အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ငြိမ်းချမ်းရေးညီလာခံမှာ ဆွေးနွေးခွင့်ရရေး မသန်စွမ်းအဖွဲ့ မျှော်လင့်

မြန်မာ့နိုင်ငံရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ အားလုံးပါဝင်ရေး ကြိုးစား ဖိတ်ခေါ်နေရာမှာ မသန်စွမ်းသူများကိုလည်း ချန်မထားသင့်ကြောင်း မြန်မာနိုင်ငံမသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့ တည်ထောင်သူ ကိုနေလင်းစိုးက ဒီဇင်ဘာ ၂ဝ ရက်နေ့မှာ ပြောလိုက်ပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးပွဲ ဖေဖော်ဝါရီမှာ ပြန်လည် အစပြုတဲ့အခါ မသန်စွမ်းသူများရှေ့ဆောင်အဖွဲ့ ကိုယ်စားလှယ်ဟာ လေ့လာသူအဖြစ်မဟုတ်ဘဲ ဆွေးနွေးသူအဖြစ် ပါဝင်ခွင့်ရဖို့ မျှော်လင့်တယ်လို့ သူက ဆိုပါတယ်။ ယခင်ဆွေးနွေးပွဲမှာတော့ လေ့လာသူအဖြစ်နဲ့ပဲ တက်ခွင့်ရခဲ့တာပါ။

“မသန်စွမ်းဆိုတာ ကျန်းမာရေးပြဿနာ၊ ကျန်းမာရေးဌာနနဲ့သာ ဆိုင်တယ်၊ လူမှုဝန်ထမ်းရဲ့အလုပ်လို့ ယူဆပြီး ကျွန်တော်တို့ရဲ့ ကိစ္စတွေကို လူမှုရေးနည်းလမ်းသက်သက်နဲ့ပဲ စဉ်းစားတာတွေ ပိုများပါတယ်” လို့ ကိုနေလင်းစိုးက ဆိုပါတယ်။

“နိုင်ငံရေးနဲ့ ကျွန်တော်တို့ နိုင်ငံသားနယ်ပယ်တွေမှာ ထည့်စဉ်းစားတာ အားနည်းနေသေးတော့ ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲကနေ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေထိ ပါဝင်ခွင့် အားနည်းနေသေးတာကို တွေ့ရတယ်”

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

မြန်မာပြည်မှာ မသန်စွမ်းသူ ၂၃ သိန်း ရှိတယ်၊ ဒါဟာ နိုင်ငံလူဦးရေရဲ့ ၄.၆ % ဖြစ်တယ်လို့ ကိုနေလင်းစိုးက ၂ဝ၁၄ ခုနှစ် သန်းခေါင်စာရင်းကို ကိုးကားပြီး ပြောပါတယ်။
မသန်စွမ်းသူများရဲ့ ဖွံ့ဖြိုးရေး ဆိုင်ရာ မူဝါဒချမှတ်ရာမှာ မသန်စွမ်းသူတွေကို ဖိတ်ခေါ်သင့်တယ်၊ ဖိတ်ခေါ်ခြင်း မရှိရင် အချိန်၊ အသုံးစရိတ် ပိုမို ကုန်ကျပြီး အကျိုးရလဒ်လည်း နည်းသွားနိုင်တယ်လို့ သူကသုံးသပ်ပါတယ်။

“ထိုင်းနိုင်ငံကနေ ပြန်လာမယ့် ဒုက္ခသည်တွေကို ပြန်လည် နေရာချထားပေးရာမှာ မသန်စွမ်းတဲ့သူတွေ ပါလာနိုင်တယ်။ နယ်စပ်ဒေသမှာ မြေမြှုပ်မိုင်းတွေ၊ တိုက်ပွဲတွေရဲ့ နောက်ကွယ်မှာ မသန်စွမ်းသူတွေ တော်တော်များများ ရှိနေမှာပါ။ နောက်ပိုင်း စာရင်းသေသေချာချာကောက်ရင် သိနိုင်ပါတယ်။ အဲ့ဒါတွေ လုပ်ဖို့အတွက် ကျွန်တော်တို့က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ပါဝင်ခွင့်ရချင်တာ” လို့ သူက ဆိုပါတယ်။

မြန်မာနိုင်ငံ မသန်စွမ်းသူများရှေ့ဆောင်အဖွဲ့က ဒီဇင်ဘာလဆန်းမှာ အနဂ္ဃရောင်စဉ် တတိယအကြိမ်မြောက် မြန်မာနိုင်ငံမသန်စွမ်းသူများ အနုပညာပွဲတော်ကို ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့ပါတယ်။

အဲဒီပွဲကို ပါဝင်ကူညီတဲ့သူတွေထဲမှာ အခမ်းအနားအစီအစဉ် တက်ဆက်မှုနဲ့ နာမည်ရသူ တင်မိုးလွင်၊ အဆိုတော် ဇော်ဝင်းထွဋ်၊ အင်ပါယာ တေးဂီတအဖွဲ့ အဖွဲ့ဝင်များလည်း ပါဝင်ပါတယ်။

အသင်းဝင် သုံးထောင်ဝန်းကျင်ရှိတဲ့ ကိုနေလင်းစိုးတို့အဖွဲ့ဟာ မြို့ကြီးတွေမှာ ရုံးခွဲများ ဖွင့်ပြီး မသန်စွမ်းသူများအရေး ဆောင်ရွက်နေတာပါ။

မသန်စွမ်းတဲ့သူတွေရဲ့ဘဝအခြေအနေတိုးတက်လာရေးကို နောင်မှ စီစဉ်မယ်၊ ဘတ်ဂျက် အဆင်ပြေမှ လုပ်ပေးမယ်ဆိုတဲ့စိတ်မျိုး မမွေးကြဖို့လည်း ကိုနေလင်းစိုးက တိုက်တွန်းပါတယ်။

ပဲခူးတိုင်းဒေသကြီးလွှတ်တော်မှာတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားပြု ကိုယ်စားလှယ်တစ်ယောက်က မသန်စွမ်းသူ ဖြစ်ပါတယ်။

ခန္ဓာကိုယ် မသန်စွမ်းသော်လည်း စွမ်းရည်ကိုယ်စီ ရှိကြသူများ ဖြစ်တာကြောင့် “မသန်မစွမ်း” လို့ ပြောဆို ရေးသားလေ့ရှိရာကနေ အခုအခါမှာတော့ “မသန်စွမ်း” လို့ သတိထား သုံးနှုန်းလာကြတာ တွေ့ရပါတယ်။

(ဤသတင်း ရေးသားသူ နန်းခမ်းဟေမာန်သည် ပအိုဝ်းတိုင်းရင်းသားဘာသာဖြင့် ထုတ်ဝေသော The People’s Voice ဂျာနယ်မှ ဖြစ်ပြီး ရန်ကုန်မြို့ Myanmar Now ရုံးတွင် အလုပ်သင်သတင်းထောက်အဖြစ် ခေတ္တ လုပ်ကိုင်လျက်ရှိသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles