ရန်ကုန် (Myanmar Now) – ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲ၊ ထိန်းသိမ်းခံနေရသော The Voice အယ်ဒီတာချုပ် အာမခံ ရရှိရေးအတွက် ပြန်ကြားရေးဝန်ကြီးနှင့် သတင်းမီဒီယာကောင်စီတို့က ကူညီဆောင်ရွက်လျှင် ဖြစ်နိုင်ခြေရှိကြောင်း The Voice သတင်းစာ တာဝန်ခံအယ်ဒီတာ ကိုကျော်စံမင်းက ဇွန် ၂၅ ရက်နေ့တွင် ပြောသည်။
အင်တာနက်တွင် ဖော်ပြခဲ့သည့် သရော်စာနှင့် ပတ်သက်ပြီး မီဒီယာဥပဒေဖြင့် ပြောင်းလဲ တရားစွဲဆိုပါက အာမခံ ချက်ချင်း ရရှိနိုင်ပြီး ဒဏ်ငွေဆယ်သိန်းထက်မပိုသော ပြစ်ဒဏ်ကိုသာလျှင် ရင်ဆိုင် ဖြေရှင်းသွားရမည် ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီး ဦးဖေမြင့်နှင့် ဇွန် ၂၃ ရက်နေ့က တွေ့ဆုံစဉ် ရှင်းပြခဲ့ပြီး သင့်လျော်သည့်ဥပဒေဖြင့် ပြောင်းလဲ တရားစွဲဆိုရေးအတွက် ကူညီရန် တိုက်တွန်းခဲ့သည်ဟု ကိုကျော်စံမင်းက ပြောသည်။
“ကိုယ်ရေးကိုယ်တာ စာမျက်နှာမှာ တင်တာမျိုး မဟုတ်ဘဲနဲ့ မီဒီယာတစ်ခုရဲ့ ဝက်ဆိုက်မှာ ဖော်ပြတာ ဖြစ်တဲ့အတွက် မီဒီယာဥပဒေနဲ့သာ သက်ဆိုင်ပါတယ်၊ ကျွန်တော်တို့ကို မကျေနပ်ရင် မီဒီယာဥပဒေပုဒ်မ ၂၅ နဲ့ တရားစွဲဆိုလို့ရပါတယ် လို့ ဝန်ကြီးကို ရှင်းပြခဲ့ပါတယ်။ ဝန်ကြီးကလည်း သူလုပ်ပေးနိုင်တဲ့ အတိုင်းအတာထဲကနေ တတ်နိုင်သလောက် ကူညီမယ်လို့ ကျွန်တော်တို့ကို ပြောလိုက်ပါတယ်” ဟု ကိုကျော်စံမင်းက ရှင်းပြသည်။
The Voice အင်တာနက်စာမျက်နှာတွင် ဖော်ပြခဲ့သော ကျည်ထောင်စုသစ္စာ သရော်စာနှင့် ပတ်သက်ပြီး တပ်မတော်က တိုင်ကြားခဲ့သဖြင့် ရန်ကုန်၊ ဗဟန်းမြို့နယ် တရားရုံးတွင် တရားစွဲခံထားရသည့် အယ်ဒီတာချုပ် ဦးကျော်မင်းဆွေသည် အာမခံ မရသဖြင့် အင်းစိန်ထောင်တွင် အထိန်းသိမ်းခံနေရသည်။
ညှိနှိုင်းရေး
သတင်းမီဒီယာကောင်စီနှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့သည် စာနယ်ဇင်းသမားများ တရားစွဲခံရမှုနှင့် ပတ်သက်ပြီး ညှိနှိုင်းဖြေရှင်းပေးရန် တာဝန်ရှိသည်ဟု အယ်ဒီတာချုပ်၏ ဥပဒေအကြံပေး ဦးခင်မောင်မြင့်က ပြောသည်။
ဝန်ကြီးဌာနသည် ကောင်စီနှင့် ညှိနှိုင်းပြီး ပြည်ထောင်စုအစိုးရ၏ သဘောတူညီချက်ဖြင့် လိုအပ်သော နည်းဥပဒေများ၊ စည်းမျဉ်းနှင့် စည်းကမ်းများကို ထုတ်ပြန်နိုင်သည်ဟု သတင်းမီဒီယာကောင်စီဥပဒေတွင် တာဝန် တိတိကျကျ ပေးအပ်ထားပြီး ဖြစ်ကြောင်း ဥပဒေအကြံပေးက ထောက်ပြသည်။
ညှိနှိုင်းပူးပေါင်းပြီး ဆောင်ရွက်ပါက “ဒီအမှုဟာ အခြေအနေ ပြောင်းလဲသွားပြီးတော့မှ ဥပဒေနဲ့အညီ မှန်မှန်ကန်ကန် ရင်ဆိုင်ဖြေရှင်းသွားနိုင်မှာ ဖြစ်ပါတယ်” ဟု သူက ဆက်ပြောသည်။
ကောင်စီနှင့် ဝန်ကြီးဌာနက ပြည်ထောင်စု တရားလွှတ်တော်ချုပ်၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးကို ဆက်သွယ်၊ ညှိနှိုင်းပြီး ဆောင်ရွက်ပေးနိုင်မည်ဟု မျှော်လင့်ကြောင်း ဦးခင်မောင်မြင့်က ပြောသည်။
တရားရုံးပြောင်း စစ်ဆေးရေး
ကနဦးပိုင်းတွင် သရော်စာရေးသား ဗြိတိသျှကိုကိုမောင်ကိုလည်း တရားစွဲ၊ ထိန်းသိမ်းခဲ့သော်လည်း မကြာသေးခင်က ပြုလုပ်ခဲ့သည့် ဗဟန်းမြို့နယ် တရားရုံး စစ်ဆေးမှုတစ်ခုတွင် တရားသူကြီးက ၎င်းကို လွှတ်ပေးခဲ့သည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဗဟန်းမြို့မရဲစခန်းက သရော်စာနှင့် ပတ်သက်ပြီး စစ်ဆေးရန် သရော်စာရေးသူကို ဆင့်ခေါ်ခဲ့ကြောင်း သိရသည်။
ဤသို့ဖြစ်ရခြင်းမှာ သရော်စာရေးသူ လွတ်မြောက်နေသည့်အတွက် ထပ်မံ အရေးယူလိုသောကြောင့် ဖြစ်သည်ဟု မယူဆကြောင်း၊ တရားလိုဖြစ်သော တပ်မတော်အရာရှိက သရော်စာနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ၊ ဗဟန်းမြို့နယ်တရားရုံး၊ ဗဟန်းမြို့မ ရဲတပ်ဖွဲ့ စသည့် နေရာသုံးခုကို တစ်ပြိုင်နက် တိုင်ကြားခဲ့ခြင်းကြောင့်ဖြစ်ကြောင်း ဥပဒေအကြံပေး ဦးခင်မောင်မြင့်က ပြောသည်။
အယ်ဒီတာချုပ်နှင့် သရော်စာရေးသူကို စတင်ဖမ်းဆီးစဉ်က ဗဟန်းမြို့နယ် တရားရုံးသည် ရုံးပိတ်ရက်ဖြစ်သော စနေနေ့တွင် ရုံးဖွင့်ပြီး ချုပ်ရမန်ပေးခဲ့ခြင်း၊ အာမခံလျှောက်ထားမှုကို အကြိမ်ကြိမ် ပယ်ချခြင်းတို့ကြောင့် ဤအမှုကို တခြားသော တရားရုံးတစ်ခုခုသို့ ပြောင်းရွှေ့လျှောက်ထားခွင့် ရရေးအတွက် ဇွန် ၂၆ ရက်နေ့တွင် အနောက်ပိုင်းခရိုင်တရားရုံးသို့ သွားရောက် လျှောက်ထားမည်ဟု သိရသည်။
မြို့နယ်တရားရုံးက ဦးကျော်မင်းဆွေကို စွဲဆိုထားသော ပုဒ်မသည် လွဲှမှားနေသဖြင့် ပြင်ဆင်ပေးရန် အနောက်ပိုင်းခရိုင် ဥပဒေအရာရှိကို တွေ့ဆုံပြီး တင်ပြထားသည်ဟု ဦးခင်မောင်မြင့်က ပြောသည်။
“ဥပဒေအရာရှိက သူ့အနေနဲ့ ဆုံးဖြတ်နိုင်တဲ့အခွင့်အာဏာ မရှိတာကြောင့် ရန်ကုန်တိုင်း ဥပဒေချုပ်ရုံးကို ညွှန်ကြားချက် တောင်းခံပြီးတော့ ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်” ဟု ဦးခင်မောင်မြင့်က ရှင်းပြသည်။