ရန်ကုန် – ပြင်းထန်တုပ်ကွေး H1N1 ဗိုင်းရပ်စ်ပိုးကြောင့် ရက်ပိုင်းအတွင်း သေဆုံးသူ ၂ ဦးရှိခဲ့သော ရန်ကုန်၊ သင်္ဃန်းကျွန်းမြို့နယ်၊ စံပြဆေးရုံကြီးတွင် ရောဂါကူးစက်မှု ထိန်းချုပ်ရေးလုပ်ငန်းများ လုပ်ဆောင်နေသည်ကို ဇူလိုင် ၂၇ ရက်နေ့က တွေ့ရသည်။
ဤဆေးရုံတစ်ခုမှ တာဝန်ရှိသူတို့က ဇူလိုင် ၂၅၊ ၂၇ တို့တွင် ပေါ်ပေါက်ခဲ့သော သေဆုံးမှုများအကြောင်း အများသိစေရန် ထုတ်ဖော် ပြောဆိုခဲ့ကြသည်။
ရက်ပိုင်းအတွင်း သေဆုံးသူနှစ်ဦးမှာ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ၉၃ ရပ်ကွက်၊ ယုဇနဥယျာဉ်အိမ်ရာမှ ၃၄ နှစ်အရွယ် ကိုမျိုးဇော်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ ရွာသာကြီးအအေးခန်းစက်ရုံမှ ၅ နှစ်အရွယ် မမြတ်အိမွန်တို့ ဖြစ်ကြောင်း ဆေးရုံအုပ် ဒေါက်တာအောင်ဆန်းမင်းက ဇူလိုင် ၂၇ နေ့လယ်ပိုင်းတွင် အတည်ပြုသည်။
ကုသမှုခံယူနေဆဲ အမျိုးသမီးမှာ ဆေးရုံတည်ရှိရာ မြို့နယ်မှ ကိုယ်ဝန်ဆောင်တစ်ဦးဖြစ်သည်ဟု သူက ဆက်ပြောသည်။
“(H1N1) သံသယလို့ပဲ ပြောလို့ရသေးတယ်။ သူ့ဆေးစစ်ချက်အဖြေက မထွက်လာသေးဘူး။ ကျွန်တော်တို့ သူ့ကို သီးခြားခွဲထားပြီး စောင့်ကြည့် ကုသပေးနေပါတယ်” ဟု သူက ဆိုသည်။
ဆေးရုံသို့လာသော လူနာ၊ ဧည့်သည်၊ ဝန်ထမ်း အားလုံး ပါးစပ်၊ နှာခေါင်း အကာအကွယ်များ တပ်ဆင်ထားရန် တပ်လှန့်နှိုးဆော်ထားကြောင်း ဒေါက်တာအောင်ဆန်းမင်းက ပြောသည်။
သေဆုံးသူနှစ်ဦး ကုသမှု ခံယူခဲ့သည့် နေရာ ဝန်းကျင်ရှိ လူနာများ၊ ၎င်းတို့၏ မိသားစုဝင်များတွင် H1N1 ဗိုင်းရပ်စ်ပိုး ကူးစက်မှု ရှိမရှိကိုလည်း စစ်ဆေးနေကြောင်း သူက ဆက်ပြောသည်။
“နောက်ထပ် ရောဂါကူးစက်မှုနဲ့ ထိန်းချုပ်မှုတွေအားလုံးကို ကျွန်တော်တို့ကို ဌာနအသီးသီးက ညွှန်ကြားထားတဲ့ လမ်းညွှန်ချက်တွေနဲ့အညီ ဆောင်ရွက်နေပါတယ်။ လူနာတွေကိုလည်း သီးခြားထားတယ်” ဟု သူက ဆိုသည်။
ကာကွယ်ရေးအစီအစဉ်များ
ရပ်ကွက်အတွင်းမှာ H1N1 သံသယလူနာတွေ့ရှိမှုကြောင့် မြို့နယ်ဒေသန္တရကျန်းမာရေးဌာန တာဝန်ရှိသူများ ရောက်ရှိလာပြီး နှာခေါင်းစည်းများဝေငှကာ တပ်ဆင်ထားကြရန် နှိုးဆော်သွားကြောင်း သင်္ဃန်းကျွန်းမြို့နယ်၊ ရန်အောင်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးငြိမ်းချမ်းက ပြောသည်။
ရပ်ကွက်အတွင်း လမ်းသွားလမ်းလာများထဲတွင် တချို့က နှာခေါင်းစည်း စည်းနှောင်ခြင်းဖြင့် အသက်ရှူလမ်းကြောင်းမှ ပြင်းထန်တုပ်ကွေး H1N1 ဗိုင်းရပ်စ်ပိုး ကူးစက်မှုကို ကာကွယ်ထားကြသည်။ မိဘအုပ်ထိန်းသူတချို့ကလည်း စာသင်ကျောင်းသွားမည့် ၎င်းတို့၏ ကလေးကို နှာခေါင်းစည်း တပ်ဆင်ပေးကြသည်။
သင်္ဃန်းကျွန်းဆေးရုံတွင် ဖြစ်ပေါ်ခဲ့သော အခြေအနေကြောင့် ကျန်းမာရေးဆိုင်ရာ ကာကွယ်မှုလုပ်ငန်းများ လုပ်ဆောင်ရန် အာဏာပိုင်တို့ကို တိုက်တွန်းလိုကြောင်း ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်သူ ဦးညီညီက သုံးသပ်သည်။
“ကလေးတွေအတွက် စိုးရိမ်ရပြီ။ ကျောင်းတွေဘာတွေ ပိတ်ဖို့ လိုမလို တာဝန်ရှိတဲ့ ကျန်းမာရေးဌာနကရော၊ ပညာရေးဌာနတွေကပါ ဒါကို အစည်းအဝေးလုပ်ပြီး အဆောတလျင် ကြိုတင်ပြင်ဆင် ကာကွယ်ဖို့ လိုပြီ” ဟု သူက ဆိုသည်။
နေပြည်တော်၊ ရန်ကုန်တို့တွင် ကျန်းမာရေးဝန်ကြီးဌာနက ရာသီတုပ်ကွေး ဖြစ်ပွားမှုနှင့် ပတ်သက်၍ ရောဂါစောင့်ကြပ် ကြည့်ရှုခြင်း၊ ကြိုတင်ကာကွယ်ခြင်းနှင့် တုံ့ပြန်ဆောင်ရွက်ခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးများ ပြုလုပ်လျက်ရှိကြောင်း အစိုးရ ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်ထားသည်။
လတ်တလော အထိတ်တလန့်ဖြစ်နေကြသော ကျန်းမာရေးဆိုင်ရာ အခြေအနေနှင့် ပတ်သက်ပြီး ကျန်းမာရေးဌာန၏ ကြေညာချက်၊ သတိပေးချက်များကို လိုက်နာဆောင်ရွက်ရန် နေပြည်တော်က သတိပေးထားပြီး တုပ်ကွေးဆန်သော ရောဂါ လက္ခဏာများ ဖြစ်ပွားလာပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ ချက်ချင်း သတင်းပို့ပီး ကုသမှု ခံယူရန်လည်း တိုက်တွန်းထားသည်။
ဆက်စပ် သတင်း
သင်္ဃန်းကျွန်းဆေးရုံကြီးတွင် H1N1 တုပ်ကွေးလူနာနှစ်ဦး သေဆုံး
သင်္ဃန်းကျွန်းဆေးရုံကြီးတွင် H1N1 တုပ်ကွေးလူနာနှစ်ဦး သေဆုံး