သံတွဲ – သံတွဲခရိုင် ငါးလုပ်ငန်းဦးစီးဌာနဟာ ငါးလုပ်ငန်း ပိုမို ဖွံ့ဖြိုးတိုးတက်လာရေး၊ ငါးမျိုးပြုန်းတီးမှု ကာကွယ်ရေး၊ ထိုက်သင့်တဲ့ အခွန်အခများရရှိရေးတို့ကို လုပ်ဆောင်နေကြောင်း ဦးစီးမှူး ဦးမြင့်သိန်းက ပြောပါတယ်။
မကြာသေးခင်က ဦးစီးမှူးနဲ့ သံတွဲမြို့ ခရိုင်ရုံးမှာ တွေ့ဆုံရာမှာ သူက ရေလုပ်ငန်းအတွင်း နည်းပညာ အားနည်းမှုအခြေအနေ၊ ဌာနရဲ့ ပညာပေးလုပ်ငန်းမှာ ဒေသတွင်းလုပ်ငန်းရှင်တွေ၊ ရေလုပ်သားတွေရဲ့ ပူးပေါင်း ကူညီမှု လိုအပ်ပုံ၊ ပုစွန်မွေးမြူရေး စတဲ့ အကြောင်းအရာများကို ပြောပြထားပါတယ်။
မေး – သံတွဲဒေသမှာ ငါးဖမ်းလုပ်ငန်းကို စဉ်ဆက်မပြတ် လုပ်ကိုင်သွားနိုင်ကြဖို့ ဘယ်လို ပညာပေးနေပါသလဲ။
ဖြေ – ရာသီဥတု ဖောက်ပြန်မှု၊ သစ်တော ပြုန်းတီးမှုတွေကြောင့် ငါးတွေရဲ့ပေါက်ဖွားမှုနှုန်း အနေအထားတွေလည်း ပြောင်းလဲ၊ ငါးသယံဇာတတွေ ပြောင်းလဲလာတော့ ပြုပြင် လုပ်ဆောင်နိုင်တဲ့ အရာတွေကို လုပ်ဖို့အတွက် ကျေးရွာတွေကို သွားရောက်ပြီးတော့ ဟောပြောပွဲတွေ အများကြီး လုပ်ပါတယ်။ ကျွန်တော်တို့ ရေလုပ်သားတွေကို ကွင်းဆင်းပြီး မေးမြန်းတဲ့အခါမှာ ငါးအရွယ်အစားတွေ သေးလာတဲ့ အနေအထားမျိုးတွေ တွေ့ရတယ်လို့ ဖြေပါတယ်။ အဆိပ်ချ၊ ဘက်ထရီ ရှော့တိုက်၊ ဗုံးခွဲပြီး ငါးဖမ်းခြင်း ဆိုတာက ငါးဥတွေ၊ ငါးသားပေါက်ကလေးတွေ ဖြစ်မလာတော့မယ့် အနေအထားမျိုးပါ။ အဲ့ဒါကိုတော့ ပြစ်ဒဏ်အနေနဲ့လည်း ပြင်းပြင်းထန်ထန် ပြဋ္ဌာန်းထားပါတယ်။ အဆိပ်ချ ငါးဖမ်းခြင်းနဲ့ ပတ်သက်ရင် အခု တောင်ကုတ်မြို့နယ်ထဲမှာ တရားစွဲဆိုထားတဲ့ အမှုတွေ ရှိပါတယ်။ အဲဒါတွေကို ရှောင်ကြဉ်မှသာလျှင် အစဉ်မပြတ် ဖမ်းဆီးနိုင်ပြီး ငါးတွေ ပိုထုတ်လုပ်နိုင်မှာဖြစ်ပါတယ်။ ဒါတွေကို ကျွန်တော်တို့က အမြဲမပြတ် စည်းရုံးပြီးပြောနေတာပဲ။ ရေလုပ်ငန်းရှင်တွေရော ရေလုပ်သားတွေရော ဝိုင်းဝန်း ကူညီပြီး အသိရှိရှိ လုပ်မှသာလျှင် သူတို့အတွက်လည်း အဆင်ပြေမယ်။ ထုတ်လုပ်မှု တိုးတက်မယ်။
မေး – ငါးဖမ်းလုပ်ငန်း လိုင်စင်မဲ့ လုပ်ကိုင်နေရင် ဘယ်လိုအရေးယူ ပါသလဲ။
ဖြေ – လိုင်စင်မလုပ်ဘဲ ငါးဖမ်းတယ်ဆိုရင် ရေချိုငါးလုပ်ငန်းဥပဒေနဲ့ အရေးယူပါတယ်။ မည်သူမဆို ပုဒ်မ ၅၁ ပါ ပြဋ္ဌာန်းချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရရင် “(က) ရေလုပ်သား မှတ်ပုံတင် မရှိဘဲ ငါးလုပ်ငန်း လုပ်ကိုင်သည့်ကိစ္စဖြစ်ပါက ထိုသူအား ကျပ်တစ်သောင်းထက်မပိုသော ငွေဒဏ် ဖြစ်စေ၊ တစ်လထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေကျခံစေရမည်။ (ခ) ရေချိုငါးလုပ်ငန်း ရေပြင်တွင် ငါးဖမ်းကိရိယာလိုင်စင်မရှိဘဲ ငါးလုပ်ငန်း လုပ်ကိုင်သည့် ကိစ္စဖြစ်ပါက ထိုသူအား ကျပ် ငါးသောင်းထက် မပိုသောငွေဒဏ်ဖြစ်စေ၊ ခြောက်လထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ကျခံရမည်လို့ ဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်။
လိုင်စင်လုပ်တဲ့အတွက် နိုင်ငံတော်လည်း အခွန်အခ ရရှိပါတယ်။ ငါးလုပ်ငန်းဦးစီးဌာနအနေနဲ့လည်း ငါးဖမ်းနေတဲ့ လှေအစီးအရေ တိတိကျကျ သိရတာပေါ့။
မေး – ရခိုင်ပြည်နယ်အတွင်း ဆင်းရဲမွဲတေမှုတွေ လျော့နည်းလာအောင် ဘာတွေ လုပ်သင့်ပါသလဲ။
ဖြေ – ဆင်းရဲမွဲတေမှုလျှော့ချဖို့အတွက် ကျွန်တော်တို့ဌာနက မြစိမ်းရောင် စီမံကိန်း ဆိုပြီး ကျေးရွာတစ်ရွာကို အရင်းမပျောက် မတည်ငွေအဖြစ် သိန်း ၃ဝဝ စီ ထောက်ပံ့ထားတာ ရှိပါတယ်။ သံတွဲခရိုင်ထဲမှာတော့ ဂျိတ္တော၊ ခမောင်းတုန်း၊ ဆင်ခေါင်း အဲဒီသုံးရွာကို လက်ရှိ ထောက်ပံ့ထားပါတယ်။ အဲ့ဒါက ကာလရှည်ချေးငွေပါ။ အရင်းကို ဝန်ကြီးဌာနက မယူတော့ပါဘူး။ ကျေးရွာအတွင်းပဲ ကော်မတီတွေ ဖွဲ့ပြီးတော့ အတိုးနည်းနည်းနဲ့ ရွာသားတွေကို ချေးပေးတာပါ။ အတိုးနှုန်းကတော့ ကော်မတီ သတ်မှတ်တဲ့ အတိုင်းပါပဲ။ မြစိမ်းရောင် စီမံကိန်းဆိုပြီး ရွာတစ်ရွာကို ပေးလိုက်ရင် သူတို့ ငါးဖမ်း ရေလုပ်သားတွေက စိတ်ကြိုက် ကော်မတီ ဖွဲ့ပြီးတော့ သူတို့ကော်မတီကပဲ အတိုးနှုန်းကို ဆုံးဖြတ်ပါတယ်။ များသောအားဖြင့်က ငါးမူး၊ တစ်ကျပ်၊ တစ်ကျပ်ခွဲ အဲ့ဒီ ပတ်ဝန်းကျင်လောက်ပဲ ရှိပါတယ်။ အတိုးနှုန်းတွေ ရလာရင်လည်း အဲ့ဒီရပ်ရွာ အကျိုးပြု လူမှုရေးလုပ်ငန်းတွေမှာ သုံးနိုင်အောင်လို့ လုပ်ပေးထားပါတယ်။ နောက်ပြီး ငါးလုပ်ငန်းဦးစီးဌာနနဲ့ NGO အဖွဲ့တချို့ ပေါင်းစပ်ပြီးတော့ ကျေးရွာတွေမှာ ရေလုပ်သားတွေ တိုးတက်အောင် ဘာတွေလုပ်ရမလဲ ဆိုတာတွေကို စစ်တမ်းတွေ လိုက်ကောက်နေပါပြီ။ လှေတွေသွားလာမှု အမျိုးအစား၊ ငါးရရှိမှု ပိဿာချိန်၊ ဘယ်နေရာမှာ ငါးဖမ်းဆီးမှု ပိုများလဲ ပိုနည်းလဲ ဆိုတာကို လေ့လာနေပါတယ်။ ထွက်လာတဲ့ ရလဒ်တွေကို ကြည့်ပြီးတော့ ဘယ်လတွေမှာ ငါးသားပေါက်တွေ ရှိနိုင်တယ်။ ဘယ်ဟာတွေကတော့ အရမ်း ဖမ်းနေတယ်၊ ဆောင်ရန် ရှောင်ရန်တွေ ဖြစ်တယ်၊ ဒီဟာတွေကို စဉ်ဆက်မပြတ် ငါးဖမ်းဆီး ထုတ်လုပ်နိုင်အောင် ငါးလုပ်ငန်းဦးစီးဌာနနဲ့ အဖွဲ့အစည်းတွေ ညှိနှိုင်းပြီးတော့ လုပ်သွားမှာပါ။
မေး – NGO တွေကို ဘာတွေများ အကြံပေးခဲ့ပါသလဲ။
ဖြေ – NGO အဖွဲ့အစည်းအတွေ လာပြီးတော့ ကျေးရွာတွေမှာ ငါးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်အောင်၊ စဉ်ဆက်မပြတ် ငါးဖမ်းဆီး ထုတ်လုပ်နိုင်အောင် စစ်တမ်းကောက်ကြပါတယ်။ ရေလုပ်ငန်းလုပ်ကိုင်သူတွေ ဖွံ့ဖြိုး တိုးတက်လာအောင် အရင်းအနှီး၊ နည်းပညာ၊ ဈေးကွက် သုံးခုစလုံးကို ဖန်တီးပေးနိုင်မယ်ဆိုရင် အဆင်ပြေနိုင်မယ် လို့တော့ ကျွန်တော် အကြုံပြုထားပါတယ်။
မေး – ရေလုပ်ငန်း ပိုမို ဖွံ့ဖြိုးတိုးတက်လာအောင် ဘာတွေ အဓိက လိုအပ်တယ်လို့ မြင်ပါသလဲ။
ဖြေ – အရင်းအနှီး၊ နည်းပညာ၊ ဈေးကွက် … အဲ့ဒီသုံးခုစလုံး ကွင်းဆက်မိဖို့ လိုပါတယ်။ အဲဒီသုံးခုလုံးကို အပြည့်အဝ ထောက်ပံ့ပေးနိုင်တယ် ဆိုရင် ရေလုပ်ငန်း လုပ်ကိုင်သူတွေ ဖွံ့ဖြိုး တိုးတက်လာမှာပါ။ နည်းပညာအရ ငါးနီတူ (ပင်လယ်ငါး အသေးစား) ကို ပြုတ်ပြီးတော့ လှန်းမယ်ဆိုရင် ပိုပြီးတော့ ဈေးနှုန်း ပိုရလာမယ်။ ဈေးနှုန်းပိုရတော့ ရေလုပ်သားတွေ လုပ်ခလည်း များများ ပေးနိုင်လိမ့်မယ်။ နည်းပညာအရ ပြုတ်တဲ့အခါ ဘယ်နှမိနစ်ပြုတ်ရမလဲဆိုတာ ဒါတွေကအစ သူတို့ မသိပါဘူး။ အဲ့ဒီလိုနည်းပညာတွေ လိုပါတယ်။ ပြုတ်အိုးတွေလည်း လိုပါတယ်။ အရင်းအနှီးက လိုပြန်ရော။ ကုန်ချော ထွက်လာပြီ ဆိုရင် ဈေးကွက် ရှိဖို့ လိုပါတယ်။ နည်းပညာမြင့်မြင့်နဲ့ ထုတ်မယ်၊ ဈေးကွက်ကလည်း ဝယ်လိုအားရှိမယ်ဆိုရင် ငါးလုပ်ငန်း ပိုပြီးတော့ ဖွံ့ဖြိုး တိုးတက်လာမှာပါ။
မေး – ပုစွန်မွေးမြူခြင်းနဲ့ရော ပတ်သက်ပြီး ဘာတွေများ လုပ်ဆောင်နေပါသလဲ။
ဖြေ – သံတွဲခရိုင် ရေငန်ပုစွန်လုပ်ငန်းက လွန်ခဲ့တဲ့ ၁ဝ နှစ်လောက်က ဖွံ့ဖြိုးခဲ့ပေမယ့် အခုဆိုရင် တော်တော်လေးကို ကျဆင်းသွားပါပြီ။ ဈေးကွက်ပျက်သွားတာမျိုးတွေလည်း ပါပါတယ်။ ကျွန်တော်တို့က NGO တွေနဲ့ ပေါင်းစပ်ပြီးတော့ မွေးမြူရေးနည်းပညာ သင်တန်း ပေးနေပါတယ်။ နောင်လည်း ဆက်ပေးသွားဖို့ အစီအစဉ် ရှိပါတယ်။ ရခိုင်ပြည်နယ်မှာဆို ပုစွန်မွေးမြူနည်းက ၃ မျိုးရှိပါတယ်။ ကန်ကျယ်စနစ် ဆိုတာက အစာမကျွေးဘဲ သဘာဝအစာကို စားခြင်းအားဖြင့် မွေးမြူခြင်း၊ အစာကျွေးပြီးတော့ ၁ ဧကကို အကောင်ရေ သုံးသောင်းလောက်ထည့်ပြီး မွေးမြူတဲ့စနစ်၊ တစ်ဧကကို တစ်သိန်း နှစ်သိန်း ထည့်တဲ့စနစ် နည်းပညာတွေ ရှိပါတယ်။ ဒီမှာက ကန်ကျယ်စနစ်နဲ့ပဲ မွေးမြူတဲ့သူ များပါတယ်။ တစ်ဧက ကို ပိဿာ ၃ဝ လောက်ပဲ ထုတ်လုပ်နိုင်ပါတယ်။ ဒါမျိုးတွေကို ဌာနအနေနဲ့ စည်းရုံးပြီးတော့ တစ်ဧကကို ပိဿာ ၂ဝဝ ကနေ ၃ဝဝ လောက် ထွက်အောင် မွေးမြူတဲ့နည်းစနစ်တွေကိုလည်း ကျေးရွာတွေမှာ ဟောပြောပေးပါတယ်။ ဒါမှသာလျှင် ထုတ်လုပ်မှုတွေ တိုးတက်လာမှာပါ။
မေး – ပုစွန်မွေးပြီးတဲ့မြေက ပြန်အသုံးပြုလို့မရတာများတယ် ဆိုတော့ အဲဒါအတွက် ကြိုတင် ကာကွယ်ထားတာ ရှိပါသလား။
ဖြေ – လယ်လုပ်လို့ အဆင်မပြေတဲ့နေရာတွေ၊ လယ်လုပ်ရင် (စပါး) အထွက်နည်းတဲ့နေရာတွေကို ရွေးပြီးတော့ ပုစွန်ကန်တွေ လုပ်တာပါ။ ဒါကြောင့် လယ်ယာနဲ့ ပတ်သက်ပြီးတော့ ပြဿနာ မဖြစ်နိုင်ဘူးလို့ ထင်ပါတယ်။
မေး – ဈေးကွက်ရရှိဖို့ကိုရော ဘာတွေများ လုပ်ဆောင်နေပါသလဲ။
ဖြေ – ငါးဦးစီးဌာနအနေနဲ့ လုပ်ပေးနိုင်တာကတော့ မွေးမြူရေးနည်းပညာ သင်တန်းတွေ ရက်တို ဖွင့်ပေးတယ်။ နည်းပညာနဲ့ ပတ်သက်ပြီး ကျေးရွာတွေမှာ ဟောပြောပေးတယ်။ အချိန်မရွေး ငါးလုပ်ငန်းဦးစီးဌာနကို လာပြီးတော့ စုံစမ်းနိုင် မေးမြန်းနိုင်ပါတယ်။ ဈေးကွက်ကျတော့ ကျွန်တော်တို့ဌာနအနေနဲ့ တိုက်ရိုက် ဖော်ဆောင်ပေးလို့ မရပါဘူး။ ပေါင်းစပ်ပြီး ညှိနှိုင်းပေးလို့ပဲ ရပါတယ်။ အဓိကတော့ နည်းပညာပဲ ပေးလို့ရပါတယ်။
မေး – လုပ်ငန်းတွေဖော်ဆောင်တဲ့အခါမှာ ဦးစီးဌာနရဲ့ အဓိက အခက်အခဲက ဘာများဖြစ်မလဲ။
ဖြေ – ငါးလုပ်ငန်းဦးစီးဌာနအနေနဲ့ ရေလုပ်သားတွေရဲ့ လိုအပ်ချက်ကို မေးတဲ့အခါ သူတို့က နည်းပညာကို အားလုံး သိပြီးသားလို့ ထင်နေကြတယ်၊ အဓိက သူတို့လိုချင်တာ ငွေကြေး (အကူအညီ) ပဲ ဖြစ်နေတယ်။ ငွေကြေး ပေးတိုင်းလည်း အဆင်မပြေနိုင်ဘူး၊ နည်းပညာ တိုးတက်လာမှ သူတို့ အဆင်ပြေမယ်။ ဥပမာ ငါးအတိုင်း ထုတ်လုပ်ဖို့ထက် ငါးမုန့်(ခြောက်)လုပ်ပြီး ထုတ်လုပ်မလား။ ငါးမုန့်(ခြောက်)လုပ်တဲ့ နည်းပညာ သူတို့တတ်ရင် ငါးရောင်းတာထက် ပိုက်ဆံပိုရမယ်။ အဲ့ဒါမျိုးလေးတွေ သူတို့သိအောင်၊ တွေးခေါ်နိုင်အောင် ကွင်းဆင်းပြီးတော့ ဟောပြောပေးပါတယ်။ ဌာနအနေနဲ့က ဝန်ထမ်းအင်အားအရ နေရာတိုင်းကိုတော့ မရောက်နိုင်ဘူး။ တတ်နိုင်သလောက်တော့ လိုက်ပြီးတော့ ကွင်းဆင်းတယ်။ ရေလုပ်သားတွေ အသိစိတ်ဓာတ်ရှိအောင် ဟောပြောတယ်။ ဟောတာကို တချို့ကလည်း မလိုက်နာဘူး။ တချို့ကလည်း လိုက်နာပါတယ်။ ။