ရန်ကုန် – တရားလွှတ်တော်ရှေ.နေ ဦးကိုနီလုပ်ကြံခံရမှုနှင့် ဆက်စပ်ဖွယ်ရာရှိသည့် သတင်းအချက်အလက်များ ထုတ်ဖော်ပြောဆိုခဲ့သူ ရာဇဝတ်အကျဉ်းသားဟောင်း ဦးအောင်စိုးအား ယနေ့တွင် အင်းစိန်မြို.နယ်ရှိ မှုခင်းရဲတပ်ဖွဲ. (စီအိုင်ဒီ) ရုံးတွင် ခေါ်ယူ၍ ထွက်ဆိုချက်များ ရယူခဲ့ကြောင်း သိရှိရသည်။
ဖေဖော်ဝါရီ ၈ ရက်နေ့ မနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခန့်ထိ ဦးအောင်စိုး၏ ထွက်ဆိုချက်များအား ရဲတပ်ဖွဲ့က မေးမြန်းမှတ်တမ်းတင်ခဲ့ပြီး၊ ၁၃ မျက်နှာရှိ အဆိုပါ ထွက်ဆိုချက်များ မှန်ကန်ပါကြောင်း လက်မှတ်ထိုးခဲ့ရသည်ဟု ဦးအောင်စိုးက ပြောကြားသည်။
ဦးကိုနီလုပ်ကြံခံရမှုအား တရားရုံးစစ်ဆေးရာတွင် ဦးအောင်စိုးအနေဖြင့် ထွက်ဆိုချက်ပေးဖို့ လိုအပ်နိုင်သလို၊ မလိုအပ်သည်လည်းဖြစ်နိုင်ကြောင်း ရဲတပ်ဖွဲ့က သူ့အား ပြောဆိုခဲ့ကြောင်း ကိုအောင်စိုးကရှင်းပြသည်။
“တရားရုံးမှာ ခုထွက်ဆိုရမယ်ဆိုလည်း ထွက်ဆိုဖို့အသင့်ပဲ။ ဘာကြောက်စရာရှိလဲ” ဟု ဦးအောင်စိုးက ဆိုသည်။
အင်းစိန်မြို.နယ်တွင် နေထိုင်သော အသက် ၅၁ နှစ်အရွယ် ဦးအောင်စိုးသည် လုယက်မှုရာဇဝတ်မှုများဖြင့် အကျဉ်းကျခဲ့စဉ် ဦးကိုနီလုပ်ကြံမှုဖြင့် ဖမ်းခံထားရသော ဦးကြည်လင်း နှင့် ဦးအောင်ဝင်းဇော်တို့ကို ထောင်ထဲတွင် တွေ.ဆုံခဲ့သည်။
၎င်းတို့ သုံးဦးလုံးထောင်မှလွတ်မြောက်ပြီး ၂ နှစ်ခန့်အကြာ ၂၀၁၆ ဇွန်လတွင် ဦးအောင်ဝင်းဇော်က နေ့ခင်းကြောင်တောင် မြို့လယ်ကောင်တွင် လူသတ်လုပ်ကြံမှုတစ်ခုကို ကျူးလွန်ပေးရန် ငွေကြေးဖြင့် ကမ်းလှမ်းခဲ့ကြောင်း၊ သူက ထိုအလုပ်ကို လက်မခံသဖြင့် ဦးကြည်လင်းက လက်ခံပြီး ဦးကိုနီကို ပစ်သတ်ခဲ့သည်ဟု ယုံကြည်ကြောင်း ဦးအောင်စိုးက Myanmar Now သတင်းဌာနကို ထုတ်ဖော်ပြောဆိုခဲ့သည်။
ထိုကဲ့သို့ ထုတ်ဖော်ပြောဆိုပြီး ၂ ရက်အကြာ ဖေဖော်ဝါရီ ၃ ရက်နေ့တွင် ဦးအောင်ဝင်းဇော်သည် ဦးကြည်လင်းနှင့်အတူ ဦးကိုနီအား ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လုပ်ကြံပစ်သတ်သည့် ပြစ်မှုကျူးလွန်ရာတွင် ပါဝင်ခဲ့ခြင်းကြောင့် ဖမ်းဆီးထားသည်ဟု နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ခဲ့သည်။