မေးမြန်းခန်း

တာတမံတွေက ဒေသခံပြည်သူတွေရဲ့ အဓိက မျှော်လင့်ချက်ပါ

ကျောက်ဖြူမြို့ကနေ စက်လှေနဲ့  ၅ နာရီကျော်ကြာအထိ စီးသွားရတဲ့ ငန်းကျွန်းဆိုတာက ပတ်ပတ်လည် မိုင် ၂ဝ လောက်ကို ကျယ်တဲ့ကျွန်း ဖြစ်ပါတယ်။ ကျွန်းထဲမှာ ကျေးရွာ ၇ ရွာတည်ရှိနေပြီး အရင်က ကျောက်ဖြူမြို့နယ်ရဲ့ ဆန်အိုးလို့ကို တင်စားလို့ရတဲ့ နေရာပါ။ ဒေသတွင်း ပုစွန်ကန်  အများဆုံးရှိခဲ့တဲ့နေရာပါ။ အခုတော့ အနေအထားက ပြောင်းလဲသွားပါပြီ။

အဲ့ဒီဒေသက လယ်သမားတွေရဲ့ လက်ရှိအခြေအနေ၊ မျှော်လင့်ချက်တွေနဲ့ ပတ်သက်ပြီး  ငန်းကျွန်းထဲမှာရှိတဲ့ ကျောက်ငူကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသိန်းမြင့်ကို သွားရောက်တွေ့ဆုံ မေးမြန်းထားပါတယ်။

မေး –  ငန်းကျွန်းရဲ့စိုက်ပျိုးရေးနောက်ခံသမိုင်းကို နည်းနည်း ပြောပြပေးပါခင်ဗျ။

ဖြေ –  ကျွန်တော်တို့ရွာရှိတဲ့ ငန်းကျွန်းဆိုတာ အကျယ်အဝန်း ပတ်ပတ်လည် မိုင် ၂ဝ လောက် ရှိပါတယ်။ အရှေ့ဘက်က တောင်ရှိပြီး အနောက်ဘက်တလျှောက်လုံးက လယ်ကွင်းတွေချည်းပဲ ရှိခဲ့တာ။ တပ်မတော်အစိုးရလက်ထက်တုန်းက ကျွန်တော်တို့ ကျွန်းဘေးက ငန်းချောင်းကို တာတမံပိတ်ပြီး စပါးကွင်း ၁၁ ကွင်းကို ဖော်ပေးခဲ့ဖူးတယ်။ အဲ့ဒီနောက်ပိုင်း ကျွန်တော်တို့မှာ လယ်ဧကပေါင်း ၅၃ဝဝ ကျော်အထိ ရှိခဲ့တယ်။ ဒီဒေသခံတွေအကုန်လုံးက လယ်ပဲလုပ်စားခဲ့ကြတဲ့ လယ်သမားတွေပါ။

မေး –  လယ်ဧက ၅ဝ ကျော်လောက်ပဲ ဒီပတ်ဝန်းကျင်မှာ လုပ်နိုင်တာကိုတွေ့ရတယ်။ ဘာဖြစ်လို့လဲခင်ဗျ။

ဖြေ –  ၂ဝ၁ဝ ပြည့်နှစ် ဂီရိမုန်တိုင်းတိုက်လိုက်တာကြောင့် တာဘောင်တွေ အကုန်ကျိုးကုန်တယ်။ လယ်တွေလည်း လုပ်လို့မရတော့ဘူး။ ဒီရေအတက်အကျမှာ ရေငန်တွေ အကုန်ဝင်လာတယ်။ ရေပြန်ကျသွားရင် ကျွန်တော်တို့ရွာကနေ ၁ မိုင်လောက်အထိ လတာပြင် ဖြစ်ကျန်ခဲ့တယ်။ ရေတက်ချိန်ဆို ရွာလမ်းမဘေးအထိ ဒီရေတက်တယ်။ အဲ့ဒီလိုဆိုတော့ ဒေသခံတွေမှာ ဘာမှလုပ်စားလို့ မရတော့ဘူး။ ရှိတဲ့လူအနည်းအကျဉ်းက ရေလုပ်ငန်းနဲ့ ဥယျာဉ်ခြံ လုပ်ကြတဲ့သူတွေ။

မေး –  ဒါဆို အခု စားဝတ်နေရေးအတွက် ဘယ်လိုရပ်တည်နေကြလဲ။

ဖြေ –  ရှင်းရှင်းပြောရရင် ကျွန်တော်တို့ရွာမှာ အိမ်ခြေ ၁၅ဝ ရှိတယ်။ လူဦးရေက ၇ဝဝ လောက် ရှိခဲ့တယ်။ အဲ့ဒီထဲကနေ ဒီမှာ ဘာမှလုပ်စားလို့ မရတော့တဲ့အတွက် အလုပ်လုပ်နိုင်၊ ကိုင်နိုင်တဲ့အရွယ်တွေ ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံတို့ကို ထွက်သွားပြီး အလုပ်လုပ်ကြတာ ၁၂ဝ ကျော်လောက်အထိ ရှိသွားပြီ။ ဒီမှာ ကျန်ခဲ့တဲ့သူတွေဆိုတာ အသက်ကြီးတဲ့သူတွေနဲ့ ကလေးတွေပဲ များတော့တယ်။ မထွက်သွားသူတချို့က ကဏန်းထောင်နဲ့ ဥယျာဉ်ခြံလုပ်ပေါ့၊ ဒါပဲရှိတော့တယ်။ လယ်လုပ်စားနိုင်တဲ့ မြေကလည်း ဧက ၁ဝဝ လောက်ပဲ ရှိတော့တယ်။ ဒါတောင်မှ တာဘောင်ပျက်စီးတာနည်းတော့ ကိုယ်ထူကိုယ်ထနဲ့ ပြန်ပြုပြင်နိုင်တဲ့ အနေအထားမို့။

မေး –  ကျောက်ဖြူမှာ ပုစွန်ကန် ခေတ်ကောင်းခဲ့တုန်းက ဒီမှာလဲ ပုစွန်ကန်တွေ လုပ်ကြတယ်လို့ သိထားတယ်။ အခုရော အဲ့ဒီလုပ်ငန်းက ဘယ်လိုအခြေအနေရှိလဲ။

ဖြေ –  ပုစွန်ခေတ်ကောင်းတုန်းက ကျွန်တော်တို့ကျွန်းကို ဒုတိယဖားကန့်လို့တောင် ခေါ်လို့ရတယ်။ ပုစွန်ကန် ၇၅ ကန် အထိ ရှိခဲ့တယ်။ ပုစွန်ကန်တစ်ခုခုကို ဧက ၂ဝ လောက်ကနေ ၁ဝဝ ကျော်အထိကို ရှိခဲ့တာ။ ၂ဝ၁၃ ခုနှစ်နောက်ပိုင်းမှာ လုံးဝကို လုပ်စားလို့ မရတော့ဘူး။ အခုဆို ၅ ကန်ပဲ ရှိတော့တယ်။ ဒါတောင်မှ ဧက ၁၅ လောက်ကနေ ၄ဝ လောက်အထိပဲ လုပ်တဲ့ ကန်တွေ။ ပုစွန်က အရင်ကလို မရတော့ ကဏန်းပဲ အဲ့ဒီထဲ ထည့်မွေးနေကြတာ။ ရတဲ့ကဏန်းလေး ရောင်းလိုက်၊ တာဘောင်ကို ပြန်ဆည်ဖို့လိုက်နဲ့ လုံးလည်ချာလည်ပါပဲ။ ပုစွန်ကန်တွေ ပြန်မလုပ်နိုင်ကြတာက တာတမံလည်း မရှိ၊ ဒေသခံတွေကလည်း ဝင်ငွေမကောင်း၊ သဘာဝဘေးကလည်း တစ်နှစ်ထက်တစ်နှစ် ဒီရေပိုများလာ၊ လှိုင်းကြီးတာနဲ့၊ ဒီကြားထဲ အလုပ်သမားကလည်း ရှားပါးလာတာနဲ့ဆိုတော့ မလုပ်နိုင်ကြတော့ဘူးလေ။ သဘာဝကရတဲ့ ပုစွန် ရှားလာလို့ သားပေါက်ထည့်မွေးဖို့ဆိုတာကလည်း ဒေသခံတွေအနေနဲ့  တာတမံပြန်လုပ်ဖို့၊ ငါးပေါက်ထည့် စနစ်တကျ မွေးဖို့ ဘယ်မလဲ အရင်းအနှီး။ ဒေသခံတွေလက်ထဲ ငွေဆိုတာ ရှိမှမရှိကြတော့တာ။

မေး –  ဒီရွာက သွားရေးလာရေးက တော်တော်ခက်ခဲတော့ ကျန်းမာရေးအတွက်ဆို ဘယ်လိုဖြေရှင်းကြလဲ။

ဖြေ –  ကျွန်တော်တို့ ငန်းကျွန်းက ကျောက်ဖြူမြို့နယ်ရဲ့ အစွန်ဆုံးပဲ။ ဒီကျွန်းဟိုဘက်က အမ်းမြို့နယ်။ အမ်းနဲ့ နီးတော့ တော်တော်များများက အရေးအကြောင်းဆို အမ်းကိုပဲ တက်သွားကြတယ်။ စက်လှေနဲ့ တစ်နာရီလောက်စီး၊ ကား တစ်နာရီလောက်စီး ဆိုတာနဲ့ အမ်းမြို့ကို ရောက်ပြီလေ။

မေး –  ဒီဒေသ ဖွံ့ဖြိုးရေးဖို့ဆိုရင် အဓိက ဘာလိုလဲ။

ဖြေ –  ကျွန်တော်တို့အတွက် ရေရှည်ရပ်တည်ဖို့က စပါးစိုက်ဖို့ပဲ။ အဲ့ဒီဟာလုပ်ဖို့ အဓိကလိုတာက တာတမံတွေပဲ။ ဟိုးအရင်ကဆို ကျွန်တော်တို့ အိမ်ထောင်စုတစ်ခုကို လယ် ၁ဝ ဧကနေ ၅ဝ ကျော်အထိ ပိုင်ခဲ့တာ။ စပါးဆိုရင်လည်း တစ်ဧကကို တင်း ၁ဝဝ ကျော်အထိကို ထွက်ခဲ့တာ။ တာဘောင်တွေဆိုတာလည်း ကိုယ်ထူကိုယ်ထလုပ်ထားတဲ့ အကျယ် ၂ ပေ၊ ၃ ပေလောက်၊ အမြင့် ၆ ပေလောက်ပဲရှိတဲ့ တာမျိုးတွေ မဟုတ်ဘူး။ ကမ်းရိုးတန်းဒေသဖြစ်တော့ လှိုင်းက ၅ ပေကနေ ၈ ပေလောက်အထိ တက်တာမျိုး ရှိတတ်တယ်။ အဲ့ဒီလှိုင်းမျိုးဆို ကျွန်တော်တို့ တာလေးတွေက မခံနိုင်ဘူး။ ပြန်ပျက်တာပဲ။ ဒါ့ကြောင့် အမြင့် ၈ ပေ၊ အကျယ် ၁ဝ ပေလောက်အထိ ရှိတဲ့တာမျိုး လုပ်ပေးဖို့လိုတယ်။ အဲ့ဒီအတွက် ငွေကလိုတယ်။ လိုတဲ့ငွေကို ဒေသခံတွေ ဘယ်လိုမှ မတတ်နိုင်ဘူးလေ။ နိုင်ငံတော်စီမံချက်မျိုးနဲ့ လုပ်ပေးမှကိုရမှာ။ ကျွန်တော်တို့ငန်းကျွန်းမှာ လိုအပ်တဲ့ တာဘောင်အရှည်က ၁၅ မိုင်လောက်အထိကို လိုတာ။

မေး –  ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ဌာနဆိုင်ရာတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေကို တင်ပြဖူးသလား။

ဖြေ –  ၂ဝ၁၆ ခုနှစ်တုန်းကတော့ ဌာနဆိုင်ရာကို ကျွန်တော် တင်ပြခဲ့ဖူးပါတယ်။ ဒါပေမယ့် အခုထိ ဘာမှမထူးခြားသေးပါဘူး။ ကျွန်တော်တို့ဒေသက မြို့နဲ့အလှမ်းဝေးတော့ ဌာနဆိုင်ရာ တချို့လောက်ပဲ တစ်ခါတလေ လာကြည့်ကြတယ်။ ၂ဝ၁၄ ခုနှစ် တုန်းက ပုစွန်ကန်လုပ်သူတွေကို ငွေချေးပေးမယ်ဆိုပြီး တစ်ခါ ကြားလိုက်သေးတယ်။ ဒါပေမယ့် အခုထိ ဘာမှမလာပါဘူး။ လွှတ်တော်ကိုယ်စားလှယ်တွေကတော့ လာကြပါတယ်။ ကျွန်တော်တို့လည်း တာတမံတွေ လိုအပ်တာကို တင်ပြကြတော့ သူတို့က လွှတ်တော်မှာ မေးခွန်း မေးပေးမယ်လို့တော့ ပြောတာပဲ။ ကျွန်တော်တို့ကသာ တင်ပြတာ။ အစိုးရဆီက အခုထိ ဘာမှကို အကူအညီမရသေးပါဘူး။ နိုင်ငံတကာအကူအညီတွေလည်း ကျွန်တော်တို့ဒေသကို မလာကြပါဘူးဗျာ။

မေး –  ကျွန်တော်တို့ ဒီရွာကို လှေနဲ့လာတုန်းက ချောင်းတွေထဲမှာ ကျားပိုက်ထောင်ထားတာ အများကြီးတွေ့ခဲ့တယ်။   

ဖြေ –  အဲ့ဒီကျားပိုက်တွေက ကျွန်တော်တို့ဒေသခံတွေ လုပ်တာမဟုတ်ဘူး။ တခြားနေရာက လာလုပ်နေကြတာ။ နောက် ကျွန်တော်တို့ဒေသခံတွေက ပင်လယ်ပြင် ငါးဖမ်းလုပ်ငန်းတွေလည်း မလုပ်ကိုင်ကြဘူး။ ကဏန်းလေး ထောင်စားကြတာပဲရှိတယ်။ ဒါတောင်မှ ကဏန်းတွေက အရင်လို မရတော့ဘူး။ အရင်ကဆို တမ်းဝင်ကဏန်းတွေပဲ ဖမ်းတာ။ အသေးတွေပါလာရင် ပြန်လွှတ်ပေးလိုက်တာ။ အခုတော့ အသေးရော၊ အကြီးရော ဘာမိမိ ရောင်းစားနေရတာပဲ။ အကြီးကိုမိတာ နည်းလာတာကိုး။ အသေးတွေပါဖမ်းတော့ ကဏန်းရတာလည်း တစ်နှစ်ထက်တစ်နှစ် ပိုပိုနည်းလာတာပေါ့။

မေး –  အစိုးရရဲ့ အကူအညီက ဘယ်လိုအနေအထားရှိလဲ။

ဖြေ –  ကျွန်တော်တို့ကို ၂ဝ၁ဝ နောက်ပိုင်းကတည်းက ဘယ်အစိုးရဆီကမှ အကူအညီမရခဲ့ဘူး။ အခုအစိုးရဆီကလည်း ဘာအကူအညီမှ မရသေးဘူး။ လက်ရှိအစိုးရကသာ ဆက်ပစ်ထားမယ်ဆိုရင် နောက် ၁၅ နှစ်၊ အနှစ် ၂ဝ အတွင်း ကျွန်တော်တို့ရွာတွေ ပျက်စီးကုန်တော့မယ်။ ရွာတွေ ပျောက်ကုန်တော့မယ်။ လူတွေက ဘာစီးပွားရေးမှ လုပ်လို့မရ၊ လုပ်မရတော့ ဝင်ငွေမကောင်း၊ အဲ့ဒီတော့ ဘယ်လိုမှ ရပ်တည်လို့မရတော့ဘူး။ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး ဘယ်လိုမှ မရပ်တည်နိုင်ကြတော့ဘူးဆိုရင် ဒေသခံတွေဟာ ရေကြည်ရာ မြက်နုရာတွေကို အကုန်ပြောင်းထွက်သွားကြတော့မှာ။ အဲ့ဒီအချိန်ဆို ရွာဆိုတာပါ လုံးဝ ရှိမှာ မဟုတ်တော့ဘူး။

Show More

Related Articles

Back to top button