ရန်ကုန် အထွေထွေရောဂါကုဆေးရုံသို့ ထပ်မံရောက်ရှိလာသည့် H1N1 ရာသီတုပ်ကွေးရောဂါ ဝေဒနာခံစား နေရသူနှစ်ဦး ယမန်နေ့ညက သေဆုံးခဲ့ကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဦးအေးကိုကိုက အတည်ပြုပြောကြားသည်။
သေဆုံးသူနှစ်ဦးတွင် တစ်ဦးမှာ ကိုယ်ဝန်ဆောင်မိခင်ဖြစ်ပြီး အခြားတစ်ဦးမှာ ပဲခူးတိုင်းဒေသကြီးတွင် နေထိုင်သူဖြစ်ကာ သေဆုံးပြီးနောက် ဆေးစစ်ချက်အရ H1N1 ရောဂါပိုးကိုတွေ့ရှိရသည်ဟု ပြောသည်။
“နောက်ရောက်လာတဲ့ လူနာနှစ်ဦး တစ်ယောက်က ပဲခူးဘက်က။ နောက်တစ်ယောက်က ကိုယ်ဝန်ဆောင်အမျိုးသမီး၊ အဲဒီနှစ်ယောက်က ဆေးရုံရောက်ပြီး သိပ်မကြာခင်မှာပဲ ဆုံးသွားတယ်” ဟု ၎င်းက ပြောသည်။
ကိုယ်ဝန်ဆောင်အမျိုးသမီး၏ နေရပ်လိပ်စာကို မသိရှိရသေးပေ။
ရန်ကုန်ပြည်သူ့ဆေးရုံကြီး အထူးကြပ်မတ်ဆောင်တွင် H1N1 ရောဂါ ဝေဒနာကြောင့် ဆေးကုသမှု ခံယူနေရသည့် အသက်၃၄နှစ်အရွယ်ရှိ ရန်ကုန်တိုင်း အင်းစိန်မြို့နယ် ခရေလမ်းတွင်နေထိုင်သူ စားဖိုမှူး အလုပ်လုပ်ကိုင်သူ အမျိုးသားတစ်ဦးနှင့်ဧရာဝတီတိုင်း အသုတ်မြို့နယ်တွင် နေထိုင်သူ အမျိုးသမီးတစ်ဦး အခြေအနေကောင်းမွန်မှု မရှိသေးဟု ၎င်းက ဆက်ပြောသည်။
ရောဂါ လက္ခဏာရပ်များ
H1N1 ရောဂါမှာ ကိုယ်ခံအားနည်းသည့်အချိန်တွင် ကူးစက်တက်သည့် ရောဂါဖြစ်သည့်အတွက် အအိပ်အစားမှန်ရန်၊ အားအင် ပြည့်ဝအောင်နေရန် လိုအပ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဌာနမှူး ဒေါက်တာဦးဝင်းလွင်က ပြောသည်။
“ကိုယ်ခံအားကျနေတဲ့လူတွေမှာ အထူးဂရုစိုက်ရပါတယ်။ အသက်အရွယ်ကြီးတဲ့လူတွေ၊ အသက်ငယ်လွန်းတဲ့ ကလေးတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေ ပိုပြီးတော့ ဂရုစိုက်ရပါတယ်။
ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ သွေးတိုးရောဂါဖြစ်နေတဲ့ လူတွေလည်း ဒီရာသီမှာ တုပ်ကွေး မကူးစက်ဖို့ အထူးဂရုစိုက်ဖို့ သတိပေးလိုပါတယ်” ၎င်းက ပြောသည်။
H1N1 ရာသီတုပ်ကွေးရောဂါ၏ လက္ခဏာရပ်များမှာ အဖျားကြီးလာပြီး ရင်ဘတ်အောင့်လာခြင်း၊ ကြွက်သားနာကျင်ကိုက်ခဲလာခြင်း၊ အသက်ရှူကျပ်လာခြင်းတို့ဖြစ်ပြီး သာမန်ဖျားနာနေရာမှ ထိုလက္ခဏာရပ်များ ဖြစ်ပေါ်လာပါက ဆေးရုံသို့ ချင်ချင်းလာရန် လိုအပ်ကြောင်း ၎င်းက သတိပေးပြောကြားသည်။
“တုပ်ကွေးဖျားပေါ့။ နှာဆေးချောင်းဆိုးတယ်။ တုပ်ကွေးလက္ခဏာတွေပေါ့။ဖျားပြီးဆိုတာနဲ့ ကုသပေါ့။ သူများကို မကူးအောင်နေပေါ့။ အိမ်သုံးဆေးဝါးတွေ သောက်ပေါ့။
ကိုယ့်ကိုယ်ကိုယ်အားရှိအောင် နေမယ်။ အနားယူမယ်။ အရည်များများသောက်မယ်ပေါ့။ အဲ့လိုနည်းနဲ့မှ မသက်သာဘူးဆိုရင်တော့ ခုနက ပြောတဲ့ ရောဂါလက္ခဏာတွေ ပေါ်လာပြီဆိုရင်တော့ ဆေးရုံကို ချင်ချင်းသာလာတော့” ဟု ဒေါက်တာဝင်းလွင်က ပြောသည်။