ရန်ကုန်၊ လမ်းမတော်မြို့နယ်ရှိ အနှိပ်အကြောပြင်ဆေးခန်းတစ်ခုမှ မျက်မမြင်အကြောပြင်ပညာဆရာ ကိုအောင်သန်းဦးသည် အောက်တိုဘာလအတွင်းက ပုဂ္ဂလိကဘဏ်ခွဲတစ်ခုသို့ သွားရောက်ခဲ့ရာတွင် ဘဏ်ဝန်ထမ်းတစ်ဦးက ဝန်ဆောင်မှုပေးရန် ခါးခါးသီးသီးငြင်းဆန်မှုနှင့် ရင်ဆိုင်ခဲ့ရသည်။
လမ်းမတော်မြို့နယ် ဘဏ်ခွဲတွင် ငွေစာရင်းဖွင့်ပြီး လစာငွေတချို့တစ်ဝက်ကို စုဆောင်းရေး ရည်ရွယ်ချက်မှာလည်း အကောင်အထည်မပေါ်ခဲ့ပေ။
“မျက်မမြင်တွေဆိုရင် ငွေစာရင်းဖွင့်လို့ မရဘူး။ အထပ်ထပ် အခါခါပြောနေတာ နားမလည်ဘူးလား ဆိုပြီး ကျွန်တော့်ကို လူတွေအများကြီးရှေ့မှာ အော်တယ်။ မသိရင် သူတို့ဘဏ်က ငွေတောင်းနေတာ ကျနေတာပဲ။ ရုတ်တရက်တော့ ကျွန်တော် ရှက်သွားတယ်။ သိမ်ငယ်သလို ခံစားရတယ်” ဟု ၂၉ နှစ် အရွယ်ရှိ ကိုအောင်သန်းဦးက ရင်ဖွင့်သည်။
ကိုအောင်သန်းဦးသည် ညီဖြစ်သူကိုခေါ်ဆောင်ကာ အဆိုပါ ဘဏ်ခွဲသို့ သုံးကြိမ် သွားရောက်ကာ ငွေစာရင်းဖွင့်ရန် ကြိုးပမ်းသော်လည်း အဆင်မပြေခဲ့ပေ။
“ပထမအကြိမ်တုန်းက ကျွန်တော်က ညီလေးနဲ့အတူသွားတာ တစ်ယောက်တည်း ဖွင့်မရလို့ ပြန်လာရတယ်။ နောက်တစ်ခါ ကျွန်တော့်ညီမှတ်ပုံတင်ပါ ယူပြီး သွားတော့ အဲဒီဝန်ထမ်းက အပေါ်ထပ်က မန်နေဂျာကိုသွားပြောတယ်။ ပူးတွဲ (စာရင်း) လည်း မရပါဘူးလို့ ဆိုပြီး အသည်းအသန် ငြင်းလိုက်တယ်” ဟု ကိုအောင်သန်းဦး မျက်နှာကို လက်ဖြင့်ပွတ်ရင်း ကတုန်ကယင်နှင့် ပြောပြသည်။
အဆိုပါဘဏ်၏ တာဝန်ခံမန်နေဂျာကို သွားရောက်တွေ့ဆုံမေးမြန်းရာတွင် အမြင်အာရုံမသန်စွမ်းသူ ငွေစာရင်းဖွင့်လှစ်ခြင်းကို လက်ခံဆောင်ရွက်ပေးခြင်း မပြုရန် ရုံးချုပ်က ညွှန်ကြားထားကြောင်း ဖြေဆိုခဲ့သည်။
”မျက်မမြင်တွေအတွက် ငွေစာရင်းဖွင့်လှစ်တာကို လက်ခံပေးဖို့ သတ်မှတ်ချက် မရှိသေးပါဘူး။ တခြားသန်စွမ်းသူတစ်ဦးနဲ့ ပူးတွဲ အကောင့် ဖွင့်လှစ်တာ ဖြစ်ဖြစ် လက်မခံပါဘူး။ ကျွန်မတို့ ဘဏ်ခွဲတိုင်းကို ရုံးချုပ်က ညွှန်ကြားထားပါတယ်” ဟု ဘဏ်မန်နေဂျာကပြောသည်။
အကြောပြင်ပညာဆရာ ကိုအောင်သန်းဦးက သူနှင့်ဘဝတူများကြား ဆက်သွယ်စုံစမ်း မေးမြန်းပြီး အမြင်အာရုံ မသန်စွမ်းသူများကို လက်ခံပေးသည့် ကြည့်မြင်တိုင်မြို့နယ်ရှိ အခြားပုဂ္ဂလိကဘဏ်တစ်ခုတွင် သွားတွင်ရောက်ပြီး ငွေစာရင်း ဖွင့်လှစ်ခဲ့ရသည်။
မတူသည့် မူဝါဒ
မသန်စွမ်းများအတွက် ဘဏ်စာရင်း ဖွင့်လှစ်ပေးခြင်းနှင့် ပတ်သက်ပြီး ပုဂ္ဂလိကဘဏ်တစ်ခုနှင့်တစ်ခု မူဝါဒမတူကြပေ။ အချို့ဘဏ်များက မျက်မမြင်များကို ငွေစာရင်းဖွင့်လှစ်ခွင့်လုံးဝမပြုဘဲ တချို့ဘဏ်များက မူဝါဒတွင်ထည့်သွင်းရေးဆွဲ ထားသည့်တိုင် အောက်ခြေဝန်ထမ်းများက သိရှိလိုက်နာမှုအားနည်းကြသည်ကို တွေ့ရသည်။
မသန်စွမ်းသူများ၏ အခွင့်အရေး ဥပဒေကို ၂ဝ၁၅ ခုနှစ်က ပြဋ္ဌာန်းခဲ့သည်။ ထိုဥပဒေ၏ ပုဒ်မ ၇၇ (က) တွင် မသန်စွမ်းများအား မသန်စွမ်းမှုကို အကြောင်းပြု၍ သိလျက်နှင့် တမင်ခွဲခြား ဆက်ဆံခြင်း၊ လျစ်လျူရှုခြင်း၊ နှိမ့်ချခြင်း ပြုသူကို တစ်နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ် ၁၅ သိန်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံး ဖြစ်စေ ချမှတ်ရမည်ဟု ပါရှိသည်။
ကိုအောင်သန်းဦးက မျက်မမြင်တို့သည် ငွေကြေးဆိုင်ရာလုံခြုံမူ မရှိသကဲ့သို့ ခံစားနေရကြောင်း၊ မိမိပိုင်ငွေကို လုံခြုံစွာ ထိန်းသိမ်းထားခြင်း မရှိပါက မသမာသူတို့ အသက်အန္တရာယ်ပြုသည့် အခြေအနေနှင့်ပင် ကြုံလာရနိုင်ကြောင်း ပြောပြသည်။
“ကျွန်တော်တို့ အမြင်အာရုံမသန်စွမ်းသူတွေက အများသူငါတွေလို သွားချင်တိုင်း သွားလို့မရဘူး။ အပြင်ကို သွားမယ်ဆိုရင် လူတစ်ယောက် အကူအညီလိုပါတယ်။ ဘဏ်ကို သွားမယ်ဆိုရင်လည်း ညီအစ်ကိုမောင်နှမတွေ၊ စိတ်ချရတဲ့ သူငယ်ချင်းတွေကို အကူအညီတောင်းရပါတယ်။ ဒါကြောင့် ကိုယ်နေထိုင်တဲ့နေရာနဲ့ နီးစပ်တဲ့နေရာ၊ ဘဏ်မှာ ငွေစာရင်းဖွင့်ဖို ကြိုးစားတာပါ” ဟု သူက ဆက်ပြောသည်။
အများပြည်သူအတွက် ဝန်ဆောင်မှုပေးသော ဘဏ်လုပ်ငန်းများက မသန်စွမ်းသူတို့အတွက် ထည့်သွင်းစဉ်းစားပေးသင့်ကြောင်း မြန်မာနိုင်ငံမသန်စွမ်းသူများရှေ့ဆောင်အဖွဲ့၏ အမှုဆောင်အရာရှိချုပ် ဦးနေလင်းစိုးက ပြောသည်။
“မသန်စွမ်းတွေကို သန်စွမ်းသူတွေဖြစ်အောင် လုပ်ပါဆိုရင် ဘယ်တော့မှဖြစ်လာမှာ မဟုတ်ပါဘူး။ ဘဏ်လုပ်ငန်းတွေကို မသန်စွမ်းသူတွေအတွက် ပြင်ဆင်ပေးရမယ်။ အလွယ်တကူသွားလာနိုင်အောင် စီစဉ်ပေးရမယ်။
ဘဏ်ဝန်ဆောင်မှုတွေ၊ စနစ်တွေက မသန်စွမ်းတွေအတွက် အခက်အခဲဖြစ်နေတယ်ဆိုရင်လည်း မသန်စွမ်းအဖွဲ့အစည်းတွေနဲ့ တိုင်ပင်ပြီး နည်းလမ်းတွေရှာဖွေပြီး ပြင်ဆင်ပေးရမယ်” ဟု ဦးနေလင်းစိုးက ပြောသည်။
အလုပ်အကိုင်အခွင့်အလမ်း
မြန်မာနိုင်ငံလူဦးရေ၏ ၄ ဒသမ ၆ ရာခိုင်နှုန်း၊ အရေအတွက်အားဖြင့် ၂ ဒသမ ၃ သိန်းခန့်သည် မသန်စွမ်းများ ဖြစ်ကြောင်း၊ အမြင်အာရုံမသန်စွမ်းသူများက အများဆုံးဖြစ်ကြောင်း၂ဝ၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင် စာရင်း ထုတ်ပြန်ချက်များတွင် ဖော်ပြထားသည်။ ၂ဝ၁ဝ ပြည့်နှစ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ကထုတ်ပြန်သော စာရင်းအရ နိုင်ငံတွင်း မသန်စွမ်းလူဦးရေ၏ ၈၅ ရာခိုင်နှုန်းသည် အလုပ်လက်မဲ့ ဖြစ်နေကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် အမြင်အာရုံမသန်စွမ်းသူများ၏ အလုပ်အကိုင်အခွင့်အလမ်းကို ရည်ညွှန်းပါက အနှိပ်အကြောပြင်အလုပ်ကို ပူးတွဲ မြင်ကြသည်။ တခြားသော ပညာရပ်များဖြင့် အသက်မွေးဝမ်းကျောင်းပြုလုပ်သူများရှိသော်လည်း အလွန်နည်းပါးနေသေးသည်။
မီဒီယာတစ်ခုတွင် အသံဖမ်းအင်ဂျင်နီယာအဖြစ် လုပ်ကိုင်နေသော ကိုစောမနိုင်းက ကျေးလက်ဒေသရှိ အမြင်အာရုံမသန်စွမ်းသူ အများစုမှာ ပညာသင်ကြားခွင့် မရရှိကြခြင်းကြောင့် အလုပ်အကိုင်အခွင့်အလမ်းများလည်း မရရှိကြကြောင်း ထောက်ပြသည်။
မျက်မမြင်များအဆင်ပြေရေး
မျက်မမြင်တစ်ဦးဖြစ်သည့် အသံဘက်ဆိုင်ရာ ကျွမ်းကျင်သူ ကိုစောမနိုင်းသည်လည်း နေ့စဉ် ရုံးဆင်းရုံးတက်ရန် သွားလာရသည့်အခါ အခြားသော မျက်မမြင်များကဲ့သို့ အခက်အခဲများ ကြုံနေရသည်။
မြန်မာ နိုင်ငံမသန်စွမ်းသူများ အသင်းချုပ် ဥက္ကဋ္ဌ ဦးအောင်ကိုမြင့်က မြန်မာနိုင်ငံတွင် အမြင်အာရုံမသန်စွမ်းသူတို့ ပြင်ပတွင် သွားလာရာတွင်လည်းကောင်း၊ ATM ခေါ် အလိုအလျောက် ငွေထုတ်စက်ကို သုံးစွဲရာတွင် လည်းကောင်း ယုံကြည်ရသူ တစ်ဦး၏ အကူအညီကို မဖြစ်မနေ ယူနေရသည်ဟု ရှင်းပြသည်။
အမြင်အာရုံမသန်စွမ်းသူ ဦးအောင်ကိုမြင့်က ဂျပန်၊ စင်ကာပူ၊ ဖိလစ်ပိုင် စသည့် ခရီးစဉ်များအတွင်း ATM ငွေထုတ်စက် အသုံးပြုဖူးကြောင်း၊ ထိုနိုင်ငံများရှိ ATM စက်များတွင် မျက်မမြင်တို့ အဆင်ပြေစေရန် အသံဖြင့် ညွှန်ကြားသည့်စနစ် ပါရှိကြောင်း ရှင်းပြသည်။
ရန်ကုန်မှ အမြင်အာရုံမသန်စွမ်းသူတစ်ဦးဖြစ်သည့် မယမင်းဥမ္မာကလည်း မြန်မာနိုင်ငံတွင် အများပြည်သူနှင့် သက်ဆိုင်သော နေရာများ၊ လမ်းများ၊ မီးပွိုင့်များတွင် အမြင်အာရုံမသန်စွမ်းသူတို့ သွားလာရန် အမှတ်အသားများ ၊ အသံစနစ်များ ပြုလုပ်ပေးစေလိုကြောင်း ပြောသည်။ အထူးသဖြင့် ရန်ကုန်မြို့တွင် ဘတ်စကားများ မဆင်မခြင်မောင်းနှင်ခြင်း၊ မှတ်တိုင်မဟုတ်သော နေရာတွင် ခရီးသည် အတင်အချပြုလုပ်ခြင်းကလည်း မျက်မမြင်တို့အတွက် အသက်အန္တရာယ်ရှိကြောင်း မယမင်းဥမ္မာက ထောက်ပြသည်။
၎င်းအနေဖြင့် အာဆီယံနိုင်ငံအချိုနှင့် ဒိန်းမတ်နိုင်ငံတို့တွင် သွားရောက် ပညာသင်ယူခဲ့စဉ်က သွားလာဆက်သွယ်ရာတွင် လွယ်ကူခဲ့သည်ဟု ပြောသည်။
“အဲဒီနိုင်ငံတွေမှာက အများပြည်သူတွေ အသုံးပြုတဲ့ လမ်းတွေမှာ အမြင်အာရုံမသန်စွမ်းတွေအတွက် အမှတ်အသားတွေ ၊ အသံစနစ်တွေပါဝင်နေတဲ့အပြင် ဈေးဝယ်စင်တာတွေမှာ အကူဝန်ထမ်းတွေပါ ထားရှိအတွက် လုံခြုံစိတ်ချရတယ်လို့ ခံစားမိပါတယ်”ဟု ၎င်းက ပြောသည်။
ရန်ကုန်မှ မျက်မမြင်အကြောပြင်ပညာဆရာ ကိုအောင်သန်းဦးကလည်း အစိုးရအနေဖြင့်သော်လည်းကောင်း၊ လူမှုအဖွဲ့အစည်းများကသော်လည်းကောင်း အမြင်အာရုံမသန်စွမ်းသူများအတွက် သင့်တော်မည့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးမည်ဆိုပါက ကိုယ်တိုင်လည်း တိုင်းပြည်အကျိုးအတွက် တစ်ထောင့်တစ်နေရာမှ ကူညီနိုင်မည်ဖြစ်ကြောင်း ပြောသည်။ ။