ရန်ကုန် – ရန်ကုန်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်မှာနေထိုင်သူ ဒေါ်စန်းစန်းဝင်းက သူတို့မသိရဘဲ မိသားစုလိုက် အိမ်ထောင်စုစာရင်းကနေ ထုတ်ပယ်ခံရမှုအတွက် အရေးယူပေးဖို့ ဇွန်လ ၂ဝ ရက်နေ့က တိုင်ကြားရာမှာ နယ်မြေရဲစခန်းက လက်ခံ ဆောင်ရွက်နေကြောင်း သိရပါတယ်။
သူ့အိမ်လိပ်စာ ဖော်ပြထားတဲ့ အိမ်ထောင်စုစာရင်းတစ်ခုမှာတော့ သူ့မိသားစုမဟုတ်သူတို့ရဲ့ အမည်တွေ ပါဝင်နေတာ တွေ့ရတယ်လို့ ရပ်ကွက် ၂ဝ၊ ရေစက်လမ်း၊ အိမ်အမှတ် ၄၄/ခ မှာ နေထိုင်နေတဲ့ ဒေါ်စန်းစန်းဝင်းက ပြောပါတယ်။
ဒီဖြစ်ရပ်ကြောင့် အိမ်ထောင်စုစာရင်း အသစ်ပြုလုပ်ရာမှာ ပါဝင်သူတို့ကို စာရွက်စာတမ်းအတု ပြုလုပ်မှု ပုဒ်မ ၄၂ဝ၊ ၄၆၈ တို့နဲ့ အမှုဖွင့်တိုင်ကြားထားတာဖြစ်တယ်လို့ ဒေါ်စန်းစန်းဝင်းရဲ့ သမီးဖြစ်သူ မခင်ချိုနိုင်က ပြောပါတယ်။
“ကျွန်မတို့အမှုဖွင့်တာကို ရဲစခန်းက လက်ခံပါတယ်။ စာရွက်စာတမ်းအတုအပ ပြုလုပ်မှုက ခရိုင်အဆင့်က ဆောင်ရွက်ရမယ့်ကိစ္စကြောင့် ခရိုင်တရားရုံးကို သူတို့တင်ပေးမယ်လို့ ပြောတယ်။ ဒီနေ့တော့ ကျွန်မတို့ဘက်က ထွက် ဆိုချက်တွေ ပေးလိုက်တယ်” လို့ မခင်ချိုနိုင်က ပြောပြပါတယ်။
ပြဿနာရဲ့ အစ
အိမ်ထောင်စုစာရင်းမှာ အိမ်ထောင်ဦးစီးအဖြစ် ဖော်ပြခံခဲ့ရတဲ့ ဦးလေးတော်စပ်သူ ဦးဝင်းစိုးသိန်းက အိမ်ဂရမ်ကို ပေါင်နံှခဲ့တယ်၊ ပေါင်ထားတာကို မရွေးနိုင်တဲ့အတွက် ၂ဝ၁၅ ခုနှစ်မှာ တရားရင်ဆိုင်နေရတယ်လို့ သိရပါတယ်။
အိမ်ဂရမ်ကို လက်ဝယ်ပိုင်ဆိုင်ထားတဲ့သူက အဲဒီလိပ်စာနဲ့ အိမ်ထောင်စုစာရင်း ပြုလုပ်ခဲ့တယ်၊ အဲဒီအိမ်ထောင်စုစာရင်းမှာ မြို့နယ် လူဝင်မှုကြီးကြပ်ရေးဌာန (လဝက) အရာရှိတစ်ယောက်ဖြစ်တဲ့ ဒေါ်ခင်မြင့်မြင့် ဆိုသူက လက်မှတ်ထိုးထားတယ်လို့ ဒေါ်စန်းစန်းဝင်းက ဆိုပါတယ်။
“သူတို့ အသစ်လုပ်ပေးလိုက်တဲ့ အိမ်ထောင်စုစာရင်းကို ပြန်ကြည့်လိုက်ရင် မြို့နယ် လဝက တံဆိပ်တုံးလည်း မပါဘူး။ ဒီအိမ်ထောင်စုစာရင်းအသစ်ကို သူတို့က တရားရုံးမှာ သက်သေခံအနေနဲ့ တင်တော့မှ ကျွန်မတို့လည်း အတိအကျမြင်ရတာ” လို့ ဒေါ်စန်းစန်းဝင်းက ပြောပါတယ်။

မဲပေးခွင့်ဆုံးရှုံးခြင်းနဲ့ နစ်နာချက်များ
မိသားစုဝင်တွေအတွက် နိုင်ငံသားစိစစ်ရေးကတ်ကို အနှစ် ၂ဝ ကျော်ကြာ နေထိုင်နေတဲ့ အိမ်လိပ်စာနဲ့ လျှောက်လို့ မရတဲ့အတွက် နစ်နာတယ်၊ အိမ်ထောင်စုစာရင်း အရှုပ်အရှင်းကြောင့် ၂ဝ၁၅ ရွေးကောက်ပွဲမှာလည်း မိသားစုဝင်တွေ မဲပေးခွင့် ဆုံးရှုံးခဲ့တယ်လို့ ဒေါ်စန်းစန်းဝင်းက ပြောပါတယ်။
ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး နေပြည်တော်ကို စာရေးသား တိုင်ကြားထားရာမှာ နိုင်ငံတော်သမ္မတရုံးက လက်ခံရရှိကြောင်း ဇွန်လ ၂ဝ ရက်နေ့ နေ့စွဲနဲ့ အကြောင်းပြန်ထားတဲ့စာကိုလည်း ဒေါ်စန်းစန်းဝင်းက မိတ္တူကူးပြီး သတင်းထောက်တွေကို ပေးပါတယ်။
အဲဒီနေ့မှာပဲ မိသားစုဝင်တွေ အပါအဝင် အင်အား ၃ဝ ခန့်က မြို့နယ် လဝက ရုံးရှေ့မှာ ဆန္ဒ ထုတ်ဖော်ခဲ့တာ တွေ့ရပါတယ်။
လဝကဌာနရဲ့အသံ
လဝက ဦးစီးမှူး ဦးဘိုမြင့်ကတော့ ဒဂုံမြို့သစ်ကို ဒီလဆန်းပိုင်းကမှ ပြောင်းရွှေ့လာတာဖြစ်တဲ့အတွက် ဒီစာရွက်စာတမ်းကိစ္စဟာ ဥပဒေနဲ့ညီညွတ်ခြင်း ရှိမရှိ ဘာမှ မသိသေးဘူးလို့ ပြောပါတယ်။
“ဒီကိစ္စကို ပြန်စိစစ်မလားလည်း မသိသေးဘူး။ ကျွန်တော် တာဝန်အရတော့ သက်ဆိုင်ရာ အဆင့်ဆင့် ကို ဒီမှာဒီလိုဖြစ်တယ်ဆိုတာကိုတော့ တင်ပြထားတယ်”လို့ ဦးစီးမှူးက ပြောပါတယ်။



