သတင်း

The Voice အယ်ဒီတာ ပြန်လွတ်လာ၊ သီပေါရောက် ၃ ဦး အာမခံ မရ

ရန်ကုန် – တပ်မတော်က တရားစွဲထားသော သတင်းထောက်များက  သြဂုတ် ၄ ရက်နေ့တွင် အာမခံ ထပ်မံလျှောက်ထားကြရာ မတရားအသင်းနှင့်ဆက်သွယ်မှုစွဲချက်ကို ရင်ဆိုင်နေရသူ သတင်းသမား ၃ ဦး အာမခံ ထပ်မံငြင်းပယ်ခံရသော်လည်း နာမည်ကျော်ပုဒ်မ ၆၆(ဃ) ဖြင့် အရေးယူခံနေရသော The Voice သတင်းစာ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေ အာမခံ ရရှိသွားသည်။

ရန်ကုန်၊ ဗဟန်းမြို့နယ်တရားရုံးတွင် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) အတွက် သိန်းတစ်ရာတန် အာမခံပေးသူ နှစ်ဦး၊ သတင်းမီဒီယာ ဥပဒေ ပုဒ်မ ၂၅ (ခ) အတွက် ဆယ်သိန်းတန် အာမခံပေးသူ နှစ်ဦးတို့က စုစုပေါင်း ကျပ်သိန်း ၂၂ဝ တန် အာမခံကြေး ပေးသွင်းခဲ့သည်ဟု ဦးကျော်မင်းဆွေ၏ ဥပဒေအကြံပေး ဦးခင်မောင်မြင့်က ပြောသည်။

“တရားသူကြီးကလည်း ကျွန်တော်တို့ ဆေးစာ မတင်ပေမယ့် အကျဉ်းထောင်ထဲမှာ အစာအိမ်နဲ့အသည်းဆိုင်ရာ ရောဂါတွေကို ကုသနေရတာကို သူကြားတယ်၊ နောက် ကျွန်တော်တို့ တင်ပြခဲ့တဲ့အတိုင်းကိုလည်း သူလက်ခံပြီး ကိုကျော်မင်းဆွေကို ပြင်ပက တရားရင်ဆိုင်ရင် လုပ်ကိုင်ရတာကိုလည်း ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်နိုင်မယ်လို့ ယူဆတဲ့အတွက် အာမခံပေးလိုက်ပါတယ်” ဟု ဦးခင်မောင်မြင့်က ဆိုသည်။

The Voice သတင်းဌာန၏ အွန်လိုင်းစာမျက်နှာ၊ သတင်းစာတို့တွင် ဖော်ပြသော ကျည်ထောင်စုသစ္စာ သရော်စာနှင့် ပတ်သက်ပြီး ပေါ်ပေါက်လာသော ဤအမှုကို  သြဂုတ်လ ၁၇ ရက်နေ့တွင် ထပ်မံ စစ်ဆေးမည်ဟု သိရသည်။

ကနဦးတွင် သရော်စာ ရေးသားသူ ဗြိတိသျှကိုကိုမောင်လည်း ထိန်းသိမ်းခံခဲ့ရသည်။ သရော်စာဆရာသည် ဆက်သွယ်ရေးဥပဒေအမှုနှင့် သက်ဆိုင်ခြင်းမရှိဟု ဆိုကာ ပြန်လည် လွတ်မြောက်လာသည်။ သို့သော်လည်း  သတင်းမီဒီယာ ဥပဒေ ပုဒ်မ ၂၅ (ခ) ဖြင့် ထပ်မံစွဲဆိုထားခြင်းကိုမူ တရားရုံးတက်ပြီး ရင်ဆိုင်နေရသည်။

သီပေါထောင်မှ ၃ ဦး

တအာင်း/ပလောင် လက်နက်ကိုင်အဖွဲ့ လှုပ်ရှားရာနယ်မြေတွင် သွားရောက်သတင်းယူပြီးအပြန်တွင် အထိန်းသိမ်းခံရပြီး မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇ (၁) ဖြင့် တရားစွဲဆိုခံထားရသော ဧရာဝတီသတင်းဌာနမှ ကိုသိန်းဇော် ခေါ် ကိုလဝီဝမ်၊ DVB သတင်းဌာနမှ ကိုအေးနိုင်နှင့် ကိုပြည့်ဘုန်းအောင်တို့က  ရှမ်းပြည်နယ်၊ သီပေါမြို့နယ် တရားရုံးတွင်  အာမခံ ထပ်မံ လျှောက်ထားမှုမှာ အောင်မြင်မှု မရသဖြင့် မျှော်လင့်ထားသမျှ သဲထဲရေသွန် ဖြစ်ရသည်ဟု ဧရာဝတီသတင်းဌာန အင်္ဂလိပ်ပိုင်း အယ်ဒီတာ ဦးကျော်စွာမိုးက ပြောသည်။

“သူတို့ရဲ့ အာမခံကို တရားခွင်ကြားနာမှု ၂ ကြိမ်မြောက်တဲ့ ဒီနေ့မှာလည်း တရားသူကြီးက ပယ်ချခဲ့ပါတယ်။ ပြောတာကတော့ အခုအမှုက ၁၇(၁) အမှုဖြစ်တာရယ်၊ သီပေါမြို့နယ်မှာ တရား လာရင်ဆိုင်ရတာ ဝေးလံတာရယ်ကြောင့် အာမခံမပေးဘူးလို့ ဆိုတယ်။ ကျွန်တော်တို့က အာမခံရမယ်လို့ မျှော်လင့်ခဲ့တာ။ အဖမ်းခံရတဲ့ သတင်းထောက်တွေလည်း အာမခံရမယ်လို့ ထင်ခဲ့ကြတာ။ အခု အာမခံမရတော့ နောက်တစ်ပတ် အာမခံ ဆက်တင်ဖြစ်ဖို့ ကျွန်တော်တို့ ရှေ့နေတွေနဲ့ ဆက်တိုင်ပင်မယ်” ဟု ဦးကျော်စွာမိုးက ဆိုသည်။

ယခုဖြစ်စဉ်သည် မြန်မာနိုင်ငံ၏ တရားစီရင်ရေးတွင် လွတ်လပ်စွာတရားစီရင်နိုင်ခွင့်နှင့် ပတ်သက်ပြီး ဥပမာအကောင်းဆုံး ဖြစ်ရပ်ဖြစ်ကြောင်း၊ ယခင်အစိုးရအဆက်ဆက်က တရားရုံးများ၏ စီရင်ဆုံးဖြတ်မှုများမှာ လွတ်လပ်စွာ စီရင်ဆုံးဖြတ်ခွင့်ကို ထိခိုက်ခဲ့ရသည့်အတွက် ယခုတရားရုံးတွင် မှန်ကန်မှုဖြစ်ဖို့ မျှော်လင့်ပါကြောင်း ဦးကျော်စွာမိုးက ဆက်ပြောသည်။

နာမည်ကြီးပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲခံရသည့် Myanmar Now အယ်ဒီတာချုပ် ဦးဆွေဝင်းကို  မန္တလေးရှိ မြို့နယ်တရားရုံးတစ်ခုက အာမခံပေးသဖြင့် သီပေါထောင်ရောက် သတင်းသမားများ၏ လွတ်မြောက်ရေးကို မျှော်လင့်ချက်ထားခဲ့ခြင်း ဖြစ်သည်ဟု သူက ရှင်းပြသည်။

Show More

Related Articles

Back to top button