ရန်ကုန် – The Voice နေ့စဉ်သတင်းစာမှာ ဖော်ပြခဲ့တဲ့ သရော်စာဆောင်းပါးတစ်ပုဒ်နဲ့ ပတ်သက်ပြီး တပ်မတော်ဘက်က ဆက်သွယ်ရေး ပုဒ်မ ၆၆(ဃ) နဲ့ သတင်းစာအယ်ဒီတာချုပ် ကိုကျော်မင်းဆွေနဲ့ ရေးသားသူ ဗြိတိသျှကိုကိုမောင် ခေါ် ကိုကျော်စွာနိုင်တို့ကို အမှုဖွင့် တိုင်ကြားထားရာမှာ ဒီနေ့မှာတော့ သူတို့နှစ်ယောက်ကို ဖမ်းဆီးဖို့ အမိန့်ထွက်ပြီဖြစ်ကြောင်း သိရပါတယ်။
ကနေ့ညနေမှာ ဖမ်းမိန့်ကျတဲ့အတွက် ဖမ်းဆီးမယ်လို့ ဗဟန်းရဲစခန်းမှူး ဦးရဲမင်းသိန်းက အတည်ပြုပြောကြားကြောင်း တရားစွဲခံနေရသူများဘက်က အကျိုးဆောင်ပေးနေတဲ့ ဥပဒေအကြံပေး ဦးခင်မောင်မြင့်က Myanmar Now ကို အတည်ပြု ပြောကြားလိုက်တယ်။
“မနက်ပိုင်းအထိက အေးဆေးပဲဗျ၊ ဖမ်းဖို့ အစီအစဉ်မရှိဘူး၊ စစ်ချက်ထပ်ယူမယ်ဆိုပြီး စခန်းကိုခေါ်တာ။ ဒီရောက်လို့ ညနေကျမှ သူတို့ကို ဖမ်းမိန့်ကျပြီဖြစ်တဲ့အတွက် ကျွန်တော်နဲ့ ပြန်ထည့်ပေးလိုက်လို့ မရတော့ပါဘူးလို့ စခန်းမှူးက ပြောတာ။ ကျွန်တော်က ရဲမှူးကြီးမြင့်ထွေးဆီ ဖုန်းဆက်လှမ်းပြောထားတယ်။ တနင်္ဂနွေနေ့မှာ ကိုယ်တိုင်လာအဖမ်းခံပါ့မယ်။ အခုတော့ လုပ်ငန်းလွှဲစရာတွေရှိလို့ မဖမ်းဖို့။ ရဲမှူးကြီးက ပြန်ပြောမယ်ဆိုလို့ စခန်းမှာစောင့်နေတုန်းပဲ” လို့ ၎င်းက ဆိုတယ်။
စခန်းမှာရောက်ရှိနေတဲ့ ကိုကျော်မင်းဆွေကတော့ မေလ ၂၈ ရက်နေ့ ပထမဆုံးစစ်ချက်ယူစဉ်က တာဝန်ရှိတဲ့ ရဲမှူးကြီးတစ်ဦးက သူတို့ကို မဖမ်းဘူးဆိုတဲ့ အာမခံချက်ကို ပေးထားခဲ့ပြီးဖြစ်ပေမယ့် စစ်ချက်ယူစရာရှိလို့ စခန်းကို လာပါဦးလို့ ပြောဆိုခဲ့ပြီးမှ ပြန်မလွှတ်တော့ဘဲ ဖမ်းဆီးလိုက်တာ ဖြစ်တယ်လို့ Myanmar Now ကို တယ်လီဖုန်းနဲ့ ပြောပါတယ်။
ရေးသားဖော်ပြတဲ့ သရော်စာဟာ စာနယ်ဇင်းသဘောတရားအရအပြင် မီဒီယာလုပ်ငန်းသဘာဝအရ ဘယ်သူ့ကိုမှ ထိခိုက်စေတဲ့ ဖော်ပြချက်မဟုတ်ဘူးလို့ နားလည်ထားကြောင်း၊ ရုတ်တရက် အခုလို လုပ်လိုက်ခြင်းကြောင့် စိတ် ကသိကအောင့်ဖြစ်ရကြောင်း သူက ဆက်ပြောပါတယ်။
“ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့စာနယ်ဇင်းတွေကို တပ်မတော်နဲ့ ပတ်သက်တိုင်း ဒီလို ဖိအားပေးတာလို့ ထင်ရတဲ့သဘောမျိုး ဖြစ်နေပြီ။ နဂိုခေါ်တုန်းက ရဲဘက်က ဖမ်းဖို့အစီအစဉ်မရှိဘူး” လို့ သူက ဆိုတယ်။
ဗဟန်းရဲစခန်းအတွင်းရှိနေတဲ့ သရော်စာရေးသူ ဗြိတိသျှကိုကိုမောင်ကလည်း သူ့သရော်စာဟာ ဘယ်လက်နက်ကိုင်အဖွဲ့ရဲ့ အမည်ကိုမှ မတပ်ခဲ့ကြောင်း၊ ဥပဒေဘောင်အတွင်းကနေ ရင်ဆိုင်သွားမှာ ဖြစ်ကြောင်း ပြောပါတယ်။
တပ်မတော်က ရိုက်ကူးခဲ့တဲ့ ပြည်ထောင်စုသစ္စာရုပ်ရှင်ဇာတ်ကား ပြသချိန်မှာ ထွက်ပေါ်လာတဲ့ “ကျည်ထောင်စုသစ္စာ” ခေါင်းစဉ်တပ် သရော်စာဆောင်းပါးကို မတ်လ ၂၆ ရက်နေ့ထုတ် The Voice သတင်းစာ၊ အွန်လိုင်းစာမျက်နှာတို့မှာ ဖော်ပြခဲ့ရာမျာ တပ်မတော်ဘက်က ဂုဏ်သိက္ခာထိခိုက်စေတဲ့ အချက်တွေ ပါဝင်နေတာကြောင့်ဆိုပြီး ပထမဦးစွာ မြန်မာနိုင်ငံမီဒီယာကောင်စီကို တိုင်ကြားခဲ့တာပါ။
ဒါကြောင့် The Voice သတင်းစာက မေလ ၁၄ ရက်နေ့မှာ တပ်မတော်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေလိုတဲ့ ရည်ရွယ်ချက်နဲ့ ရေးသားဖော်ပြတာ မဟုတ်ကြောင်း ရှင်းလင်းချက်တစ်ခုကို ပြန်လည်ဖော်ပြခဲ့ပါတယ်။ မြန်မာနိုင်ငံမီဒီယာကောင်စီကနေတစ်ဆင့် ညှိနှိုင်းဆောင်ရွက်နေစဉ်မှာပဲ ရန်ကုန်တပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီး လင်းထွန်းက တရားလိုပြုကာ ကိုကျော်မင်းဆွေနဲ့ ဗြိတိသျှကိုကိုမောင်တို့ကို ဆက်သွယ်ရေးပုဒ်မ ၆၆(ဃ) နဲ့ ဗဟန်းမြို့ နယ်ရဲစခန်းမှာ အမှုဖွင့်လိုက်ခြင်းဖြစ်ပါတယ်။