သတင်း

ရခိုင်ဒေသ ပုဂ္ဂလိကသစ်တောအစီအစဉ်ကို ဒေသခံတို့ ကန့်ကွက်

ကျိန္တလီ – ရခိုင်ပြည်နယ်၊ သံတွဲခရိုင်အတွင်း သစ်မာစိုက်ခင်း လုပ်ကိုင်တဲ့ ပုဂ္ဂလိကကုမ္ပဏီတချို့ တောရှင်း သစ်ခုတ်မှုကြောင့် သစ်တောထွက်ပစ္စည်းရှားပါး၊ ရာသီဥတု ပြောင်းလဲလာတယ်လို့ မကြာသေးခင်က တွေ့ခဲ့ရတဲ့ ဒေသခံများက ပြောပါတယ်။

ကျိန္တလီမြို့နယ်ခွဲ ဘိုကလေးကျောင်းကုန်းကျေးရွာမှာ နေထိုင်တဲ့ ဦးစိန်ဝင်းက တောပြုန်းမှု နောက်ဆက်တွဲအဖြစ် သဘာဝဘေးအန္တရာယ်က လိုက်ပါလာတယ်လို့ ဆိုပါတယ်။

“သူတို့ ခုတ်တာက ၂ဝ၁၄ မှာ စခုတ်တာ။ ခုတ်ကတည်းက သူတို့က လူအား စက်အားသုံးတာကိုး။ ခုတ်ပြီး မိုးတွင်းမှာပဲ ရေကြီးတာ။ တစ်သက်လုံးက မကြုံဖူးတဲ့ ရွာတွေ ရေမြုပ်တယ်။ ချောင်းတွေ၊ မြောင်းတွေ ဆင်းတဲ့ရေကို ထိန်းမယ့်သစ်တောမရှိတဲ့အခါ ဒလဟော ကျတာပေါ့။ သာယာကျွန်းဆိုတဲ့ ရွာဆိုရင် တစ်ရွာလုံးမြုပ်တာ” လို့ ဦးစိန်ဝင်းက ပြောပါတယ်။

သူနဲ့ တစ်ရွာတည်း နေထိုင်သူ ဦးကျော်ဆန်းကလည်း ရေကြီးမှုကြောင့် လမ်းတံတားများသာမက စိုက်ပျိုးမြေပျက်စီးမှုနဲ့လည်း ရင်ဆိုင်ရတယ်လို့ ရှင်းပြပါတယ်။

“မိုးတွင်းဘက်ရောက်တော့ လယ်တွေ နုန်းဖုံးသွားပြီး လယ်တော်တော်များများ ထွန်လို့ မရတော့ဘူး” လို့ ဦးကျော်ဆန်းက ပြောပါတယ်။

တုန်းတောကျေးရွာမှ ကိုမြင့်အောင်ကတော့ ၂ဝ၁၅ နှစ်လယ်ပိုင်း နှစ်ရက်ကြာ ရေကြီးမှုကြောင့် သူ့ရဲ့လယ် ၂ ဧက ပျက်စီးရတယ်လို့ ဆိုပါတယ်။

“နောက်နှစ်မှာ ရေမကြီးတော့ပေမဲ့ စပါးအထွက်နူန်း ကျသွားတယ်။ ကျွန်တော့်လယ်ဆိုရင် အရင်က တစ်ဧကကို တင်း ၁၂ဝ လောက် ထွက်ပေမယ့် အခုနှစ်မှာတော့ ၆ဝ တောင် မပြည့်ချင်တော့ဘူး” လို့ ကိုမြင့်အောင်က ရှင်းပြပါတယ်။

လူလုပ် သဘာဝဘေးကြောင့် ထိခိုက်ဒဏ်ရာရ၊ သေဆုံးမှုလည်း ရှိတယ်လို့ သူက ဆိုပါတယ်။

“ဒိုက်တွေ၊ သစ်တုံးတွေ၊ အမိူက်တွေကြောင့် အိမ်တွေလည်း ပျက်စီးသွားတယ်။ အသက် ၃ဝ လောက်ရှိတဲ့ လူတစ်ယောက်လည်း တုံးတွေဖယ်ရင်းနဲ့ တုံးပိပြီး ဆုံးသွားတယ်” လို့ ကိုမြင့်အောင်က ပြောပြပါတယ်။

ပုဂ္ဂလိက ကုမ္ပဏီတချို့ သစ်တော အပြောင်ရှင်းစနစ်နဲ့ လုပ်ကိုင်နေကြောင်း လွှတ်တော်ကို တိုင်ကြားခဲ့ပြီး နောက်ပိုင်း ဂွမြို့နယ်က သစ်တောအရာရှိတွေ လာရောက် စစ်ဆေးခဲ့တယ်လို့ ဒေသခံများက ဆိုပါတယ်။

ဒေသတွင်း မြို့များမှာ ၂ဝဝ၈ က အစပြုပြီး ပုဂ္ဂလိက သစ်တော စိုက်ခင်း လုပ်ကိုင်ဖို့ ခွင့်ပြုပေးခဲ့ကြောင်း သံတွဲခရိုင် သစ်တောဦးစီးဌာနရဲ့ မှတ်တမ်းများမှာ ဖော်ပြထားပါတယ်။ သံတွဲမှာ ၈၃ ဧက၊ တောင်ကုတ်မှာ ၇၄၇ ဧက၊ ဂွမှာ ၉၅၆.၅ ဧက ခွင့်ပြုပေးခဲ့တာပါ။

သစ်တောတွေကနေ ရရှိတဲ့ ထင်း၊ မျောတိုင်၊ ကြိမ်၊ နွယ်၊ ဝါး၊ မှို၊ မျှစ်၊ အသီးအရွက်မျိုးစုံ၊ ပျားရည် စတဲ့ သစ်တောထွက်ပစ္စည်းတွေက ဒေသခံတို့ရဲ့ စားဝတ်နေရေးကို အထောက်အကူ ပြုခဲ့တာပါ။ ဒီတောတွေ ပုဂ္ဂလိကပိုင်ဖြစ်သွားပြီးနောက်ပိုင်း ရှာဖွေစားသောက်ရ ခက်ခဲသွားတယ်လို့ ဒေသခံ အများအပြားက ပြောကြပါတယ်။

သစ်ခိုးခုတ်ခြင်း

ဘိုကလေးကျောင်းကုန်းကျေးရွာနဲ့ မိုင် ၂ဝ ကျော်ဝေးတဲ့ နေရာမှာ ပုဂ္ဂလိက သစ်မာ စိုက်ခင်း ဧက ၅ဝဝ လုပ်ကိုင်ခွင့် ရခဲ့တဲ့ Mighty Marine Product ကုမ္ပဏီရဲ့ တာဝန်ရှိသူတစ်ဦးကတော့ သူတို့အနေနဲ့ အပြောင်ရှင်းစနစ်ကို အကန့်အသတ်နဲ့ပဲ ကျင့်သုံးခဲ့တာလို့ ဆိုပါတယ်။

၂ဝ၁ဝ မှာ စတင်လုပ်ကိုင်တုန်းက သစ်တောဧက ၃ဝ လောက်ကို အပြောင်ရှင်းခဲ့ပြီး အဲဒီနောက်မှာတော့ ပျိုးပင်တွေကို ဖာစိုက်တဲ့ စနစ်နဲ့ လုပ်ကိုင်ခဲ့တယ်၊ ဒေသကို အကျိုးပြုမယ့် အစီအစဉ်လည်း ရှိတယ်လို့ သူက ပြောပါတယ်။

“နောင်တစ်ချိန်မှာ ဥပဒေအရသော်လည်းကောင်း၊ သစ်တောကနေပြီးတော့ ဒါကတော့ ထုတ်သင့်နေပြီ၊ ထုတ်ရမယ်ဆိုရင်လည်း အရင်းနုတ်ပြီးတော့ အကျိုးအမြတ်ရဲ့ ၂ဝ ရာခိုင်နူန်းထက်မနည်းသော ငွေကို ဒီဒေသအတွက်လုပ်မယ်ဆိုတာ ကျွန်တော်တို့ ကုမ္ပဏီမှာ ဆုံးဖြတ်ချက်ရှိတယ်” လို့ သူက ရှင်းပြပါတယ်။

ကုမ္ပဏီလုပ်ကွက်ထဲ ထင်းဝင်ခုတ်တာတွေ ရှိနေတယ်၊ ထင်းခုတ်သူတွေမှာ တခြား ရည်ရွယ်ချက် ရှိလိမ့်မယ်လို့ သူက ယုံကြည်နေပါတယ်။

“သူတို့ ဒါကို ခုတ်ချင်နေတယ်။ ပြောရမယ်ဆိုရင် ထင်းထက် ဒီ ပျဉ်းကတိုးပင်ကိုပဲ ခုတ်ချင်နေတာ။ ထင်းဆိုတာ သက်သက်ပြောတာ” လို့ အမည်မဖော်လိုတဲ့ ကုမ္ပဏီအရာရှိက ဆိုပါတယ်။

ဒီရေတော ကာကွယ်ထိန်းသိမ်းရေး၊ သစ်တောပြုန်းတီးမှု ကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ Rakhine Coastal Region Conservation Association အဖွဲ့ တည်ထောင်သူ ဒေါက်တာ မောင်မောင်ကြည်ကတော့ လုပ်ငန်းရှင်တွေနဲ့ ဒေသခံတွေဟာ ပူးပေါင်းဆောင်ရွက်ရေးအတွက် တိုင်ပင် ဆွေးနွေးတာကို ဦးစားပေးသင့်တယ်လို့ ဝေဖန်လိုက်ပါတယ်။

တစ်ဦးကို တစ်ဦး အပြစ်ဖို့နေခြင်းက သစ်တောထိန်းသိမ်းရေးလုပ်ငန်းစဉ်ကို နှောင့်နှေးစေတယ်လို့ သူက ယူဆနေတာပါ။

“ခုတ်ချင်တယ်၊ ဒီတောကို သီဟိုခင်းစိုက်မယ်၊ လိမ္မော်ခင်းစိုက်မယ်၊ ဒီတောရဲ့ အခြေအနေက ဒီလိုရှိတယ်။ တကယ်လို့ မအောင်မြင်ဘူးဆိုရင် ဒီတောရဲ့တန်ဖိုးကို ဘယ်လောက် လျော်ပေးရမယ်၊ ချက်ချင်းမဟုတ်တောင်မှ ဘယ်နှနှစ် လျော်ပေးရမယ် ဆိုတာမျိုး (ညှိနှိုင်း ပြောဆိုပြီး) လောလောဆယ် ထိန်းနိုင်ရင်ကိုတောင် ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ သဘာဝ ပတ်ဝန်းကျင်ဟာ တော်တော် ထိန်းလို့ ရသွားမယ်” လို့ ဒေါက်တာမောင်မောင်ကြည်က သုံးသပ်ပါတယ်။

“အခုဟာက လွတ်လွတ်လပ်လပ် ခုတ်လို့ရတယ်။ လွတ်လွတ်လပ်လပ် ဖျက်ဆီးလို့ရတယ်။ လွတ်လွတ်လပ်လပ် မီးရှို့လို့ ရတယ်။ ဘယ်သူမှလည်း အရေးပေါ်မလုပ်ဘူး”

အစုအဖွဲ့ပိုင်တော

ဘိုကလေးကျောင်းကုန်းရွာမှာ အိမ်ထောင်စုပေါင်း ၉ဝ ကျော် ရှိပြီး တချို့က စပါး၊ မြေပဲ စိုက်ပျိုးကြသူတွေပါ။ အများစုကတော့ ထွန်ယက်စိုက်ပျိုးစရာမြေပိုင်မရှိတဲ့အတွက် တောတွေ တောင်တွေကိုပဲ အားကိုး စားသောက်နေရတယ်လို့ ဆိုပါတယ်။

၂ဝ၁၄ နှစ်ဆန်းပိုင်းမှာ သစ်တောဌာနက တစ်အိမ်ထောင် ၅ ဧက နူန်းနဲ့ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တော လုပ်ကိုင်ခွင့် ပေးခဲ့ရာမှာ ဒီအခွင့်အရေးကို အဲဒီရွာက အိမ်ထောင်စုပေါင်း ၂ဝ ရရှိခဲ့တာပါ။

အစုအဖွဲ့ပိုင်တောကို ၂ဝ၁၄/၂ဝ၁၅ ကာလက တောင်ကုတ်မြို့နယ်မှာ ၁၈၈.၂၉ ဧက၊ ဂွမြို့နယ်မှာ ၈၉၉.၈၁ ဧက အထိ ခွင့်ပြုခဲ့ကြောင်း သံတွဲခရိုင် သစ်တောဦးစီးဌာန၊ ဌာနခွဲစာရေး ရုံးအုပ် ဦးအောင်လှက ပြောပြပါတယ်။

သံတွဲမြို့မှာတော့ ၂ဝဝ၆/၂ဝဝ၇ ခုနှစ် ကာလက စတင်ပြီး ၆၉၈ ဧက ခွင့်ပြုခဲ့တယ်လို့ သိရပါတယ်။ ။

Show More

Related Articles

Back to top button