သတင်း

ရှမ်းတောင်ပိုင်း ပဲပုပ်တောင်သူတို့ ရာသီဥတုကို ရဲရဲရင်ဆိုင်နိုင်ပြီ

ပင်းတယ – ပဲနို့၊ တိုဟူးဖြူတို့ ထုတ်လုပ်နိုင်တဲ့ ပဲပုပ် စိုက်ပျိုးရေးလုပ်ငန်းကို ဌာနဆိုင်ရာတွေ၊ အဖွဲ့အစည်းတွေက နည်းပညာ၊ မျိုးစေ့၊ နဲ့ စက်ပစ္စည်း ကူညီတာကြောင့် သီးနှံပျက်စီးဆုံးရှုံးမှု လျော့ပါးလာတော့မယ်လို့ ရှမ်းပြည်နယ်တောင်ပိုင်း တောင်သူတွေက မကြာသေးခင်က ပြောကြပါတယ်။

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်မှာ နေထိုင်သူ ဦးလှမင်းက စိုက်ပျိုးရေးဦးစီးဌာနက ထုတ်လုပ်ဖြန့်ဖြူးထားတဲ့ အရည်အသွေးမြှင့် ပဲပုပ်စေ့တွေကို ကိုင်ကြည့်ရင်း ပီတိဖြစ်တဲ့ အပြုံးနဲ့ ပြုံးနေပါတယ်။

မနှစ်က ရိတ်သိမ်းချိန်မှာ မိုး သဲသဲမဲမဲရွာသွန်းမှုနဲ့ ကြုံခဲ့ပြီး သီးနှံတချို့ ဆုံးရှုံးခဲ့ပေမဲ့ အခုတော့ ရာသီဥတုကို နည်းပညာအကူအညီနဲ့ ရင်ဆိုင်ဖို့ ၅၂ နှစ်အရွယ် ဓနုတိုင်းရင်းသားကြီးက အသင့်ဖြစ်နေပုံပါပဲ။

“ချွေလှေ့စက်တွေ၊ အခြောက်ခံဖို့စက်တွေလည်း ရှိနေပြီ ဆိုတော့ အောင်မြင်နိုင်ပါတယ်” လို့ တောင်ရွှေပုထိုးကျေးရွာက ဦးလှမင်းက ယုံကြည့်ချက်ရှိတဲ့ လေသံနဲ့ ပြောလိုက်ပါတယ်။

မနှစ်က ပဲပုပ် ၁ ဧကပဲ စိုက်ပျိုးပေမယ့် ဒီနှစ်ဆန်းပိုင်း ပဲပုပ်စိုက်ပျိုးတဲ့ ရာသီမှာတော့ ငါးဆ တိုးချဲ့ စိုက်ပျိုး လုပ်ကိုင်မယ်လို့ သူက ပြောပါတယ်။

ရပ်စောက်မြို့နယ် အလယ်ချောင်ကျေးရွာသား ကိုလှမျိုးဇော်ရဲ့ ၁ဝ ဧက ပဲပုပ်စိုက်ခင်းလည်း မနှစ်က ရိတ်သိမ်းချိန်မှာ မိုးမိသွားပါတယ်။ အဲဒီဖြစ်ရပ်နောက်ပိုင်း ရာသီဥတုဒဏ်ခံလိုက်ရတဲ့ ဒေသခံတွေဟာ Winrock International ဆိုတဲ့ စိုက်ပျိုးရေးဆိုင်ရာ အကူအညီပေးရေးအဖွဲ့နဲ့ ဆွေးနွေးခဲ့ကြပါတယ်။ အခုတော့ ဒီအဖွဲ့ရဲ့ အကူအညီနဲ့ အခြောက်ခံစက်တစ်လုံးကို ရွာမှာ တည်ထောင်နိုင်ခဲ့ပြီး အရည်အသွေးပိုကောင်းတဲ့ ပဲပုပ်မျိုးစေ့တွေလည်း ရှိနေပါပြီ။

“စိုက်ကွင်းထဲမှာ ချင်ချင်းရိတ်ပြီးတော့ အပင်လိုက် အခြောက်ခံလို့ ရတဲ့ စနစ်တွေ ရှိတယ်” လို့ ကိုလှမျိုးဇော်က ပြောပါတယ်။

တောင်သူတို့အတွက် အကူအညီ

ရှမ်းပြည်နယ်၊ စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးသိန်းဝင်းက ရိတ်သိမ်းချိန်မှာ မိုးလွတ်အောင် စောပြီး စိုက်ပါ၊ သက်တမ်းတိုတဲ့ ပဲပုပ်အမျိုးအစားကို ရွေးပါ၊ မျိုးကောင်းမျိုးသန့်ကို စိုက်ပျိုးကြပါလို့ တောင်သူတွေကို တိုက်တွန်းနေကြောင်း ရှင်းပြပါတယ်။

“ရာသီဥတုကပြောင်းလဲနေတာ။ ရာသီဥတုနဲ့ချိန်ဆပြီး စိုက်ပျိုးရမယ်ဆိုပြီး အသိပညာပေးနေပါတယ်” လို့ ရှမ်းပြည်နယ် စိုက်ပျိုးရေး ဦးစီးမှူးက ပြောပါတယ်။

အရည်အသွေးမီတဲ့ ပဲပုပ်အမျိုးအစားတွေရရှိရေး၊ ချိန်ခါမဟုတ် မိုးရွာတာမျိုးလို ပြောင်းလဲလာတဲ့ ရာသီဥတုကို ရင်ဆိုင်နိုင်ရေးတို့အတွက် Winrock အဖွဲ့က အခြောက်ခံစက်၊ လက်တွန်းမျိုးစေ့ချကိရိယာ၊ မျိုးစေ့သိုလှောင်ခြင်းနည်းပညာ စတာတွေကို အကူအညီပေးနေပါတယ်။

ဒီအဖွဲ့ရဲ့ စီမံကိန်းအရာရှိတစ်ဦးဖြစ်တဲ့ ဦးသက်ဆွေက ဈေးကွက်အလားအလာကောင်းတဲ့ ပဲပုပ်နဲ့ ပတ်သက်ပြီး အကူအညီပေးဖို့ သူတို့အဖွဲ့က ရွေးချယ် ဆုံးဖြတ်ထားတယ်လို့ ပြောပါတယ်။

တောင်သူ ကိုလှမျိုးဇော်က စက်ကိရိယာနဲ့ နည်းပညာအကူအညီတွေအပြင် သူတို့ရဲ့ လိုအပ်ချက် နောက်တစ်ခုကတော့ ချေးငွေ ဖြစ်တယ်လို့ ဆိုပါတယ်။

“ပဲပုပ်ဈေးကွက်က ကြီးတယ်။ ကျွန်တော်တို့က စိုက်ချင်တယ်။ ကျွန်တော်တို့တောင်သူတွေမှာ နည်းပညာလိုတယ်။ ငွေကြေးအရင်းအနှီးတွေလည်းလိုအပ်တယ်။ အတိုးနှုန်းနည်းနည်းနဲ့ ကျွန်တော်တို့ တောင်သူတွေကို ချေးငှားပေးဖို့ပေါ့။ လိုအပ်လာရင် ဘယ်ကနေ သွားချေးလို့ရလဲ မသိတာတွေနဲ့ ရင်ဆိုင်နေရပါတယ်” လို့ ရပ်စောက်မြို့နယ်က တောင်သူ ကိုလှမျိုးဇော်က ရှင်းပြပါတယ်။

လယ်ယာသုံးစက်ကိရိယာတွေကို အရစ်ကျဝယ်ယူရေးအတွက် ကနဦးသွင်းရမယ့် ငွေပမာဏ များပြားတတ်တာကြောင့် အစိုးရဆီက အတိုးနှုန်းပါးတဲ့ ချေးငွေလည်း မျှော်လင့်ကြောင်း ပဲပုပ်တောင်သူ ကိုလှမျိုးဇော်က ပြောပါတယ်။

ဈေးကွက်

ပဲပုပ်ကို ရှမ်းပြည်နယ် တောင်ပိုင်း ရပ်စောက်နဲ့ပင်းတယနယ်တွေမှာ အများဆုံး စိုက်ပျိုးတယ်၊ ပြည်နယ်အတွင်း ပဲပုပ်စိုက်ပျိုးဧက ၂သိန်းကျော်ရှိတယ်၊ ဒါဟာ တစ်နိုင်ငံလုံး ပဲပုပ်စိုက်ပျိုးမှုရဲ့ ၅၂ရာခိုင်နှုန်း ဖြစ်ပါတယ်။ ပဲပုပ်စိုက်ခင်းတွေကို ဧရာဝတီ၊ ပဲခူး၊ စစ်ကိုင်း၊ မန္တလေး အစရှိတဲ့ တိုင်းဒေသကြီးတို့မှာလည်း တွေ့နိုင်ပါတယ်။

Winrock ရဲ့ ၂ဝ၁၅ မတ်လ ထုတ်ပြန်ချက်တစ်ခုမှာ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံရဲ့ ပဲပုပ်စားသုံးမှုက နှစ်စဉ် သန်းပေါင်း ၈၆.၂ တန် ရှိတယ်လို့ ဖော်ပြထားပါတယ်။ ဒါကြောင့် တရုတ်ဟာ မြန်မာအတွက် ကြီးမားတဲ့ ပဲပုပ်ဈေးကွက်တစ်ခုပါပဲ။

၂ဝ၁ဝ မတိုင်ခင်အထိ တရုတ်ကို ပဲပုပ် ပို့ခဲ့တဲ့ လုပ်ငန်းရှင်တစ်ဦးကတော့ ဦးအောင်ဆန်းဝင်း ဖြစ်ပါတယ်။ သူက မြန်မာနိုင်ငံကုန်သည်ကုန်သည်ကြီးများနဲ့စက်မှုလုပ်ငန်းရှင်များအသင်းရဲ့ ရှမ်းပြည်နယ်တောင်ပိုင်းဒေသ ဥက္ကဋ္ဌလည်း ဖြစ်ပါတယ်။

ရှမ်းတောင်ပိုင်းက ထွက်တဲ့ ပဲပုပ်တွေကို တရုတ်နိုင်ငံဘက် ပို့ခဲ့တာ နေ့စဉ် တန် ၅ဝ ကနေ ၁ဝဝ အထိ ရှိတယ်လို့ Myanmar Now ကို ပြောပါတယ်။

၂ဝ၁ဝနောက်ပိုင်းမှာတော့ တရုတ်နိုင်ငံက ပဲပုပ်တန်ချိန် ၅,ဝဝဝ ကနေ ၁ဝ,ဝဝဝ ကြား ပို့ဖို့ တောင်းဆိုလာတယ်၊ ဈေးကွက်လိုအပ်ချက် မဖြည့်ဆည်းပေးနိုင်တာကြောင့် ပဲပုပ် တင်ပို့မှုကို ရပ်ဆိုင်းလိုက်ရတယ်လို့ သူက ရှင်းပြတယ်။

“စိုက်ပျိုးရေးသုတေသနက စမ်းသပ်စိုက်ပျိုးမယ်။ ထွက်အားကောင်းအောင် လုပ်မယ်။ ဈေးကွက်ရှိလား။ ဈေးကွက်ရှိအောင် လုပ်ပေးမယ်။ ဒါတွေကို သူတို့က ဦးဆောင်ရမှာပေါ့” လို့ ဦးအောင်ဆန်းဝင်းက ပြောပါတယ်။

စိုက်ပျိုးရေးဦးစီးဌာန ရှမ်းပြည်နယ် ပြည်နယ်မှူး ဦးသိန်းဝင်းကတော့ ဈေးကွက်ဖော်ဆောင်ဖို့ဟာ ကုန်သည်တွေရဲ့ တာဝန်ဖြစ်တယ်လို့ ဆိုပါတယ်။

ဈေးကွက်လိုအပ်ချက်ရှိလာတဲ့အခါမှာ စိုက်ပျိုးရေးဦးစီးဌာနနဲ့ တွေ့ဆုံဆွေးနွေးပါ၊ အရည်အသွေးအပါအဝင် လိုအပ်ချက်တွေအတွက် တောင်သူတွေနဲ့ ညှိနှိုင်းဆောင် ရွက်သွားရမှာ ဖြစ်တယ်လို့ ပြောပါတယ်။

“စိုက်ပျိုးရေးဦးစီးဌာနနဲ့ ချိတ်ဆက်ဖို့တော့ လိုအပ်ပါတယ်။ တန်ဘယ်လောက်လိုချင်သလဲ။ ဘယ်လိုအရည်အသွေးတွေကို လိုချင်သလဲ၊ ဒါကိုသိဖို့ လိုပါတယ်။ နိုင်ငံခြားကိုတင်ပို့နိုင်တဲ့ ဈေးကွက်သာ တကယ် ရှိမယ်ဆိုရင် ကုန်သည်တွေ လိုအပ်သလောက် စိုက်ပျိုးရေးဦးစီးဌာနက လယ်သမားတွေနဲ့ ပူးပေါင်းပြီးတော့ ဆောင်ရွက်ပေးနိုင်ပါတယ်” လို့ သူက Myanmar Now ကို ပြောပြပါတယ်။ ။

Show More

Related Articles

Back to top button