်သည်။
နိုင်ငံအနှံ့ သက်ငယ်မုဒိမ်းမှုများတွင် ဖခင်အရင်းက ၂၈ မှု၊ ပထွေးက ၂ဝ မှု၊ ဆွေမျိုးတော်သူက ၂၆ မှု၊ အိမ်နီးချင်းက ပြုကျင့်မှု ၄၆ဝ အထိ ဖြစ်ပွားခဲ့ကြောင်း သူက ဆက်ပြောသည်။
အမျိုးသမီးအရေး လုပ်ဆောင်နေသော ရန်ကုန်မြို့ အခြေစိုက် အခရာအဖွဲ့မှ ဒါရိုက်တာ မထားထားကလည်း သက်ငယ်မုဒိမ်းမှုကျူးလွန်သူကို အနည်းဆုံး ထောင်ဒဏ် ၁ဝ နှစ် မှ အနှစ် ၂ဝ အထိ ချမှတ်သင့်သည်ဟု ဆိုသည်။
“အခုဖြစ်နေတာက ထောင်က ၃ နှစ် ကျတယ်။ အမှုရင်ဆိုင်တဲ့ နှစ်ကတော့ ၁ နှစ်ခွဲ ၂ နှစ် လောက် ဖြစ်နေတော့ တိုင်တန်းတဲ့သူရော၊ ကူညီပေးတဲ့သူရောက မတိုင်ရဲဘူး။ ထောင်ကျပြီး ခဏနေ ပြန်ထွက်လာမှာဖြစ်တဲ့အတွက် သူတို့အနေနဲ့လုံခြုံမှုမရှိတော့ မတိုင်ရဲကြဘူး” ဟု မထားထားက ဆိုသည်။
လူမှုဝန်ထမ်းဦးစီးဌာနကလည်း သက်ငယ်မုဒိမ်းမှု လျော့နည်းလာရေး၊ မှုခင်းဖြစ်ပေါ်လာပါက အမြန်ဆုံး တိုင်ကြားနိုင်ရေး၊ ထိခိုက်ခံစားရသော ကလေးငယ်တို့ကို လိုအပ်သည့် အကူအညီ လျင်မြန်စွာ ပေးနိုင်ရေး၊ ဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက်ရေးတို့ကို လုပ်ဆောင်နေကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ပြည်သူတို့၏ ပူးပေါင်းဆောင်ရွက်မှုက အရေးကြီးကြောင်း၊ ကလေးများကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှု၊ အမြတ်ထုတ်ခံရမှု ဖြစ်ပေါ်သည်ကို သိရှိပါက သို့မဟုတ် ဖြစ်ပေါ်နေကြောင်း သံသယ ရှိပါက ဝ၆၇-၄၀၄၉၉၉၊ ၀၆၇-၄၀၄၂၂၂ တို့ကို ဆက်သွယ်အကြောင်းကြားရန် လူမှုဝန်ထမ်းဦးစီးဌာနက အသိပေးချက် ထုတ်ပြန်ထားသည်။
———————–
ဤသတင်း ရေးသားသူ နန်းညိုညိုဝင်းသည် ပအိုဝ်းတိုင်းရင်းသားဘာသာဖြင့် ထုတ်ဝေသော The People’s Voice ဂျာနယ်မှ ဖြစ်ပြီး ရန်ကုန်မြို့ Myanmar Now ရုံးတွင် အလုပ်သင်သတင်းထောက်အဖြစ် ခေတ္တ လုပ်ကိုင်လျက်ရှိသည်။