
နိုင်ငံတော် အကြည်ညိုပျက်စေမှုဟု လူသိများသည့် ရာဇသတ်ကြီး ပုဒ်မ ၅ဝ၅ (ခ) ဖြင့် Eleven ၏ သတင်းသမားသုံးဦးအား တရားစွဲထားခြင်းကို ပြန်ရုပ်သိမ်းရန် သင့်မသင့် ရန်ကုန်တိုင်းအစိုးရ၏ ဆုံးဖြတ်ချက်ကို မနက်ဖြန် သိရမည်ဟု သတင်းမီဒီယာကောင်စီက ပြောသည်။
Eleven နှင့် ၎င်းတို့အကြားဖြစ်နေသည့် ပြဿနာကို ကြားဝင်ဖြေရှင်းပေးရန် တိုင်းအစိုးရက တောင်းဆိုရာ တရားရုံးတက်နေသည့် အမှုကို ကြားဝင်ဖြေရှင်းခြင်း မပြုရန် ဥပဒေပြဋ္ဌာန်းထားသဖြင့် ဖြေရှင်းပေးရန် မဖြစ်နိုင်သေးဟု သတင်းမီဒီယာကောင်စီ ယနေ့ အကြောင်းပြန်ခဲ့သည်။
“(ကြားဝင်ဖြေရှင်းပေးဖို့) တိုင်ကြားစာကိုတော့ လက်ခံပါတယ်။ လက်ရှိ တရားရုံးမှာ တိုင်ကြားထားတာကိုတော့ ရုပ်သိမ်းပေးပါလို့ ပြောလိုက်တယ်။ သူတို့ဘက်က ဘယ်လို ဖြေရှင်းပေးမယ်ဆိုတာတော့ မနက်ဖြန်မှ သိရမယ်” ဟု သတင်းမီဒီယာကောင်စီ အတွင်းရေးမှူး ဦးကျော်စွာမင်းက ပြောသည်။
နေပြည်တော် ညွှန်ကြားချက်
တိုင်းအစိုးရက ကောင်စီသို့ ယနေ့ ဆက်သွယ်ဆောင်ရွက်ခြင်းမှာ နေပြည်တော်က ညွှန်ကြားသောကြောင့် ဖြစ်မည်ဟု အများက ယူဆနေကြသည်။
အမှုနှင့် ပတ်သက်ပြီး နိုင်ငံတော်သမ္မတရုံးက ရန်ကုန်တိုင်းဒေသကြီးအစိုးရသို့ လျှို့ဝှက်ညွှန်ကြားသည်ဟူသော စာတစ်စောင် အွန်လိုင်း လူမှုကွန်ရက်တွင် မျှဝေနေကြသည်။
အမှုကို သတင်းမီဒီယာကောင်စီထံသို့ တိုင်ကြားပြီး ဖြေရှင်းရန် နိုင်ငံတော်သမ္မတက ညွှန်ကြားကြောင်း စာတွင် ဖော်ပြထားသည်။
ဤအခြေအနေနှင့် ပတ်သက်ပြီး မှတ်ချက် ရယူရန် သမ္မတရုံးသို့ ဆက်သွယ်၍ မရသေးပါ။
နေပြည်တော်က ရန်ကုန်တိုင်းအစိုးရသို့ ညွှန်ကြားခြင်း ရှိမရှိ မသိရသေးကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက ပြောသည်။ သို့သော်လည်း သတင်းဖော်ပြမှုနှင့်ပတ်သက်ပြီး အငြင်းပွားစရာ ဖြစ်ပေါ်လာပါက သတင်းမီဒီယာကောင်စီနှင့် ညှိနှိုင်းခြင်းအစီအစဉ်ကို ကြိုဆိုသည်ဟု ဒုဝန်ကြီးက ပြောသည်။
“ဒါဟာ လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စတစ်ခုပါပဲ။ ဘယ်သူကခိုင်းတယ်ဆိုဆို ဒီဟာက အင်မတန်ကောင်းတဲ့ အစဉ်အလာလေး တစ်ခုပါ။ သတင်းသမားတစ်ယောက်ကို သတင်းရေးသားမှုနဲ့ ပတ်သက်လို့ အရေးယူမယ်ဆိုရင် ကောင်စီကတစ်ဆင့် လုပ်တာအကောင်းဆုံးပါပဲ” ဟု သူက ပြောသည်။
ဂျာနယ်ဆောင်းပါး
ရန်ကုန်တိုင်း အစိုးရ ဒေါသထွက်ခဲ့သည့် အောက်တိုဘာ ၈ ရက်နေ့ထုတ် Eleven ဂျာနယ်တွင် ဖြိုးဝေ ရေးသားသည့် “အမြဲရှုံးနေသည့် စက်သုံးဆီဆိုင်များ ပိတ်ရေး၊ ငွေချေးသူ ဘယ်သူမှန်း မသိတဲ့ ကျောင်းကားနဲ့ လူအမည်ပေါက် ပြည်သူ့ရှယ်ယာ” ဆောင်းပါးနှင့်ပတ်သက်ပြီး Eleven Media Group မှ အယ်ဒီတာနှစ်ဦးနှင့် ဆောင်းပါးရှင်တို့အား နိုင်ငံတော် အကြည်ညိုပျက်စေမှုဟု လူသိများသည့် ရာဇသတ်ကြီး ပုဒ်မ ၅ဝ၅ (ခ) ဖြင့် ရန်ကုန်တိုင်း အစိုးရက တာမွေမြို့နယ် တရားရုံးတွင် တရားစွဲထားသည်။
ဆောင်းပါးတွင် ရန်ကုန်မြို့သစ်စီမံကိန်း တည်ထောင်မည့် Yangon Metropolitan Development Public Co,Ltd တွင် ရန်ကုန် စီမံ/ဘဏ္ဍာဝန်ကြီး ဦးမြင့်သောင်း နှင့် ဆက်စပ်သည့် ရှယ်ယာပေါင်း ၆၄ဝ,ဝဝဝ နီးပါး ပိုင်ဆိုင်မှု အကြောင်း ဝေဖန်ချက်တချို့ ပါဝင်သည်။
အဆိုပါ ရှယ်ယာရှင် အမည်သည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဆိုသည့် အမည်အောက်တွင် ရှိနေသင့်ကြောင်း၊ ဝန်ကြီးရာထူးအောက်တွင် ပြည်သူ့ဘဏ္ဍာဖြင့် ဝယ်ယူထားသည့် ရှယ်ယာများအား မထားဘဲ ဦးမြင့်သောင်း အမည်အောက်တွင် ရှယ်ယာထားခြင်းမှာ လွဲမှားနေကြောင်း အဆိုပါဆောင်းပါးတွင် ရေးသားထားခြင်းကို ရန်ကုန်တိုင်း အစိုးရက သဘောမကျခဲ့ခြင်းဖြစ်သည်။
အဆိုပါသတင်းဆောင်းပါးနှင့်ပတ်သက်ပြီး Eleven သတင်းဌာနသည် သတင်းမီဒီယာဥပဒေ ပုဒ်မ ၉၊ ပုဒ်မခွဲ (က) သတင်းတိုင်း အချက်အလက် တိကျမှန်ကန်စေရန်နှင့် တတ်နိုင်သမျှ ပြည့်စုံစေရန် စိစစ်ခြင်း၊
(င) သတင်း ဝေဖန်ချက်၊ အာဘော်နှင့် ဆောင်းပါး ရေးသားခြင်းမှတစ်ပါး သတင်း ရေးသားသူ၏ ထင်မြင်ယူဆချက်၊ အာဘော် လုံးဝ မပါရှိစေခြင်း၊
(ဆ) အများပြည်သူ၏ အကျိုးစီးပွားနှင့် စပ်ဆိုင်သည့် သတင်းရေးသားခြင်း မဟုတ်လျှင် ပုဂ္ဂိုလ်တစ်ဦး၊ အဖွဲ့အစည်း တစ်ခု၏ ဂုဏ်သိက္ခာကို တမင် ထိခိုက်စေသော အရေးအသားနှင့် လူ့အခွင့်အရေးကို ထိခိုက်စေသော အရေးအသားမျိုး ဖော်ပြခြင်းမှ ရှောင်ကြဉ်ခြင်း၊
(ဈ) မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ က ထုတ်ပြန်သည့် ကျင့်ဝတ်နှင့် စည်းကမ်းများကို လိုက်နာခြင်း စသည့် အချက်များကို ချိုးဖောက်ကြောင်း ရန်ကုန်တိုင်းအစိုးရဘက်က စွပ်စွဲပြီး စာနယ်ဇင်းကောင်စီထံ တိုင်ကြားချက်ကို ရရှိထားကြောင်းလည်း ကောင်စီက ထုတ်ပြန်ထားသည်။
အဆိုပါ အချက်များအနက် အပိုဒ် (ဆ) သည် ပြစ်မှုထင်ရှားပါက အများဆုံးပေးနိုင်သည့် ပြစ်ဒဏ်မှာ ငွေဒဏ် ၃ သိန်းမှ ၁ဝ သိန်း ချမှတ်နိုင်ကြောင်း သိရသည်။
##
(သတင်းမီဒီယာကောင်စီအတွင်းရေးမှူး၏ အမည်ကို ဦးကျော်စွာမြင့်ဟု ဖော်ပြခဲ့ပါသည်။ ဦးကျော်စွာမင်းဟု ပြန်လည် ပြင်ဆင်ထားပါသည်)