အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

သတင်းစာများ ရုန်းကန်နေရချိန်တွင် အသစ်တစ်စောင် ထပ်မံ ထွက်ပေါ်

ရန်ကုန် – စောင်ရေ အကန့်အသတ်ရှိခြင်း၊ ကြော်ငြာအရ နည်းပါးခြင်းတို့ကြောင့် သတင်းစာအများအပြား ရပ်နားသွားရချိန်တွင် ရန်ကုန်အခြေစိုက် မြန်မာတိုင်းမ်က နေ့စဉ်ထုတ်ဝေခြင်းကို ဇန်နဝါရီ ၁၂ တွင် အစပြုတော့မည်ဖြစ်သည်။

ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ပုဂံမြို့များတွင် ရောင်းဈေး ကျပ် ၁ဝဝ နှုန်းဖြင့် လပေး မှာယူပါက အိမ်တိုင်ရာရောက် အခမဲ့ ပို့ဆောင်ပေးမည်ဟု ဇန်နဝါရီ ၆ နေ့စွဲဖြင့် ၁၂ စောင်မြောက် စမ်းသပ်ထုတ်ဝေမှုတွင် ဖော်ပြထားသည်။

“ချစ်သူကိုလည်း မသာစေရ၊ မုန်းသူကိုလည်း မနာစေရ ဟူသော မူကို ကိုင်စွဲကာ ပြည်သူတိုင်း ခံစားနေရသော ခံစားချက်များရင်ဖွင့်ရာ ပြည်သူ့ဟစ်တိုင်သဖွယ်” ရပ်တည်မည်ဟု မြန်မာတိုင်မ်းက ဆိုသည်။

စမ်းသပ်ထုတ်ဝေသော ၃၂ မျက်နှာပါ သတင်းစာတွင် ရေးသားဖော်ပြချက်များအရ သတင်း အရေးအသားသာမက သတင်းသမားများပါ မြန်မာတိုင်းမ်ဂျာနယ်နှင့် တူညီခြင်း မရှိကြောင်း တွေ့ရသည်။

မြန်မာတိုင်းမ်သည် အင်္ဂလိပ် မြန်မာ နှစ်ဘာသာဖြင့် အပတ်စဉ် ဂျာနယ် ထုတ်ဝေလျက်ရှိရာ ၎င်းတို့မှာ ကြော်ငြာအရဆုံး သက်တမ်းရင့် ပုံနှိပ်စာစောင်များ ဖြစ်သည်။

မြန်မာတိုင်းမ်နေ့စဉ် ထွက်ပေါ်မလာမီ ထုတ်ဝေဖြန့်ချိနေသော နေ့စဉ်ထုတ် ပုဂ္ဂလိက သတင်းစာများမှာ စံတော်ချိန်၊ 7DAY, Eleven, The Voice, ဒီမိုကရေစီတူဒေး၊ ပြည်ထောင်စုနေ့စဉ်တို့ ဖြစ်သည်။

ကာကွယ်ရေးဝန်ကြီးဌာန၏ မြဝတီ၊ ပြန်ကြားရေးဝန်ကြီးဌာန၏ မြန်မာ့အလင်း၊ ကြေးမုံတို့မှာ တပ်မတော်နှင့် အစိုးရပိုင်းဆိုင်ရာ သတင်းများကို ဦးစားပေး ဖော်ပြလျက်ရှိသည်။

စောင်ရေအများဆုံး၊ ကြော်ငြာ အများဆုံး ဖြစ်သော မြန်မာ့အလင်း၊ ကြေးမုံတို့အတွက် အစိုးရက နယ်မြို့ကြီးတချို့တွင် ကိုယ်ပွားသတင်းစာတိုက် ခေါ် ပုံနှိပ်တိုက်များ စီစဉ်ပေးထားသည်။

သတင်းစာများ ရပ်နားခြင်း

ပုဂ္ဂလိကသတင်းစာတို့ကို ၂၀၁၃ တွင် ထုတ်ဝေခွင့်ပြုခဲ့ခြင်း ဖြစ်ပြီး ထိုစဉ်က သတင်းစာအရေအတွက် ဆယ်စောင်ခန့် ရှိခဲ့ရာမှ အများအပြားမှာ နောက်ပိုင်းတွင် ရပ်နားသွားရသည်။

ကြော်ငြာဈေးကွက်မြင့်တက်လာခြင်း မရှိသည့်အတွက် ပုဂ္ဂလိက သတင်းစာ ထုတ်ဝေမှု ပိုမို လျော့နည်းလာခြင်းဖြစ်သည်ဟု မြန်မာ သတင်းမီဒီယာကောင်စီဝင်တစ်ဦးဖြစ်သည့် ဦးမြင့်ကျော်က သုံးသပ်သည်။

“အစိုးရသတင်းစာနဲ့လည်း အပြိုင်ဖြစ်နေတယ်၊ အစိုးရသတင်းစာက စောင်ရေအား ဖြင့်သာတယ်၊ ဖြန့်ချိရေးစနစ်မှာလည်း သယ်ယူပို့ဆောင်မှုတွေမှာသုံးတော့ အဲ့ဒီဟာတွေကြောင့် ပျံ့နှံ့မှုများတယ်၊ ဒီလိုဆိုတော့ ကြော်ငြာတွေက အဲဒီအပိုင်းတွေပဲ သွားကြတော့တယ်” ဟု ဦးမြင့်ကျော်က ရှင်းပြသည်။

ကြော်ငြာကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Mango Group မှ ညွှန်ကြားရေးမှူးတစ်ဦးဖြစ်သူ ဒေါ်အေးနှင်းဆွေကလည်း စီးပွားရေး သိသိသာသာ တိုးတက်ပြောင်းလဲလာခြင်း မရှိသည့် ယနေ့ကာလတွင် လုပ်ငန်းရှင်တို့က ရုပ်သံဌာနများတွင်သာ ပိုမိုကြော်ငြာနေကြသည်ဟု The Voice သတင်းစာကို မကြာသေးခင်က ပြောသည်။

မြန်မာ့အလင်း၊ ကြေးမုံတို့သည် နိုင်ငံသားတို့၏ အခွန်ဘဏ္ဍာငွေ၊ နိုင်ငံပိုင် ပုံနှိပ် ထုတ်ဝေ ဖြန့်ချိရေး ယန္တရားတို့ကို အသုံးပြုပြီး ပုဂ္ဂလိက စာနယ်ဇင်းများနှင့် ပြိုင်၍ ကြော်ငြာရှာဖွေလက်ခံခြင်းတို့ကို လုပ်ကိုင်နေသည်ဟု ဝေဖန်သူများက အဆက်မပြတ် ထောက်ပြလျက်ရှိသည်။

လူအင်အား၊ ငွေကြေးအင်အား၊ စက်ပစ္စည်း ယန္တရား အသုံးပြုနိုင်မှု အဆမတန် ကွာခြားသောကြောင့် ပုဂ္ဂလိက သတင်းစာများအတွက် မျှတသည့် ပြိုင်ဆိုင်မှု မဟုတ်ကြောင်း မီဒီယာသမား အများအပြားက ဆိုသည်။

တချို့ကမူ အစိုးရသည် ပြည်သူ့ပိုက်ဆံကို အသုံးပြုပြီး သတင်းစာကို အရှုံးခံ ထုတ်ဝေနေသည်ဟုပင် ဝေဖန်ကြသည်။

ပြန်ကြားရေးဝန်ကြီးဌာန ထိပ်တန်းပုဂ္ဂိုလ်တစ်ဦးကမူ အစိုးရ၏ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းသည် အရှုံးမရှိကြောင်း ၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီ လကုန်ပိုင်း ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတစ်ခုတွင် ပြောဆိုထားသည်။

၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာ နှစ်တွင် အမြတ်ငွေကျပ် ၆,၅၄၄ သန်း ရရှိကြောင်း၊ ဝင်ငွေခွန်နှင့် နိုင်ငံတော်ထည့်ဝင်ငွေ နုတ်လိုက်လျှင် အမြတ် သန်း ၃,၅ဝဝ ကျော်ကြောင်း ထိုစဉ်က ပြန်ကြားရေး ဒုတိယဝန်ကြီးက လွှတ်တော်တွင် ပြောသည်။

အစိုးရအာဘော် သတင်းစာများဖြစ်သည့် မြန်မာ့အလင်း၊ ကြေးမုံတို့ကို အဖြူအမည်းဖြင့် ပုံနှိပ်ထုတ်ဝေရာမှ အရပ်သားအစိုးရတက်လာပြီး နောက်ပိုင်းတွင် အရောင် စုံလင်စွာ ထုတ်ဝေနိုင်ခဲ့သည်ကို တွေ့ရသည်။

ဤသတင်း ရေးသားသူ နန်းညိုညိုဝင်းသည် ပအိုဝ်းတိုင်းရင်းသားဘာသာဖြင့် ထုတ်ဝေသော The People’s Voice ဂျာနယ်မှ ဖြစ်ပြီး Myanmar Now တွင် အလုပ်သင်သတင်းထောက်အဖြစ် ခေတ္တ လုပ်ကိုင်လျက်ရှိသည်။

Related Articles

Back to top button