
ရန်ကုန် – တရားလွှတ်တော်ရှေ့နေ ဦးကိုနီလုပ်ကြံခံရမှုနဲ့ ဆက်စပ်ပြီး ဒုတိယမြောက်ဖမ်းဆီးရမိထားတဲ့သူဟာ အသက် ၄၆ နှစ်အရွယ် ဦးအောင်ဝင်းဇော်လို့ နိုင်ငံတော်သမ္မတရုံးက ယခုလ ၃ ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ဦးကိုနီကို ရန်ကုန်လေဆိပ်မှာ အနီးကပ်လုပ်ကြံခဲ့ပြီး အခင်းဖြစ်ရာနေရာမှာ ဖမ်းခံရတဲ့ ဦးကြည်လင်းနဲ့အတူ ဦးအောင်ဝင်းဇော်ဟာ ပြစ်မှုကျူးလွန်ရာမှာ ပါဝင်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တကယ်တော့ သူတို့နှစ်ဦးလုံးဟာ ရာဇဝတ်မှုတစ်ခုကို အတူတူကျူးလွန်တယ်ဆိုတာ ဒါ ပထမဆုံးအကြိမ် မဟုတ်တော့ပါဘူး။ သူတို့နှစ်ဦးဟာ ၂၀၀၃ ခုနှစ်လောက်မှာ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်တွေကို နိုင်ငံခြားကို တရားမဝင်ခိုးထုတ်မှုနဲ့ မန္တလေး အိုးဘိုထောင်မှာ အတူတူထောင်ကျခဲ့ဖူးကြောင်းကို ထိုအချိန်က တာဝန်ကျခဲ့ဖူးတဲ့ ထောင်ဝန်ထမ်းများ၊ ရာဇဝတ်အကျဉ်းသားဟောင်းများနဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းများကပါ Myanmar Now ကို အတည်ပြုပြောဆိုပါတယ်။
ဦးအောင်ဝင်းဇော်ဟာ ထိုအမှုနဲ့ထောင်မကျခင်၊ အခြားအမှုတစ်ခုနဲ့လည်း ထောင်ကျဖူးကြောင်း၊ ပြီးတော့ သူဟာ စစ်စည်းကမ်းဖောက်ဖျက်တယ်ဆိုတဲ့ ပြစ်ချက်နဲ့ ထုတ်ခံထားရတဲ့ တပ်မတော်အရာရှိဟောင်းတစ်ယောက်ဖြစ်ကြောင်းလည်း သိရပါတယ်။
သူဟာ လွန်ခဲ့တဲ့နှစ်နှစ်ကျော်က ထောင်ကလွတ်လာပြီး ရန်ကုန်၊ သာကေတမြို.နယ်၊ ၁ ရပ်ကွက်၊ ထူပါရုံအရှေ့ ၁၆ လမ်း၊ အိမ်အမှတ် ၁၂၅၉ မှာ ရှိတဲ့ လုံးချင်းနှစ်ထပ်တိုက်မှာ သူ့မိသားစုနဲ့ လာရောက်နေထိုင်ကြောင်း သိရပါတယ်။ သူနေထိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရဲ့ပြောဆိုချက်အရ ဦးကိုနီသတ်ခံရပြီးကတည်းက ဒီအိမ်ခြံဝင်းရဲ့ သံတံခါးမကြီးကို ပိတ်ထားတာကို တွေ့ရှိကြောင်း၊ နောက်ပြီး ဦးအောင်ဝင်းဇော်ကို လက်ထိတ် ၄၊ ၅ ခုနဲ့ ရဲတပ်ဖွဲ့ဝင်အများအပြားက ဒီအိမ်ကို မကြာသေးမီရက်ပိုင်းအတွင်းက ခေါ်ဆောင်လာတယ်လို့ ဆိုပါတယ်။
ရပ်ကွက်အုပ်ချုပ်မှူးတစ်ဦးထံမှ ရရှိခဲ့တဲ့ ဦးအောင်ဝင်းဇော်ရဲ့ မိသားစုသန်းခေါင်စာရင်း ဓာတ်ပုံမှတ်တမ်းအရ သူ့ဇနီးသည်မှာ အသက် ၄၂ ရှိသူ ဒေါ်မင်းမင်းထိုက်ဖြစ်ပြီး၊ သူ့တစ်ဦးတည်းသောသားမှာ အသက် ၁၉ နှစ် ရှိပြီဖြစ်ပါတယ်။
ဦးအောင်ဝင်းဇော်ရဲ့ဇာတိကတော့ ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံလမ်း အထက်ဘလောက် တိုက်နံပါတ် ၂၅၆ ဖြစ်ကြောင်း၊ ကွယ်လွန်ပြီဖြစ်တဲ့ သူ့ဖခင်မှာ တပ်မတော်အရာရှိ အငြိမ်းစားတစ်ဦးဖြစ်ပြီး အစ်ကိုတစ်ယောက်၊ ညီတစ်ယောက်နဲ့ ညီမတစ်ယောက်ရှိကြောင်း အဲဒီလမ်းထဲမှာ အခုထိ ဆက်လက်နေထိုင်နေတဲ့ သူ့ရဲ့ ငယ်သူငယ်ချင်းဖြစ်သူတစ်ဦးက ပြောဆိုပါတယ်။
“သူဆယ်တန်းအောင် တပ်ထဲဝင်သွားကတည်းက ကျနော်နဲ့ သိပ်မတွေ့ဖြစ်တော့ဘူး။ ငယ်ငယ်ကတော့ အေးအေးဆေးဆေးသမားပါပဲ။ ကြီးမှ ထောင်တွေဘာတွေကျပြီး ဘာတွေဖြစ်မှန်း ကျနော်တို့လည်း မသိတော့ဘူး။ သူ့အဖေကဆုံးပြီ။ သူ့အမေလည်း ဒီကပြောင်းသွားတာ ၂ နှစ်လောက်ရှိပြီ” ဟု အမည်မဖော်လိုသူ အဲ့ဒီသူငယ်ချင်းက ပြောပါတယ်။
ဒီအချက်တွေဟာ မှန်ကန်ကြောင်း ရန်ကုန်၊ အင်းစိန်မြို့နယ်မှာ နေထိုင်နေတဲ့ ဦးအောင်ဝင်းဇော်ရဲ့ ဖခင်ဘက်က ဦးလေးတော်စပ်သူ အငြိမ်းစား အင်းစိန်ထောင်ပိုင် ဦးဌေးလှိုင်က Myanmar Now ကို ပြောပါတယ်။
ဒီအမှုမှာ သူ့တူပါဝင်နေတဲ့ သတင်းတွေနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ မေးမြန်းတဲ့အခါမှာတော့ သူက “ဦးလေး အသက်လည်းကြီးပါပြီ။ အေးအေးဆေးနေချင်ပါပြီ။ ဖြစ်ချိန်တန်ဖြစ် ပျက်ချိန်တန်ပျက်ပေါ့။ ဒီ့ထက်မပြောပါရစေနဲ့” လို့ပဲ သူက ခပ်တိုးတိုး ပြန်ဖြေခဲ့ပါတယ်။
လူသတ်ပွဲစားလား
ဦးအောင်ဝင်းဇော်နဲ့ရော ဦးကြည်လင်းနဲ့ရော မန္တလေးအိုးဘိုထောင်မှာ ထောင်သားအဖြစ် အတူနေဖူးတဲ့ အင်းစိန်မြို့နယ် ဖော့ကန်ရပ်ကွက်မှာ ယခုနေထိုင်နေတဲ့ အကျဉ်းသားဟောင်း ကိုအောင်စိုးကတော့ ဦးကိုနီလုပ်ကြံခံရပြီး နာရီပိုင်းအတွင်း ပျံ့နှံ့လာတဲ့ ဓာတ်ပုံတွေကြည့်ပြီး ဒီအမှုမှာ ဦးအောင်ဝင်းဇော်ပါနိုင်ကြောင်း ဦးကိုနီလုပ်ကြံခံပြီး တစ်ရက်အကြာမှာ Myanmar Now ကို ဆက်သွယ်ပြောကြားခဲ့ပါတယ်။
သူ့ရဲ့ပြောဆိုချက်အရ ဦးကြည်လင်းနဲ့ ဦးအောင်ဝင်းဇော်တို့ဟာ ထောင်အတူတူကျ အမှုတွဲတွေဖြစ်သလို၊ ထောင်ထဲမှာလည်း ရင်းရင်းနှီးနှီးပေါင်းသင်းတဲ့ စိတ်တူကိုယ်တူ သူငယ်ချင်းနှစ်ဦးဖြစ်ကြောင်း၊ ဦးအောင်ဝင်းဇော်ဟာ ငွေလမ်းခင်းပြီး ထောင်ထဲမှာ အကျဉ်းသားတွေကို ပြန်လည်အုပ်ချုပ်ရတဲ့ ထောင်တန်းစီးအဖြစ် နေရာယူထားပြီး လူပေါ်လူဇော်လုပ်ချင်သူဖြစ်ကြောင်း၊ ဦးကြည်လင်းကတော့ လူအများစုနဲ့ ခပ်ကင်းကင်းနေပြီး တည်ငြိမ်တဲ့အမူအရာ အပြည့်ရှိသူဖြစ်ကြောင်း ပြောဆိုပါတယ်။
“အောင်ဝင်းဇော်က တပ်ထွက်အရာရှိဆိုတော့ အားလုံးက ဗိုလ်ကြီးဆိုတဲ့သဘောမျိုးနဲ့ ‘ဗက’ လို့ သူ့ကိုခေါ်တယ်။ ကြည်လင်းကတော့ သူနဲ့တွဲပေမယ့် ဦးဆောင်ဦးရွက်လုပ်တတ်တဲ့ လူမျိုးမဟုတ်ဘူး။ နှစ်ယောက်လုံးတူတာကတော့ ငွေရရင် ဘာမဆိုလုပ်မယ်ဆိုတာပဲ” လို့ ဦးအောင်စိုးက ပြောပါတယ်။
ဦးအောင်စိုး၊ ဦးအောင်ဝင်းဇော်နဲ့ ဦးကြည်လင်းတို့ဟာ ယခင်အစိုးရလက်ထက်မှာ လွတ်ငြိမ်းချမ်းသာခွင့်များနဲ့ အကျဉ်းထောင်က လွတ်မြောက်လာခဲ့ကြပါတယ်။
“ဦးကိုနီသတ်ခံရပြီး နောက်တစ်နေ့မနက်မှာ ဖေ့ဘွတ်က ကြည်လင်းပုံကို ကျွန်တော့်မိန်းမက လာပြတော့၊ ဒီအမှုမှာ ကျိန်းသေပေါက် အောင်ဝင်းဇော်ပါတယ်ဆိုပြီး ကျနော်သိလိုက်ပြီ” လို့လည်း ဆက်ပြောပါတယ်။
အဲဒီလို သူအခိုင်အမာပြောနိုင်သည့်အချက်ကတော့ ထောင်ထဲမှာတုန်းက သူပြောပြခဲ့ဖူးတဲ့ အင်းစိန်မြို့နယ် အိမ်လိပ်စာရှိရာကို မနှစ်က ဇွန်လတုန်းက ဦးအောင်ဝင်းဇော်တစ်ယောက် ခဲရောင် ပါဂျဲရိုးကားလေးနဲ့ ရောက်လာခဲ့ပါတယ်။ သူက ဦးအောင်စိုးဆီကို လုပ်ကြံသတ်ဖြတ်မှုတစ်ခုကို လုပ်ပေးဖို့ အလုပ်လာအပ်ခြင်းဖြစ်ပါတယ်။
နေ့ခင်းကြောင်တောင်၊ မြို့လယ်ကောင်မှာ၊ လူမျိုးမတူ ဘာသာခြားတစ်ဦးကို သေနတ်နဲ့ ပစ်သတ်ရမယ်၊ အောင်မြင်ရင် အမျိုးဘာသာအတွက်အကျိုးရှိမယ်၊ အလုပ်လက်ခံရင် သိန်း ၁,၀၀၀အထိ ပေးမယ်၊ သတ်ဖြတ်ပြီးရင် တိုးတက်သောဗုဒ္ဓဘာသာကရင်အမျိုးသားတပ်ဖွဲ့(DKBA) တပ်တွေရှိတဲ့ ကရင်ပြည်နယ်ဘက်ကို ထွက်ပြေးတိမ်းရှောင်ဖို့ စီစဉ်ပေးမယ်ဆိုတဲ့ ဦးအောင်ဝင်းဇော်ရဲ့ ကမ်းလှမ်းချက်ကို ဦးအောင်စိုးက လက်မခံခဲ့ပါဘူး။
“ကျနော်က သူ့ကို ‘မင်းဘာတွေလုပ်နေလဲ’ ဆိုတော့ သူက ‘ငါ ထောင်ကထွက်လာကတည်းက ငါ့ကို ဒီလိုအလုပ်တွေလုပ်ဖို့ တိုက်ခန်းပေးထားတယ်၊ ကားပေးထားတယ်။ လိုသမျှထောက်ပံ့တဲ့သူတွေ ရှိတယ်’ ဆိုပြီး ပြောတယ်။ သူပြောနေတဲ့စကားတွေက သိပ်မြင့်လွန်းတော့ ကျနော်ကမယုံဘူး။ ဘုရားခိုးဂိုဏ်းကကောင်က ဘာသာရေးတွေဘာတွေ ကာကွယ်မယ်ဆိုတော့ ကျနော်က လုံးဝမယုံဘူး” လို့ ဦးအောင်စိုးက ပြောပြပါတယ်။
ဦးအောင်စိုးသည် ရန်ကုန်မြို့တစ်ဝိုက် လုယက်မှုများနဲ့ ၁၉၉၆ ခုနှစ်မှာ ထောင်ဒဏ် ၅၈ နှစ် ချမှတ်ခံရပြီး၊ ၂၀၁၄ ခုနှစ်အတွင်း သမ္မတဦးသိန်းစိန်ရဲ့လွတ်ငြိမ်းချမ်းသာမှုနဲ့ ပြန်လွတ်မြောက်လာခဲ့သူ ဖြစ်ပါတယ်။
ဒုတိယမ္မိကမ်းလှမ်းမှု
ဦးအောင်ဝင်းဇော်က ဦးအောင်စိုးကို အင်မတန်လျှို့ဝှက်ကျူးလွန်ရမယ့် လူသတ်လုပ်ကြံမှုတစ်ခု ဘာ့ကြောင့်ရွေးချယ် ကမ်းလှမ်းခဲ့ပါသလဲ။
ဦးအောင်စိုးရဲ့ပြောပြချက်အရ ၂၀၀၆ ခုနှစ် မန္တလေးထောင်ထဲမှာရှိနေတုန်း ဦးအောင်ဝင်းဇော်ဟာ (DKBA) နဲ့ ပတ်သက်သူတစ်ဦးရဲ့ အကူအညီနဲ့ သေနတ်နှစ်လက်ကို ခိုးသွင်းပြီး ထောင်ကနေထွက်ပြေးမယ်လို့ သူ့ဆီလာတိုင်ပင်ခဲ့ဖူးကြောင်း၊ အဲဒီအချိန်မှာ ဦးအောင်စိုးဟာ ထောင်တွင်းနေသား ၁၀ နှစ် ရှိပြီဖြစ်ပြီး နိုင်ငံတော်လွတ်ငြိမ်းချမ်းသာခွင့်လာရင် လွတ်မြောက်ဖို့ မျှော်လင့်နေတဲ့အချိန်ဖြစ်တဲ့အတွက် အဲဒီထောင်ဖောက်မယ့်အကြံကို လက်မခံခဲ့ပါဘူး။ ဒါပေမယ့် သူဟာ ဒီသတင်းကို လုံးဝ မပေါက်ကြားရအောင် နှုတ်လုံခဲ့တာမို့ ဦးအောင်ဝင်းဇော်ရဲ့ အထူးယုံကြည်မှုကို ရရှိခဲ့သူဖြစ်ပါတယ်။
ဒါ့အပြင် ဦးအောင်စိုးဟာ ၁၉၈၈ ခုနှစ်မတိုင်မီက စစ်တပ်ထဲမှာ နှစ်နှစ်မျှဝင်ရောက် တာဝန်ထမ်းဆောင်ခဲ့ဖူးတာ၊ ကရာတေးသိုင်းအတတ်ပညာကို ကောင်းမွန်စွာတတ်မြောက်ထားတာနဲ့ အခုအချိန်အထိ သူ့ခန္ဓာကိုယ်သည် တိုက်ခိုက်နိုင်လောက်အောင် တောင့်တင်းသန်မာနေဆဲဖြစ်တာ၊ နောက်ပြီး ထောင်တွင်းကာလမှာ သဘောထားတင်းမာစွာ နေထိုင်တတ်သူဖြစ်တာ စတဲ့အကြောင်းတွေကြောင့် သူ့ကို ဦးအောင်ဝင်းဇော်က လူသတ်လုပ်ကြံဖို့အလုပ်ကို ယုံကြည်စွာ ကမ်းလှမ်းခဲ့တာလို့ ဦးအောင်စိုးက ယုံကြည်နေတာပါ။
“ဦးကိုနီလုပ်ကြံရအောင် အောင်ဝင်းဇော်ရော၊ ကြည်လင်းရော ဘာမှဆက်စပ်စရာမရှိဘူး။ သူတို့နောက်ကွယ်က ငွေပေးခိုင်းလို့လုပ်တာ။ ကျနော်ယုံကြည်တယ် သူ့နောက်မှာ အကောင်ကြီးတွေပဲ” ဟု ဦးအောင်စိုးက ဆိုပါတယ်။
ဦးကိုနီလုပ်ကြံမှုဟာ နိုင်ငံရေးအရလုပ်ကြံမှုဖြစ်တယ်လို့ ပြည်သူတွေကြားမှာ ယူဆနေတာရှိပြီး၊ နိုင်ငံတော်သမ္မတရုံးကလည်း ဒါဟာ နိုင်ငံတော်တည်ငြိမ်ရေးကို ပျက်ပြားအောင် ရည်ရွယ်လုပ်ဆောင်တာလို့ ဇန်နဝါရီ ၃၀ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဦးအောင်ဝင်းဇော်ကို ဖမ်းဆီးရမိလိုက်ပြီးတဲ့နောက် သူ့နောက်ကွယ်က ကြိုးကိုင်သူတွေကို ဆက်လက်ဖမ်းမိရေးအတွက် ပြည်သူများက မျှော်လင့်နေကြပါတယ်။။