ပညာရေး

ပညာရေးဝန်ထမ်းဖြစ်လိုသူ ခွဲခြားဆက်ဆံခံရမှုကို မသန်စွမ်းအဖွဲ့ ကန့်ကွက်

ပညာရေးဌာနတွင် ပညာသင်ယူရေး၊ ဆရာ/ဆရာမ ခန့်ထားရေးတို့နှင့် ပတ်သက်ပြီး ခွဲခြားဆက်ဆံမှုများ ရပ်တန့်ပေးရန် မသန်စွမ်းသူများအရေး လုပ်ကိုင်နေသူများက ဖေဖော်ဝါရီ ၁ ရက်နေ့တွင် တောင်းဆိုလိုက်သည်။

ရှမ်းပြည်နယ် တောင်ကြီးမြို့တွင် ၂ဝ၁၆/၂ဝ၁၇ ပညာသင်နှစ်က ပညာရေးကောလိပ်ဝင်ခွင့် ရရှိထားသော ကျောင်းသားတစ်ဦးသည် လူတွေ့စစ်ဆေးမှုအပြီးတွင် “ဘယ်ဘက်လက်ချောင်းများ ပုံစံမမှန်သည်ကို တွေ့ရသည်” ဟူသော မှတ်ချက် ပေးခံရကြောင်း၊ ပညာသင်ယူခွင့် ရရှိရန် စောင့်ဆိုင်းနေဆဲဖြစ်ကြောင်း Morning Stars ဉာဏ်ရည်မသန်စွမ်းသူများအဖွဲ့ ဥက္ကဋ္ဌ ဒေါ်သန်းနွယ်အောင်က ရန်ကုန်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောသည်။

ကျောင်းဆက်တက်ခွင့်ရနိုင်ရေးအတွက် ပညာရေးကောလိပ် တာဝန်ရှိသူထံ သွားရောက် တွေ့ဆုံရာတွင် သတ်မှတ်စည်းကမ်းချက်အတိုင်း ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း၊ ကျောင်းဆက်တက်လိုပါက ပူးနေသော လက်ချောင်းတို့ကို ခွဲစိတ်ရန် လိုအပ်မည်ဟု တုံ့ပြန်ခဲ့ကြောင်း တောင်ကြီးမြို့ အခြေစိုက် မသန်စွမ်းအဖွဲ့မှ ဒေါ်သန်းနွယ်အောင်က ဆိုသည်။

ခြေထောက် မသန်သော ဒေါ်သန်းနွယ်အောင်သည် စာရင်းကိုင်သင်တန်းနည်းပြအဖြစ် လုပ်ကိုင်လျက်ရှိပြီး လူ့အခွင့်အရေးလှုပ်ရှားမှုများတွင် ပါဝင်ဆောင်ရွက်နေသူတစ်ဦး ဖြစ်သည်။

မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အကြံပေး ဦးနေလင်းစိုးကလည်း မသန်စွမ်းသော ကျောင်းဆရာ ဆရာမကို မြင်လျှင် ကျောင်းသူ ကျောင်းသားများ စိတ်ဓာတ်ကျနိုင်သည်ဟူသော အယူအဆမှာ မှားယွင်းနေကြောင်း ပြောသည်။

“သာမန်ကျောင်းသားတွေ ကျွန်တော်တို့ကိုကြည့်ပြီး အတုယူ အားကျနိုင်တဲ့အထိ ကျွန်တော်တို့ မသန်စွမ်းတွေ အများကြီး စွမ်းဆောင်နိုင်တယ်။ မသန်စွမ်းသူတစ်ယောက် အရည်အချင်းရှိလို့ ကျောင်းဆရာဖြစ်တယ် ဆိုရင် အသိအမှတ်ပြုသင့်တယ်” ဟု ၎င်းက ဆက်ပြောသည်။

မြန်မာပြည်တွင် မသန်စွမ်းသူ အရေအတွက်၂၃ သိန်း ရှိရာ နိုင်ငံလူဦးရေ၏ ၄.၆ % ဖြစ်သည်ဟု ဦးနေလင်းစိုးက ၂ဝ၁၄ ခုနှစ် သန်းခေါင်စာရင်းကို ကိုးကားပြီး ရှင်းပြသည်။

ရန်ကုန်မြို့မှ မသန်စွမ်းသူတစ်ဦး၏ မိခင်ဖြစ်သူ ဒေါ်ခင်မျိုးစုကလည်း မသန်စွမ်းသူတို့အပေါ်အမြင် ပြောင်းလဲစေချင်သည်ဟု ပြောသည်။

မသန်စွမ်းသူတို့၏အခွင့်အရေးဆိုင်ရာ ပြဋ္ဌာန်းချက်များ၊ ဥပဒေများကို မည်သည့်ဌာန၏ စည်းမျဉ်းစည်းကမ်းတို့က ဆန့်ကျင်နေကြောင်း သိရှိပြီး အရေးယူ ဖြေရှင်းပေးရန် အစိုးရကို တောင်းဆိုလိုသည်ဟု ဒေါ်ခင်မျိုးစုက ပြောသည်။

မသန်စွမ်းသူများအရေး လုပ်ကိုင်နေသူတို့၏ တောင်းဆိုချက်များနှင့် ပတ်သက်ပြီး ပညာရေးဌာန အရာရှိအများအပြားကို ဆက်သွယ်စဉ် ဆရာအတတ်သင်ပညာရေးဌာန ဒုညွှန်ကြားရေးမှူးချုပ် ဒေါက်တာ အောင်အောင်မင်းက မှတ်ချက် အနည်းငယ် ပေးခ့သည်။

“ဒီကိစ္စနဲ့ ပတ်သက်ပြီး ခုချိန်မှာတော့ ဘာမှပြောလို့မရသေးဘူး။ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနဲ့ ကျွန်တော်တို့တွေပေါင်းပြီး ပူးပေါင်းဆောင်ရွက်မှာပါ” ဟု ဒုညွှန်ကြားရေးမှူးချုပ်က ပြောသည်။

မြန်မာနိုင်ငံသည် မသန်စွမ်းသူများ တန်းတူအခွင့်အရေးနှင့် ပတ်သက်သည့် ကုလသမဂ္ဂအပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း၊ ကုလသမဂ္ဂ မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ် စသည်တို့ကို သဘောတူလက်မှတ်ထိုးထားသည်။

(သိင်္ဂီဝင်းတင်သည် Myanmar Now ၏ အလုပ်သင်သတင်းထောက်တစ်ဦး ဖြစ်သည်။)

Show More

Related Articles

Back to top button