
ရန်ကုန် – ရှမ်းပြည်နယ်၊ သီပေါထောင်ရောက် သတင်းထောက်များကို သြဂုတ် ၁၁ ရက်နေ့က ရုံးထုတ်စစ်ဆေးအပြီးတွင် ရဲတပ်ဖွဲ့က မိသားစုဝင်များနှင့် တွေ့ဆုံစကားပြောခွင့်၊ ထမင်းကျွေးခွင့် မပေးခဲ့သောကြောင့် သီပေါမြို့နယ် တရားရုံးရှေ့တွင် ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့ရကြောင်း DVB သတင်းထောက်နှစ်ဦး၏ ရှေ့နေ ဦးမောင်မောင်ဝင်းက ပြောသည်။
“ရုံးထုတ်အပြီးမှာ အချုပ်ကားထဲကို တန်းခေါ်သွားတယ်။ လာကြတဲ့ မိသားစုတွေရော သတင်းသမားတွေရော နည်းနည်း ဆူဆူပူပူဖြစ်သွားတာပေါ့။ ဖမ်းခံထားရတဲ့ သတင်းသမားတွေကလည်း စိတ်ဆိုးသွားကြတာပေါ့။ DVB က ကိုအေးနိုင်ကလည်း ဒါဟာ သတင်းသမားတွေကို မတရားဖိနှိပ်တာ၊ မတရား အချုပ်ခံရတာတို့ ဘာတို့ ပြောကြဆိုကြဖြစ်သွားတယ်” ဟု ၎င်းက ပြောသည်။
တရားခွင်အတွင်းတွင်သာ မိသားစုဝင်များနှင့် တွေ့ဆုံခွင့်ရခဲ့ပြီး တရားခွင် အပြီးတွင် မိသားစုနှင့် တွေ့ဆုံခွင့်မပေးခဲ့ကြောင်း၊ တရားရုံးအတွင်း တရားစွဲဆိုခံထားရသူများကို လက်ထိတ်ဖြုတ်ပေးထားရန် တောင်းဆိုသည်ကိုလည်း ရဲတပ်ဖွဲ့ဘက်က မလိုက်လျောခဲ့ကြောင်း ဧရာဝတီသတင်းဌာန သတင်းထောက် ဦးသိန်းဇော် ခေါ် လဝီဝမ်၏ အကျိုးဆောင်ရှေ့နေ ဒေါ်ခင်မိမိက ပြောသည်။
တရားခွင်အပြီးတွင် မိသားစုနှင့် တွေ့ဆုံခွင့်မပြုခြင်းမှာ တရားရုံးအချုပ်ခန်းက ကျဉ်းသည့်အပြင် လုံခြုံရေး အနေအထားအရလည်း ဖြစ်သည်ဟု သီပေါမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ဝင်းက Myanmar Now ကို တယ်လီဖုန်းဖြင့် ဖြေကြားသည်။
“မိသားစုသီးသန့်ဆိုရင်တော့ ပြဿနာမရှိပါဘူး။ တွေ့ခွင့်ပြုနိုင်ပါတယ်။ ဒါပေမယ့် တရားရုံးမှာက သတင်းထောက်တွေကလည်း အများကြီးဗျ။ သူတို့ကို ထမင်းကျွေးမယ်ဆိုရင်လည်း အနေအထားက သူတို့ ဣန္ဒြေရရ စားလို့ရမယ့် အနေအထားမျိုး မဟုတ်ဘူး။ နောက်တစ်ခုက ထမင်းစားမယ်ဆို ကျွန်တော်တို့က လက်ထိတ်ဖြုတ်ပေးရမယ်။ အဲ့ဒီအခါ တစ်ယောက်ယောက်ကများ ထသွားရင် လူတွေက တရုန်းရုန်းဖြစ်နေတော့ ကျွန်တော်တို့ဘက်ကပြန်ရှာဖို့ အခက်အခဲ ရှိတယ်။ အဲ့ဒါတွေကြောင့် တရားခွင်ပြီးတာနဲ့ အချုပ်ကားပေါ် တန်းတင်ပြီး သီပေါထောင်ကိုပဲ ပြန်ပို့လိုက်ရတယ်” ဟု ၎င်းက ဆိုသည်။
အမှုရင်ဆိုင်နေရသော အချုပ်သားကို မိသားစုက ထောင်ဝင်စာ တွေ့လေ့ရှိကြောင်း၊ တရားရုံးထုတ်သည့်နေ့တွင် တွေ့ဆုံချိန် ပိုရတတ်သဖြင့် မိသားစုများက စကားပြောဆိုခြင်း၊ အစားအစာနှင့် အသုံးအဆောင် ပစ္စည်းများ ပေးအပ်ခြင်းတို့ ပြုလုပ်ရန် မျှော်လင့်ထားခဲ့ကြကြောင်း သိရသည်။
ယနေ့ရုံးထုတ်စဉ် တပ်မတော်ဘက်က တင်သွင်းထားသည့် ရှာဖွေသက်သေဖြစ်သည့် ရာအိမ်မှူးတစ်ဦးကိုသာ စစ်ဆေးခဲ့နိုင်ပြီး အခြားသက်သေတစ်ဦးဖြစ်သူ ဗိုလ်မှူးတစ်ဦးမှာ ရှေ့တန်းရောက်နေသည့်အတွက် မစစ်ဆေးလိုက်ရကြောင်း၊ လာမည့်ရုံးချိန်းများတွင် ပျက်ကွက်ခြင်းမပြုဘဲ လာရောက်ပူးပေါင်းပေးရန် တောင်းဆိုခဲ့ကြောင်း ဦးမောင်မောင်ဝင်းက ပြောသည်။
ရှာဖွေသက်သေဖြစ်သည့် ရာအိမ်မှူးကို စစ်ဆေးရာတွင် ၎င်းအနေဖြင့် တရားစွဲဆိုခံရသူများကို တရားခွင်ရောက်မှ မြင်တွေ့ဖူးကြောင်း၊ ကိုယ်တိုင်ရှာဖွေခဲ့သူမဟုတ်ဘဲ ရဲတပ်ဖွဲ့က ရှာဖွေပုံစံတွင် လက်မှတ်ထိုးခိုင်းသဖြင့် ထိုးခဲ့ရသူသာဖြစ်ကြောင်း ထွက်ဆိုခဲ့သည်ဟု ဦးမောင်မောင်ဝင်းက ဆက်ပြောသည်။
“ရှာဖွေသက်သေလို့သာပြောတယ်။ သူက ဘာမှသိတဲ့သူမဟုတ်ဘူး။ ကာယကံရှင်က ရှာဖွေသက်သေကို လက်ခံခဲ့သူ မဟုတ်ဘဲ တပ်မတော်ကပေးတဲ့ဟာတွေကိုသာ လက်ခံခဲ့တဲ့သူ ဖြစ်တယ်ဆိုတာ တရားခွင်မှာ စစ်မေးတော့ သူဝန်ခံတယ်” ဟု ၎င်းက ဆိုသည်။
ယခုရုံးချိန်းတွင်လည်း အာမခံပေးရန် ထပ်မံလျှောက်ထားခဲ့ရာ မြို့နယ်တရားသူကြီးက ပယ်ချခဲ့ကြောင်း၊ အာမခံပေး၊ မပေးကို သြဂုတ် ၁၈ ရက်နေ့တွင် အပြီးသတ် အမိန့်ချမည်ဟု မြို့နယ်တရားသူကြီးက ပြောကြားခဲ့ကြောင်း ဦးမောင်မောင်ဝင်းက ရှင်းပြသည်။
ရန်ကုန်အခြေစိုက်သတင်းထောက် သုံးဦးသည် တအာင်း လက်နက်ကိုင်အဖွဲ့ (TNLA) လှုပ်ရှားရာနယ်မြေဖြစ်သည့် နမ့်ဆမ်မြို့နယ်၊ မြို့သစ်ကျေးရွာတွင် ပြုလုပ်သည့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်ပွဲကို သတင်းသွားရောက်ယူပြီးအပြန် ဇွန်လကုန်ပိုင်းတွင် တပ်မတော်၏ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်နိုင်သော မတရားအသင်းများ အက်ဥပဒေ ပုဒ်မ ၁၇ (၁) ဖြင့် တရားစွဲခံနေရသည်။
ဖမ်းဆီးခံရသော သတင်းထောက်သုံးဦးကို ယခုလ ၉ ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က သွားရောက်တွေ့ဆုံမေးမြန်းခဲ့ပြီး တွေ့ရှိချက်များကို သက်ဆိုင်ရာအဖွဲ့များထံ အကြံပြု ထုတ်ပြန်သွားမည်ဟု သိရသည်။
သတင်းသမားများ သတင်းရ ယူခွင့်နှင့် သတင်းလွတ်လပ်ခွင့်ကို အလေးထားစဉ်းစားရန်လိုကြောင်း၊ ယခုအချိန်သည် ပြည်ထောင်စုငြိမ်းချမ်းရေးကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဖော်ဆောင်သောအချိန်ဖြစ်သည်ဆိုသည့် အချက်ကို ထည့်သွင်းစဉ်းစားမှ သင့်မြတ်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က ဇွန် ၃ဝ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။