သတင်း

The Voice အယ်ဒီတာရဲ့ တရားရုံးပြောင်းစစ်ခွင့်ရရေး တောင်းဆိုချက် ပယ်ချခံရ

ရန်ကုန် – နာမည်ကျော်ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ)နဲ့ တရားစွဲခံထားရတဲ့ The Voice သတင်းစာ အယ်ဒီတာချုပ် တရားရုံးပြောင်း လျှောက်ထားမှု၊ အာမခံရရှိရေး တတိယအကြိမ်မြောက် လျှောက်ထားမှုတို့ကို ရန်ကုန်၊ ဗဟန်းမြို့နယ် တရားရုံးက ပယ်ချလိုက်တယ်လို့ သူ့ရဲ့ ဥပဒေအကျိုးဆောင် ဦးခင်မောင်မြင့်က ဇွန် ၂၃ ရက်နေ့မှာ သတင်းထောက်တွေကို ပြောပါတယ်။

အယ်ဒီတာချုပ် ဦးကျော်မင်းဆွေက ဗဟန်းမြို့နယ်တရားရုံးရဲ့ စစ်ဆေးစီရင်မှုဟာ ဥပဒေနဲ့အညီ မှန်ကန်မျှတစွာ စစ်ဆေးစီရင်နိုင်မှာ မဟုတ်ဘူးလို့ သဘောရိုးနဲ့ ယုံကြည်တဲ့အတွက် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၁၉၁ အရ တခြားသင့်လျော်တဲ့ တရားရုံးတစ်ရုံးကို ပြောင်းရွှေ့ပေးဖို့ လျှောက်ထားခဲ့တာဖြစ်တယ်လို့ ဥပဒေအကျိုးဆောင်က ရှင်းပြပါတယ်။

ပုဒ်မ ၆၆(ဃ) နဲ့ စွဲဆိုခံရသူတချို့ အာမခံရရှိတဲ့အတွက် ချုပ်နှောင်မခံရဘဲ အမှုရင်ဆိုင်နိုင်တယ်၊ အယ်ဒီတာချုပ်ကို အာမခံ မပေးဘူးဆိုရင် အပြစ်ရှိတယ်၊ မရှိဘူး မသေချာခင်မှာ အပြစ်ပေး အရေးယူခံနေရသလိုဖြစ်နေတာကြောင့် အာမခံပေးသင့်ကြောင်း လျှောက်ထားခဲ့တာဖြစ်တယ်လို့ ဦးခင်မောင်မြင့်က ပြောပါတယ်။

“နောက်ရုံးချိန်းကို ဒီလ ၃ဝ ရက်နေ့ ထပ်ချိန်းတယ်။ အဲ့ဒီရက်မှာလည်း ကျွန်တော့်အနေနဲ့ အာမခံကို ဆက်လျှောက်သွားမယ်။ ဒီကြားထဲမှာ အနောက်ပိုင်းခရိုင်တရားရုံးမှာ ဥပဒေနဲ့အညီ ရုံးပြောင်း စစ်ဆေးခွင့် အတွက် လျှောက်ထားဖို့ကို ကျွန်တောာ်ကြိုးစားသွားမယ်” လု့ိ ဦးခင်မောင်မြင့်က ဆိုပါတယ်။

တိုင်ကြားသူကို စစ်ဆေး

The Voice သတင်းစာ အင်တာနက်စာမျက်နှာမှာ ဖော်ပြခဲ့တဲ့ “ကျည်ထောင်စုသစ္စာ”ခေါင်းစဉ်တပ် သရော်စာဟာ တပ်မတော်ရဲ့ ဂုဏ်သိက္ခာ ထိခိုက်စေတယ်ဆိုပြီး တပ်မတော်က တရားစွဲရာကနေ အမှု ပေါ်ပေါက်လာရတာပါ။

ဇွန် ၂၃ ရက်နေ့ တရားခွင်မှာတော့ တရားလို ဒုတိယဗိုလ်မှူးကြီး လင်းထွန်းကို စစ်ဆေးခဲ့ပါတယ်။

စစ်ဆေးရာမှာ အမှုရဲ့ ရှေ့အလားအလာနဲ့ ပတ်သက်တဲ့ အခြေအနေတချို့ တွေ့ရတယ်လို့ ဥပဒေအကျိုးဆောင် ဦးခင်မောင်မြင့်က ပြောပါတယ်။

“ဒီနေ့ တရားလိုစစ်တာမှာတော့ ပုံမှန် အမှုကြောင်းတွေပဲ စစ်ဆေးတာပါ။ အဲ့ဒီမှာ ပုဒ်မ ၆၆(ဃ) နဲ့ စွဲလို့ မဖြစ်နိုင်ဘူးဆိုတဲ့ အကြောင်းအရာတွေ ပေါ်လာတယ်။ အမှုက မပြီးပြတ်သေးတော့ ဒါကို မှတ်ချက်ပေးဖို့ စောပါသေးတယ်။ နောက်ပိုင်းတော့ ရုပ်လုံးပေါ်လာမှာပါ” လို့ ဦးခင်မောင်မြင့်က ပြောပါတယ်။

တရားခွင်ခွင် လေ့လာခွင့်

ဇွန် ၂၃ တရားခွင်ကို လေ့လာဖို့ သတင်းသမားအများအပြား ဗဟန်းတရားရုံးကို ရောက်နေပေမယ့် လေ့လာဖို့ အခြေအနေ မပေးပါဘူး။

သတင်းသမားများ တရားခွင်နဲ့တရားခွင်ဝန်းကျင် ဝင်ရောက်ခွင့်မရတဲ့အတွက် ကန့်ကွက်ကြောင်း မြန်မာနိုင်ငံ သတင်းသမားများကာကွယ်ရေးကော်မတီ အဖွဲ့ဝင် ကိုသာလွန်ဇောင်းထက်က ပြောပါတယ်။

“တရားရုံးဆိုတာ ပြည်သူတွေပိုင်တဲ့နေရာပါ။ ပြည်သူ့အတွက် လုပ်နေတဲ့ သတင်းထောက်တွေ၊ လေ့လာတဲ့ပြည်သူတွေကို ဝင်ခွင့်မပေးဘူးဆိုတာကတော့ နည်း လမ်းမကျဘူးထင်တယ်။ ပိတ်ထားပြီဆိုမှတော့ ဒီတရားခွင့်က ဘယ်လိုလုပ် လွတ်လပ်တော့မလဲ”လို့ ကိုသာလွန်ဇောင်းထက်က ဆိုပါတယ်။

တရားခွင်ကို ပြည်သူတွေ ဝင်ရောက်ခွင့်မပြုခဲ့တာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၇(ခ) က ပြဋ္ဌာန်းထားတဲ့ နိုင်ငံတော်လုံခြုံရေးနဲ့ သက်ဆိုင်တဲ့ တံခါးပိတ်စီရင်ရမယ့် အမှုတွေကလွဲပြီး အများပြည်သူရှေ့မှောက်မှာ တရားစီရမယ်ဆိုတဲ့ ပြဋ္ဌာန်းချက်ကို ချိုးဖောက်ရာ ရောက်တယ်၊ တရားရုံးကို သတင်းမီဒီယာတွေ မလာရဆိုတဲ့ ဥပဒေမျိုးက လုံးဝမရှိဘူးလို့ တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက သုံးသပ်ပါတယ်။

“ဒီလိုလုပ်တာကို သတင်းသမားတွေအနေနဲ့ တရားရုံးကိုလည်း တရားဝင် အသိပေးအကြောင်းကြားစာ ပို့ပြီး ဖြေရှင်းချက် တောင်းသင့်တယ်။ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီကိုလည်း တိုင်ကြားသင့်တယ်။ သူတို့ကတစ်ဆင့် ဒါကို ဖြေရှင်းဖို့ တောင်းဆိုသင့်တယ်” လို့ ဦးသိန်းသန်းဦးက ဆိုပါတယ်။

ဒီအတောအတွင်း ပြင်သစ်အခြေစိုက် နယ်စည်းမထား သတင်းသမားများအဖွဲ့က မြန်မာအစိုးရကို အယ်ဒီတာချုပ် ဦးကျော်မင်းဆွေ လွတ်မြောက်ရေး၊ ဆက်သွယ်ရေးဥပဒေ အမြန်ဆုံး ပြင်ဆင်ရေးအတွက် ဇွန် ၂၁ ရက်နေ့မှာ တောင်းဆိုလိုက်ပါတယ်။

တပ်မတော်ရဲ့ စွဲချက်ကို ပယ်ချဖို့လည်း ဒီအဖွဲ့က တိုက်တွန်းလိုက်ပါတယ်။

Show More

Related Articles

Back to top button