
ရန်ကုန် – စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် ဒေသခံသတင်းထောက် တစ်ဦး သေဆုံးမှုနှင့် ပတ်သက်ပြီး ဖြစ်ရပ်မှန် ပေါ်ပေါက်ရေးအတွက် ရဲတပ်ဖွဲ့က စုံစမ်း စစ်ဆေးပေးရန် လိုအပ်ကြောင်း စာနယ်ဇင်းသမားများက အင်္ဂါနေ့တွင် တောင်းဆိုလိုက်ကြသည်။
Eleven သတင်းဌာနမှ ၃၇ နှစ်အရွယ် သတင်းထောက် ကိုစိုးမိုးထွန်း၏ရုပ်အလောင်းကို အောင်ချမ်းသာရပ်ကွက်နှင့် မြို့သစ်ရပ်ကွက်အကြား ဂေါက်ကွင်းအနီး တွေ့ရှိရသည်ဟု မုံရွာမြို့မရဲစခန်း၏ မှတ်တမ်းအရ သိရသည်။
“(တနင်္လာနေ့ ည)၁၂ နာရီ ပတ်ဝန်းကျင်မှာတွေ့တာ။ အလောင်းကို အခင်းဖြစ်ရာနေရာမှာ ကျွန်တော်တို့ စစ်ကြည့်တော့ လူသတ်မှုဖြစ်တယ်လို့ ယူဆရတယ်။ ဖြစ်စဉ်ကို ကျွန်တော်တို့ စုံစမ်းနေဆဲပါ။ တရားခံကိုလည်း မဖမ်းမိသေးပါဘူး။ စုံစမ်းဆဲကာလဆိုတော့ မှတ်ချက် မပေးချင်သေးပါဘူး” ဟု စခန်းမှူး ဦးသိန်းဆွေမြင့်က ဆိုသည်။
သေဆုံးသူသတင်းထောက်၏ ရုပ်အလောင်းတွင် ဦးခေါင်းပေါက်ပြဲဒဏ်ရာ၊ မျက်နှာဖူးရောင်ဒဏ်ရာများ ရှိနေသည်ဟု ရဲစခန်းမှူးက ပြောသည်။
ရန်ကုန်မြို့ရှိ Eleven သတင်းစာ၏ တာဝန်ခံအယ်ဒီတာတဦးဖြစ်သူ ဦးကျော်ဇောလင်းက ၎င်းတို့၏ သတင်းထောက် သတ်ဖြတ်ခံရသည့် အကြောင်းရင်းကို လောလောဆယ် ခန့်မှန်းနိုင်နိုင်ခြင်း မရှိသေးကြောင်း ပြောသည်။
“ရဲတပ်ဖွဲ့ကိုပဲ အမြန်ဆုံး စုံစမ်းဖော်ထုတ် ဖို့ ဥပဒေကြောင်းအရ တိုက်တွန်းတာပဲ လုပ်သေးတယ်။ အခုလို သတင်းထောက်တွေရဲ့ လုံခြုံမှုမရှိတဲ့ အခြေအနေကိုတော့ စိတ်မကောင်းဘူး” ဟု ဦးကျော်ဇောလင်းက ပြောသည်။
မုံရွာမြို့သတင်းထောက် သေဆုံးမှုသည် မတရားမှုသတင်းဖော်ထုတ်မှုနှင့် ဆက်စပ်နေပါက ထိုသို့ ဖော်ထုတ်နေသည့် တခြားသော သတင်းသမားတို့ နောက်တွန့်သွားစေရန် ခြိမ်းခြောက်သည့်သဘော သက်ရောက်လိမ့်မည်ဟု မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီအဖွဲ့ဝင် သတင်းစာဆရာ ဦးမြင့်ကျော်က သုံးသပ်သည်။
“(သေဆုံးမှုက) သတင်းလုပ်တဲ့ကိစ္စနဲ့ ဆက်နွှယ်နေမယ်ဆိုရင်တော့ အစိုးရအနေနဲ့က သတင်းသမားတွေကို အကာအကွယ်ပေးဖို့ ပိုလိုအပ်လာပြီဆိုတာတော့ ထင်ရှားလာတာပေါ့။
ဒီလိုသတင်းသမားတွေရဲ့ အန္တရာယ်ကို၊ သတင်းကိစ္စနဲ့ ပတ်သက်တဲ့ အန္တရာယ်ကို အကာအကွယ်ပေးဖို့က အစိုးရဆီမှာ ဝတ္တရားရှိတယ်” ဟု ဦးမြင့်ကျော်က ပြောသည်။
တိုက်တွန်းကြောင်း မြန်မာဂျာနယ်လစ်ကွန်ရက် (Myanmar Journalist Network) ၏ အင်္ဂါနေ့ထုတ်ပြန်ချက်တွင်လည်း အစိုးရက ပြည်သူတို့၏ လုံခြုံရေးကို ပိုမိုအားစိုက်ရန်နှင့် ကိုစိုးမိုးထွန်းသေဆုံးမှု ဖြစ်ရပ်မှန် အမြန်ဆုံးပေါ်ပေါက်ရေး အားထုတ်ကြိုးပမ်းပေးရန် ဖော်ပြထားသည်။
“ပြီးခဲ့သည့်နှစ်လကလည်း သပိတ်ကျင်းမြို့ အခြေစိုက် သတင်းစာဆရာ ကိုတင်ဇော်ဦးကို သစ်မှောင်ခိုထုတ်လုပ်သူများက ခြိမ်းခြောက်သောကြောင့် အခြားမြို့များသို့ မိသားစုလိုက် ရှောင်တိမ်းနေရပါသည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သတင်းသမားတို့၏ လုံခြုံရေးကို သတင်းဌာနများက အလေးအနက်ထားဆောင်ရွက်ရန်၊ သတင်းသမားများကိုယ်တိုင်လည်း မိမိလုံခြုံရေးကို အထူးဂရုပြုရရန် ထုတ်ပြန်ချက်တွင် တိုက်တွန်းထားသည်။
ကိုစိုးမိုးထွန်းသေဆုံးချိန်တွင် ဇနီးသည်နှင့် ၈ နှစ်အရွယ် သားတစ်ယောက် ကျန်ရစ်ကြောင်း သိရသည်။