သတင်း

H1N1 တုပ်ကွေးရောဂါကြောင့် ၄ ဦး သေဆုံး၊ ကူးစက်ခံရသူ ၁၆ ဦး ရှိလာ

ရန်ကုန်အထွေထွေရောဂါကုဆေးရုံတွင် ကုသမှုခံယူနေသည့် H1N1 ရာသီတုပ်ကွေးရောဂါ ဝေဒနာခံစားနေရသူ အမျိုးသား တစ်ဦး ဇူလိုင်လ၂၆ရက်နေ့ နံနက်ပိုင်းက သေဆုံးသွားရာ ကူးစက်မြန်တုပ်ကွေးရောဂါကြောင့် သေဆုံးသူ ၄ ဦးအထိ ရှိနေပြီး ရောဂါပိုးကူးစက်ခံရသူ ၁၆ ဦးအထိ ရှိလာကြောင်း ရန်ကုန်တိုင်းဒေသကြီး ကုသရေးဦးစီးဌာနမှူး ဒေါက်တာဦးသာထွန်းကျော်က အတည်ပြုပြောကြားသည်။

ကျန်းမာရေးဌာနက သံသယရှိသူ ၃၅ ဦးကို စစ်ဆေးကြည့်ရာတွင် H1N1 ကူးစက်မြန်တုပ်ကွေးရောဂါ ကူးစက်ခံထားရသူ ၁၆ ဦးကို တွေ့ရှိခဲ့ရသည်ဟု ၎င်းက ပြောသည်။

ချင်းပြည်နယ်၊ မတူပီမြို့နယ်မှ ၁ဝ ဦး၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ၄ ဦး၊ ရန်ကုန်ပြည်သူ့ဆေးရုံသစ်ကြီးတွင် ၁ ဦး၊ ရန်ကင်းကလေးဆေးရုံတွင် ၁ ဦး ရောဂါပိုး ကူးစက်ခံထားရသည်ဟု ၎င်းက ဆိုသည်။

“ရန်ကင်းကလေးဆေးရုံမှာ H1N1 တွေ့တာက တစ်ဦး၊ နောက်တစ်ဦးက H3N2 တွေ့တာပါ”ဟု ၎င်းက ပြောသည်။

ကလေးဆေးရုံတွင် H1N1 ကူးစက်မြန်တုပ်ကွေးရောဂါပိုးတွေ့ရှိသူ ၃နှစ် အရွယ် ကလေးမှာ ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ်တွင် နေထိုင်သူဖြစ်ပြီး၊ H3N2 ရောဂါပိုး ကူးစက်ခံထားရသည့် ၅နှစ် အရွယ် ကလေးမှာ ပဲခူးတိုင်း သက္ကလမြို့မှ ဖြစ်သည်။

H1N1ကူးစက်မြန် တုပ်ကွေးရောဂါကြောင့် မတူပီမြို့နယ်မှ တစ်ဦး သေဆုံးခဲ့ပြီး ဇူလိုင်လ ၂၄ရက်နေ့ ညနေပိုင်းက ပဲခူးတိုင်းဒေသကြီးမှ အမျိုးသားတစ်ဦး၊ နေရပ်ဒေသ မထုတ်ပြန်သေးသည့် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်။ ယနေ့နံနက်ပိုင်းသေဆုံးသည့်အမျိုးသားမှာ ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်မှ ရန်ကုန်ဆေးရုံကြီးသို့ လာရောက်ကုသမှုခံယူနေသူဖြစ်သည်။

ကူးစက်မှုမှ ကာကွယ်နည်း

ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ဦးဝင်းလွင်က ကူးစက်မြန် H1N1 တုပ်ကွေးရောဂါးပိုးကူးစက်မှုကို ကာကွယ်နိုင်ရန်အတွက် လူထူထပ်သည့် နေရာများကို ရှောင်ကြဉ်ရန် လိုအပ်သည်ဟု ပြောသည်။

ရောဂါပိုးကူးစက်ရန် အခွင့်အလမ်းပိုများသော လူအများအသုံးပြုသည့် မြို့ပတ်ရထားများပေါ်ရှိ လက်ကိုင်ကွင်းများ၊ ဘက်စ်ကားတွင်းရှိ လက်တန်းများ၊ လူစည်ကားသည့် ဈေးဝယ်ကုန်တိုက်များရှိ စက်လှေကားလက်ရန်းများ၊ ဓာတ်လှေကားများကို ကိုင်တွယ်အသုံးပြုပြီးပါက လက်ကို ဆပ်ပြာနှင့် စနစ်တကျဆေးကြောရန် လိုအပ်သည်ဟု ၎င်းက ပြောသည်။

ရောဂါပိုးပျံ့နှံ့လာပါကလည်း ကျန်းမာရေးဌာနက နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ၎င်းက ပြောသည်။

“ကျွန်တော်တို့ တစ်နိုင်ငံတည်း လုပ်မှာ မဟုတ်ဘူး။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ အကူအညီနဲ့ အဆင့်ဆင့်လိုက် ပြင်ဆင်သွားမှာပဲ။ လုံလောက်တဲ့ အခြေအနေမျိုးရှိတယ်လို့ပဲ ဖြေချင်ပါတယ်”ဟု ဇူလိုင်လ၂၄ရက်နေ့က ရန်ကုန်တိုင်းကျန်းမာရေးဦး စီးဌာနတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ၎င်းက ဖြေကြားခဲ့သည်။

H1N1 ရာသီတုပ်ကွေးရောဂါ၏ လက္ခဏာရပ်များမှာ အဖျားကြီးလာပြီး ရင်ဘတ်အောင့်လာခြင်း၊ ကြွက်သားနာကျင်ကိုက်ခဲလာခြင်း၊ အသက်ရှူကျပ်လာခြင်းတို့ဖြစ်ပြီး သာမန်ဖျားနာနေရာမှ ထိုလက္ခဏာရပ်များ ဖြစ်ပေါ်လာပါက ဆေးရုံသို့ ချက်ချင်းလာရန် လိုအပ်ကြောင်း ၎င်းက သတိပေးပြောကြားသည်။

Show More

Related Articles

Back to top button