သတင်း

မတရားအသင်းဆက်သွယ်မှုပုဒ်မ လွှတ်တော်က ပယ်ဖျက်ရန် တရားစွဲခံသတင်းသမားများ တောင်းဆို

ရန်ကုန်— မြန်မာနိုင်ငံမှာ ဒီမိုကရေစီလမ်းကြောင်းကို သွားနေတယ်လို့ ကမ္ဘာကို ကြွေးကြော်နေပေမယ့် သတင်းမီဒီယာသမားတွေကို ကိုလိုနီခေတ်ကရေးခဲ့တဲ့ မတရားအသင်းဥပဒေပါ ပုဒ်မနဲ့ တရားစွဲဆိုတာက “ရှက်စရာကောင်း” ပြီး ဒီပုဒ်မ ပယ်ဖျက်ဖို့ကိစ္စကို လွှတ်တော်ကိုယ်စားလှယ်တွေက ဦးစားပေး လုပ်ဆောင်သင့်တယ်လို့ အဆိုပါပုဒ်မနဲ့ တရားစွဲဆိုခံထားရတဲ့ သတင်းမီဒီယာသမားတွေက ပြောပါတယ်။

အဆိုပါပုဒ်မနဲ့ တပ်မတော်ရဲ့တရားစွဲဆိုခံနေရတဲ့ ဒီမိုကရက်တစ်ရုပ်သံ (DVB) သတင်းဌာနက သတင်းသမားနှစ်ဦးဖြစ်တဲ့ ကိုအေးနိုင်၊ ကိုပြည့်ဘုန်းနိုင်နဲ့ ဧရာဝတီသတင်းဌာနက ကိုသိန်းဇော် (ခေါ်) ကိုလဝီဝမ် တို့ကို သီပေါမြို့နယ်တရားရုံးမှာ ယနေ့ ရုံးထုတ်စဉ် ကိုအေးနိုင်က အထက်ပါအတိုင်း ပြောကြားခဲ့တာဖြစ်ပါတယ်။ အဲဒီဖြေကြားချက်တွေကို DVB သတင်းဌာရဲ့ အင်တာနက်စာမျက်နှာမှာ ရုပ်သံသတင်းအနေနဲ့ ဒီကနေ့ ထုတ်လွှင့်ခဲ့ပါတယ်။

ဒီသတင်းသမားသုံးယောက်ဟာ စတင်ဖမ်းဆီးခံရတဲ့နေ့ကစလို့ ၂၂ ရက်မြောက်နေ့ကျမှ ပထမဆုံးအကြိမ်အဖြစ် သူတို့အသံတွေကို မီဒီယာတစ်ခုထံ ပြောပြခွင့်ရခဲ့တာပါ။

“ပလောင်တို့၊ ဝ တို့ဆိုရင် အပစ်အခတ်ရပ်စဲရေးလက်မှတ် မထိုးရသေးဘူး။ ဒါတွေမထိုးသေးတာကို ထိုးအောင်ဆိုရင် ကျနော်တို့က ကြားထဲကနေပြီးတော့ မီဒီယာအနေနဲ့ ဘယ်လိုလုပ်ပေးနိုင်မလဲ။ အချိန်မရွေး မိုင်းနင်းခံရနိုင်တယ်၊ သေနတ်နဲ့ ချောင်းပစ်ခံရနိုင်တယ်ဆိုတဲ့ နေရာတွေကို ကျနော်တို့ စွန့်စားသွားတယ်ဆိုတာ ရှင်းရှင်းပြောရရင် ကျနော်တို့ ဘဝတွေ၊ အသက်တွေကို ပေးပြီးတော့ ဒီမီဒီယာလုပ်ငန်းကို လုပ်တာ။ ကျနော်တို့ ထောင်ကျခြင်း မကျခြင်းထက်စာလို့ရှိရင် ကျနော်တို့ နိုင်ငံရဲ့ ဒီမိုကရေစီသွားတဲ့လမ်းကြောင်းကို ကမ္ဘာကို ကြွေးကြော်နေပေမယ့် ရှက်စရာကောင်းတယ်” လို့ တရားစွဲဆိုခံထားရတဲ့ DVB သတင်းဌာနက ကိုအေးနိုင်က ပြောပါတယ်။

ဒါ့ပြင် ၎င်းတို့ကို ထောင်ထဲထည့်ပြီး ဦးတည်ချက်ပြောင်းသွားအောင်၊ ကြောက်လန့်သွားအောင်၊ ဘဝဆုံးရှုံးသွားအောင် လုပ်နေ၊ ခြိမ်းခြောက်နေပေမယ့် မကြောက်ရွံ့ကြောင်း၊ သတင်းထောက်လုပ်လို့ အခုလို့ တရားစွဲဆိုခံရ၊ လက်ထိတ်ခတ် ရုံးထုတ်ခံရတာဟာ ဒီမိုကရေစီလို့ ပြောလို့ရမလားလို့ တရားစွဲဆိုခံထားရတဲ့ ဧရာဝတီသတင်းဌာနက သတင်းထောက် လဝီဝမ် က လည်း မေးခွန်းထုတ်ခဲ့ပါတယ်။

“သတင်းထောက်က သူ့အလုပ် သူလုပ်တယ်။ ရှေ့တန်းမှာ တိုင်းရင်းသားအရေးအတွက် ငြိမ်းချမ်းရေးအတွက် လုပ်တယ်။ ရှေ့တန်းတိုက်ပွဲထဲမှာလည်း လုပ်ခဲ့တယ်။ အစိုးရမကောင်းလည်း ရေးတယ်။ တိုင်းရင်းသားလက်နက်ကိုင်မကောင်းလည်း ရေးတယ်။ ဒီမိုကရေစီလို့ သူတို့အော်နေတဲ့ဟာ ဒါလား။ ဒါ တပ်မတော်ရဲ့ခြိမ်းခြောက်မှုပဲ” လို့ သူက ပြောခဲ့ပါတယ်။

မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁) ဟာ လက်ရှိ သွားနေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ သွေဖည်နေကြောင်း၊ တိုင်းပြည်ရဲ့ငြိမ်းချမ်းရေးကို လုပ်ချင်ရင် တစ်ဖက်လူရဲ့ ရပ်တည်ချက်၊ သဘောထားတို့ကို သိအောင်လုပ်နိုင်မှသာ ငြိမ်းချမ်းရေးရနိုင်မှာဖြစ်ပြီး ဒီလိုလုပ်နိုင်တာက သတင်းမီဒီယာတို့သာဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၂) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဌေးဦးက မှတ်ချက်ပြုတယ်။

ဒါပေမယ့် လက်ရှိအချိန်အထိ လွှတ်တော်အတွင်းမှာ အဆိုပါပုဒ်မကို ပယ်ဖျက်ရေး (သို့မဟုတ်) ပြင်ဆင်ရေး ကြိုး စားနေတဲ့ အနေအထားမျိုး မတွေ့ရသေးကြောင်း၊ မိမိအနေနဲ့တော့ ကြိုးစားဖို့အရေး စဉ်းစားထားကြောင်း သူက ဆက်ပြော ပါတယ်။ ဦးဌေးဦးဟာ အမျိုးသားလွှတ်တော် အစိုးရ၏ကတိကဝတ်များ စောင့်ကြည့်ရေးကော်မတီနှင့် ပြည်သူ့တိုင်ကြားစာများ စိစစ်ရေးကော်မတီနှစ်ခုရဲ့ အဖွဲ့ဝင်လည်း ဖြစ်ပါတယ်။

“မီဒီယာက တစ်ဖက်ရဲ့သဘောထားနဲ့ တစ်ဖက်ရဲ့သဘောထားကို ဖော်ပြဖို့ရာမှာ ကန့်သတ်တာမျိုးတော့ မရှိသင့်ဘူး။ ဒီပုဒ်မမျိုးက ပယ်ဖျက်သင့်တယ်။ ငြိမ်းချမ်းရေးကို ရည်ရွယ်ရင် ငါတို့ပြောတာနားထောင်၊ သူတို့ပြောတာ နားမထောင်နဲ့ဆိုတဲ့ သဘောထားကို ပြောင်းလဲသင့်ပြီ။ ကျနော်တို့တိုင်းပြည်ရဲ့အနေအထားက ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား ရပ်တည်ဖို့ အဘက်ဘက်က ခက်ခဲနေသေးတယ်။ ကျနော့်အနေနဲ့တော့ ဒီဟာပယ်ဖျက်ရေးကို လုပ်တာမှာ ဒါတွေကို သတိပြုမိတယ်။ ဒီသဘောထားတွေကို ကျော်ဖြတ်ပြီး ကြိုးစားရမှာပေါ့” လို့ သူက ဆိုပါတယ်။

အဆိုပါပုဒ်မ ပယ်ဖျက်ရေးကို လွှတ်တော်ကိုယ်စားလှယ်တို့အကြား အလွတ်သဘောတွေ့ဆုံစဉ်မှာ ပြောကြားထားတာရှိပေမယ့် တကယ်တမ်း လွှတ်တော်တွင်းဆွေးနွေးကြရင် တပ်မတော်နဲ့ ထိပ်တိုက်တွေ့နိုင်တဲ့အနေအထားကြောင့် လွှတ်တော်အတွင်း အင်အားများတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ အဆိုပါကိစ္စကို ဆောင်ရွက်နိုင်ဖွယ် မမြင်သေးဘူးလို့ ရခိုင်အမျိုးသားပါတီက အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်သန်းက သုံးသပ်ပါတယ်။

“သတင်းသမားတွေ သတင်းယူတာမှာ အခုလိုအရေးယူတာ မဖြစ်သင့်ဘူး။ အခု ငြိမ်းချမ်းရေးလို့ ပြောနေတယ်။ အစိုးရကလည်း ဒီလူတွေနဲ့ တွေ့နေရတယ်။ ဒါဆို အစိုးရကို ဘယ်လိုလုပ်မလဲ။ ဒီသတင်းသမားတွေမှာ ခိုင်ခိုင်မာမာ ဆက်သွယ်ထားတာကို တွေ့လို့ တရားစွဲတာလား။ သူတို့ကိုယ်စားလှယ်တွေကိုလည်း မူအရ ပါတီက ထိန်းချုပ်ထားတာ။ အလွတ်ပဲပြောနေတာ။ ဒီလောက်အရေးမကြီးတဲ့ အဆိုတွေတောင်မှ ပယ်ချခံရတော့ ဘယ်သူမှ ဒီပုဒ်မပယ်ဖျက်ရေးကို တင်မယ်မထင်ဘူး” လို့ သူက ဆိုပါတယ်။

မူလက ဇူလိုင် ၂၁ ရက်နေ့မှာ ရုံးထုတ်မယ်လို့ သတ်မှတ်ထားပေမယ့် ယနေ့(ဇူလိုင် ၁၈) ရက်နေ့မှာ စောပြီးရုံးထုတ်ခဲ့သလို ပထမအကြိမ်ကလည်း အခုလို သတ်မှတ်ရက်ထက် စောပြီး ရုံးထုတ်ခဲ့ပါသေးတယ်။ လာမယ့် ဇူလိုင် ၂၈ ရက်နေ့ ကို နောက်ထပ်ရုံးချိန်းအဖြစ် သတ်မှတ်ခဲ့ပါတယ်။

အဆိုပါသတင်းသမား သုံးဦးဟာ ပလောင်(တအာင်း) အမျိုးသားလွတ်မြောက်ရေးတပ်နယ်မြေမှာ ပြုလုပ်ခဲ့တဲ့ ကမ္ဘာ့မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် ၎င်းတို့ဖမ်းဆီးထားတဲ့ မူးယစ်ဆေးဝါးတွေကို မီးရှို့ ဖျက်ဆီးတဲ့ပွဲကို သတင်းသွားရောက်ယူပြီးအပြန် ဇွန်လ ၂၆ ရက်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်စမ်မြို့နယ်အတွင်းမှာ တပ်မတော်ရဲ့ဖမ်းဆီးတာကို ခံခဲ့ရပြီး မတရားအသင်းအက်ဥပဒေထဲက ပုဒ်မ ၁၇(၁) မတရားအသင်းဆက်သွယ်မှုနဲ့ တရားစွဲခံထားရတာဖြစ်ပါတယ်။ ဒီပုဒ်မအရ အပြစ်ရှိတယ်လို့ ဆုံးဖြတ်ခံရရင် ၂ နှစ်ထက်မနည်း ၃ နှစ်ထက် မပိုသော ထောင်ဒဏ် ချမှတ်ခံရနိုင်တာဖြစ်ပါတယ်။

Show More

Related Articles

Back to top button