သတင်း

ဦးကိုနီအမှု ဖမ်းမိသူနှစ်ဦးတည်းကိုသာ အရေးယူသွားမှာ စိုးရိမ်

ရန်ကုန် – ရန်ကုန်လေဆိပ် လုပ်ကြံ သတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးထားတဲ့ သေနတ်သမား ဦးကြည်လင်း၊ ဦးအောင်ဝင်းဇော်တို့ နှစ်ဦးကိုသာ အရေးယူပြီး ကျန်တဲ့ ကွင်းဆက်တရားခံတွေ ဖော်ထုတ်ဖမ်းဆီးနိုင်ခြင်း မရှိဘူးဆိုရင် အစိုးရအပေါ် ပြည်သူတွေ ယုံကြည်မှု အားနည်းသွားမယ်လို့ အမှုမှန် ပေါ်ပေါက်စေချင်တဲ့ ပြည်သူတချို့က ဝေဖန်နေကြပါတယ်။

ဝေဖန်သူတွေထဲက တစ်ယောက်ကတော့ ဦးကိုနီနဲ့ ရင်းနှီးတဲ့ အထင်ကရ စာရေးဆရာ ချစ်ဦးညို ဖြစ်ပါတယ်။

လုပ်ကြံမှုကို စီစဉ်တယ်လို့ အာဏာပိုင်တို့ ယူဆနေသူ ဦးအောင်ဝင်းခိုင် လွတ်မြောက်နေတဲ့အချက်ကို ဘဝင်မကျကြောင်း ရန်ကုန်မြို့မှာ နေထိုင်တဲ့ စာရေးဆရာ ချစ်ဦးညိုက ပြောပါတယ်။

“အခုမိထားတဲ့နှစ်ဦးထဲနဲ့ ဒီအမှုပြီးသွားမှာကို စိတ်ပူတာ။ နောက်ဆုံးကွင်းဆက်တရားခံက လွတ်နေတာကြောင့် ကွင်းဆက်တွေ ပျောက်သွားပါပြီဆိုပြီး လုပ်မှာကို စိတ်ပူတာ။

သံသယရှိတယ်ဆိုတဲ့သူတွေရဲ့ ဓာတ်ပုံတွေကို စောစောစီးစီး ထုတ်ပြရင် ပြည်သူတွေကလည်း သူဘယ်မှာဆိုတာ ရဲတပ်ဖွဲ့ကို သတင်းပေးလို့ရတာပေါ့။ အခုက အကြောင်းတစ်ခုခုကြောင့် သတိထား ထုတ်ပြန်နေသလိုပဲ” လို့ သူက ဆိုပါတယ်။

ဆရာချစ်ဦးညိုက ဦးကိုနီနဲ့ ရင်းနှီးခဲ့တဲ့ ၄ နှစ်အတွင်း မကြာခဏ တွေ့ဆုံခဲ့သလို ဇနီးဖြစ်သူကလည်း ဦးကိုနီရဲ့ ဥပဒေဆိုင်ရာသင်တန်းတက်ခဲ့ပါတယ်။

ဦးကိုနီဟာ တပ်မတော် စိတ်တိုင်းကျ ရေးဆွဲထားတဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို အလွတ်ရလုနီးပါး လေ့လာထားသူဖြစ်ပြီး စာရေးရာမှာ၊ စကားပြောရာမှာ၊ အတွေးအမြင်မှာ၊ လုပ်ကိုင်မှုတွေမှာ ရှင်းရှင်းလင်းလင်း လုပ်တဲ့သူဖြစ်တယ်လို့ ဆရာချစ်ဦးညိုက သုံးသပ်ပါတယ်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဒေါ်အောင်ဆန်းစုကြည် သမ္မတမဖြစ်နိုင်တဲ့ အနေအထားကနေ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်လာတဲ့အထိ ဦးကိုနီနဲ့ လုပ်ဖော်ကိုင်ဖက် ဥပဒေရေးရာ ကျွမ်းကျင်သူတွေ စွမ်းဆောင်ခဲ့တယ်လို့ ဆရာချစ်ဦးညိုက ရှင်းပြပါတယ်။

“သူ့ကို လူပုံအလယ်မှာ သေနတ်နဲ့ ပစ်သတ်တယ်ဆိုတာ လူတွေကို တုန်လှုပ်ချောက်ချားသွားအောင်လို့ လုပ်ပြတဲ့လုပ်ရပ်၊ ကောက်ကျစ်တဲ့သူတစ်စုက သေသေချာချာ အကွက်ချစီမံတဲ့ လုပ်ရပ်ဖြစ်တယ်” လို့ စာရေးဆရာချစ်ဦးညိုက ဆိုပါတယ်။

အမှုနဲ့ ပတ်သက်ပြီး အစိုးရရဲ့ ထုတ်ပြန်ချက်တွေဟာ ပြည်သူလူထုသိလိုတဲ့အချက်တွေနဲ့ ကိုက်ညီမှုမရှိဘူး၊ ရဲတပ်ဖွဲ့အနေနဲ့ ပြည်သူလူထုရဲ့ ပူးပေါင်းကူညီမှုကို ရဖို့ဆိုရင် အချက်အလက်တွေကို တိတိကျကျ ထုတ်ပြန်ပေးဖို့ လိုတယ်လို့ သူက ဆက်ပြောပါတယ်။

မြန်မာနိုင်ငံရှေ့နေများကွန်ရက်ကလည်း ရှေ့နေဦးကိုနီကို လုပ်ကြံခဲ့တဲ့ ဆက်စပ်တရားခံတွေကို အမြန်ဆုံးဖော်ထုတ်ပေးဖို့ ဖေဖော်ဝါရီ ၁၉ ရက်နေ့မှာ တောင်းဆိုလိုက်ပြီး အာဏာပိုင်တို့ရဲ့ သတင်းထုတ်ပြန်မှု အားနည်းနေသလို အရေးယူဆောင်ရွက်မှုလည်း နှေးကွေးတယ်လို့ ဝေဖန်လိုက်ပါတယ်။

အစိုးရရဲ့ သတင်းထုတ်ပြန်မှု

လွတ်မြောက်နေတဲ့ ကွင်းဆက်တရားခံတွေ ဖမ်းဆီးရမိဖို့ တပ်မတော်နဲ့ ရဲတပ်ဖွဲ့တို့ ပူးပေါင်း ဖော်ထုတ်နေတယ်လို့ သမ္မတရုံးက ဆိုပါတယ်။ ဖော်ထုတ်ရရှိတာတွေကို ပြည်သူကို အသိပေး တင်ပြသွားမယ်၊ ပြည်သူတွေအနေနဲ့ လူမျိုးရေး ဘာသာရေးသွေးထိုးမှုတွေ၊ တည်ငြိမ်အေးချမ်းရေး ပျက်ပြားအောင် လုပ်ဆောင်မှုတွေကို သတိထားဖို့နဲ့ ထွက်ပြေးနေတဲ့ တရားခံ၊ တည်ငြိမ်အေးချမ်းရေး ပျက်ပြားအောင် လုပ်ဆောင်မှုတို့နဲ့ ပတ်သက်ပြီး သတင်းရရင် တာဝန်ရှိသူတွေကို အသိပေးဆက်သွယ်ဖို့ ဖေဖော်ဝါရီ ၁၅ ရက်နေ့ သမ္မတရုံး ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

၂၀၁၃ ခုနှစ် ဘော်စတွန်မြို့ အပြေးပြိုင်ပွဲ ဗုံးခွဲခံရမှုမှာလည်း အမေရိကန်အာဏာပိုင်တို့က သံသယတရားခံတွေရဲ့ ပုံရိပ်တချို့ကို ချက်ချင်းဆိုသလို ထုတ်ပြန်ပါတယ်။ မကြာသေးခင် ရက်ပိုင်းအတွင်း မလေးရှားနိုင်ငံ ကွာလာလမ်ပူ နိုင်ငံတကာလေဆိပ်မှာ မြောက်ကိုရီးယားခေါင်းဆောင်ဟောင်းရဲ့ သားဖြစ်သူ လုပ်ကြံခံရတော့ မလေးရှားအာဏာပိုင်တို့က လေဆိပ် လုံခြုံရေးကင်မရာတွေကနေ မှတ်တမ်းတင်ထားတဲ့ သံသယတရားခံရဲ့ ပုံရိပ်တွေကို အများသိအောင် ထုတ်ပြန်ခဲ့ပါတယ်။

ရန်ကုန်လေဆိပ် ရှေ့နေဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရမှုမှာတော့ မြန်မာအာဏာပိုင်တွေရဲ့ သတင်းထုတ်ပြန်မှုဟာ နှေးကွေးလွန်းတယ်၊ သတင်းအမှောင်ချထားတယ် စသဖြင့် ဝေဖန်ခံနေရပါတယ်။ လုပ်ကြံမှု ဖြစ်ပွားတာ တစ်လ ပြည့်ပါတော့မယ်။

နိုင်ငံတော်သမ္မတရုံး ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကတော့ ဇန်နဝါရီ ၂၉ ရက်နေ့က ရှေ့နေဦးကိုနီ လုပ်ကြံခံရမှုနဲ့ ပတ်သက်ပြီး လေဆိပ်ရဲ့ လုံခြုံရေး ကင်မရာမှတ်တမ်းတွေ အများသိအောင် ထုတ်ပြန်ရေးက ပြည်ထဲရေးဝန်ကြီးဌာနနဲ့ ပိုသက်ဆိုင်တဲ့သဘော ပြောပြပါတယ်။

“လေဆိပ်က CCTV မှတ်တမ်းတွေကို ထုတ်ပြန်တာ မထုတ်ပြန်တာကတော့ ပြည်ထဲရေးကိုပဲ မေးပါ။ ကျွန်တော်တို့က သူတို့ ပေးပို့တာကို ထုတ်ပြန်တာ။

ကျွန်တော်တို့အစိုးရသဘောထားကတော့ ကျွန်တော်တို့ ထုတ်ပြန်ချက်တွေအတိုင်းပါပဲ” လို့ ဦးဇော်ဌေးက Myanmar Now ကို ပြောပါတယ်။

ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးတစ်ယောက် ဖြစ်တဲ့ ဒုတိယရဲမှူးကြီးတင်ဝင်းကတော့ ဦးကိုနီအမှုနဲ့ ပတ်သက်ပြီး နိုင်ငံတော်သမ္မတရုံးကသာ သတင်းထုတ်မယ်လို့ ပြောပါတယ်။

“ကျွန်တော်တို့က စစ်ဆေးရေးအဖွဲ့က လူတွေမဟုတ်ဘူး။ ကျွန်တော်တို့လည်း ဘာဆိုတာ မသိရဘူး။ စစ်ဆေးတဲ့အဖွဲ့က ရရှိချက်တွေကို သမ္မတရုံးဆီကနေတစ်ဆင့် ထုတ်ပြန်တာပါ။ စစ်ဆေးတဲ့အဖွဲ့တွေကပဲ ဘာကိုထုတ်ပြန်မယ်၊ မထုတ်ပြန်ဘူးဆိုတာ သူတို့ပဲ လုပ်တာ” လို့ ဒုတိယရဲမှူးကြီးတင်ဝင်းက ဆိုပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း Myanmar Now က ပြန်ကြားရေးဝန်ကြီး ဦးဖေမြင့်နဲ့ သီးသန့် တွေ့ဆုံရာမှာ ဝန်ကြီးက ဒီအမှုဟာ အလွန်အရေးကြီးတဲ့ အမှုအခင်းဖြစ်ပြီး မိမိတို့လည်း အဖြေကို အများနည်းတူ သိချင်နေတယ်လို့ ဆိုပါတယ်။

စုံစမ်းရေးတာဝန်တွေကို ထမ်းဆောင်နေကြသူတွေက အမှုမှန်ပေါ်ရေး အလေးအနက်ထားပြီး လုပ်ကိုင်နေတယ်၊ လုပ်ကြံမှုမှာ ပါဝင်သူတချို့ကိုလည်း ဖမ်းဆီးရမိထားတာကြောင့် ကျန်တဲ့ ကွင်းဆက်တွေကို အချိန်တန်ရင်မိမယ်လို့ ယူဆကြောင်း ဝန်ကြီးက ပြောပါတယ်။ ။

Show More

Related Articles

Back to top button