သတင်း

ကွမ်းခြံကုန်းမှ သတ်သေသွားသူအတွက် တရားမျှတမှုရရန် မိသားစု တောင်းဆို

ရန်ကုန် – ကွမ်းခြံကုန်းမြို့နယ်၊ ကျွန်းချောင်းကျေးရွာမှ အမျိုးသမီးငယ်တစ်ဦး မတရားကျင့်ခံရခြင်းနှင့် ပတ်သက်ပြီး တရားမျှတမှု ရလိုကြောင်း မိသားစုနှင့် ဒေသခံတို့က ဇန်နဝါရီ ၁၅ ရက်နေ့တွင် ပြောသည်။

၁၈ နှစ် အရွယ် မဖူးပွင့်ဖြူ ခေါ် မဝင်းဝင်းထက်သည် ထိုဖြစ်ရပ်နှင့် ကြုံတွေ့ရပြီး စိတ်ဒဏ်ရာရကာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားကြောင်း မိသားစု သေဆုံးမှု တစ်လ ပြည့်ချိန်တွင် သတင်းထောက်များကို ပြောသည်။

ဒီဇင်ဘာ ၈ရက်နေ့ညက မဖူးပွင့်ဖြူ ခေတ္တ ပျောက်ဆုံးသွားကြောင်း၊ နောက်ပိုင်းတွင် ဦးခေါင်းဒဏ်ရာဖြင့် ပြန်တွေ့ရကြောင်း၊ မတရားကျင့်ခံရခြင်းနှင့် ပတ်သက်ပြီး မိသားစုကို ချက်ချင်း ထုတ်ဖော်ပြောဆိုခြင်း မပြုခဲ့ကြောင်း သိရသည်။

“အဓမ္မပြုကျင့်ခံရတဲ့နေ့က သမီးကို လိုက်ရှာကြတော့ အုပ်ချုပ်ရေးမှူး၊ တိုက်နယ်စခန်းမှူးတွေ ပါတယ်။ သူတို့ နောက်ရက်တွေ အိမ်ကိုလာမယ်ပြောပြီး ထပ်မလာကြဘူး” ဟု မိန်းကလေး၏ မိခင် ဒေါ်ခင်ညွှန့်ရီက ပြောသည်။

အမှုဖြစ်ပွားပြီးနေ့နောက်ပိုင်း ချက်ချင်း အရေးယူဆောင်ရွက်ပါက စိတ်သက်သာရာ ရပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သည့်ဖြစ်ရပ် ပေါ်ပေါက်မည် မဟုတ်ကြောင်း၊
ဥပဒေစိုးမိုးရေးအရာရှိတို့ ပြည်သူ့အကျိုးဆောင်ရာတွင် မြန်မြန်ဆန်ဆန် ဖြစ်စေလိုကြောင်း မိသားစုနှင့် ဒေသခံတချို့က ပြောသည်။

ကွမ်းခြံကုန်းမြို့နယ် ရဲစခန်းမှ ရဲအုပ် ဦးဝဏ္ဏမောင်မောင်က ရဲတပ်ဖွဲ့အနေဖြင့် သံသယရှိသူကို လိုက်လံ စုံစမ်းကာ ဖမ်းဆီးစစ်ဆေးပြီး ဖြစ်သည်ဟု ပြောသည်။

“ဒီအမှုဖြစ်တာက တော်တော်ကြာပြီ။ တရားတောင် စွဲပြီးသွားပြီ” ဟု ဦးဝဏ္ဏမောင်မောင်က ပြောသည်။

ကိုသိန်းထက်အောင်၊ ကိုရွှေလင်းထွန်း၊ မိန်းကလေး၏ရည်းစားဖြစ်သူ ကိုအောင်မိုးနိုင်တို့ကို ပြစ်မှု ကျူးလွန်သူများဟု ယူဆပြီး ဖမ်းဆီး စစ်ဆေးခဲ့ကြောင်း၊ သုံးယောက်လုံးကို ပုဒ်မ ၃၇၆၊ မုဒိမ်းမှုဖြင့် တရားစွဲထားကြောင်း ရဲအုပ်က ပြောသည်။

ဇန်နဝါရီ ၁၉ ရက်နေ့တွင် ရုံးတင် စစ်ဆေးရန် ချိန်းဆိုထားသည်ဟု ရဲအုပ်က ဆက်ပြောသည်။

မိန်းကလေး၏ မိခင် ဒေါ်ခင်ညွှန့်ရီက ပြစ်မှုကျူးလွန်သူ မည်သူမည်ဝါ ဖြစ်သည်ကို မှန်မှန်ကန်ကန် ဖော်ထုတ်စေလိုသည်ဟု ကျွန်းချောင်းကျေးရွာသို့ ရောက်လာသော သတင်းထောက်များကို ပြောသည်။

“အမှုမှန်ကို ဖော်ထုတ်ပြီးတော့ ဒီအမှုကို အမြန်ဆုံး ပြီးစေချင်တယ်။ မဟုတ်မမှန် မဖြစ်စေချင်ဘူး။ ပြတ်ပြတ်သားသားလည်း လုပ်စေချင်တယ်။ သမီးလည်း အသက်ဆုံးရှုံးသွားပြီ” ဟု မိခင် ဒေါ်ခင်ညွှန့်ရီက ဆိုသည်။

(သိင်္ဂီဝင်းတင်သည် Myanmar Now ၏ အလုပ်သင်သတင်းထောက်တစ်ဦး ဖြစ်သည်။)

Show More

Related Articles

Back to top button