တအာင်းတပ် (TNLA ) ထိန်းချုပ်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲနှင့် သီပေါမြို့များကို ပြန်တိုက်ယူမည်ဟု ကြွေးကြော်ထားသည့် စစ်တပ်က ထိုမြို့နယ်နှစ်ခုအား ရွေးကောက်ပွဲ ကျင်းပမည့် စာရင်းထဲတွင် ထည့်သွင်းဖော်ပြခဲ့သည်။
စစ်တပ် ဖွဲ့စည်းထားသည့် ရွေးကောက်ပွဲကော်မရှင်၏ စက်တင်ဘာလ ၁၄ ရက်နေ့ ထုတ်ပြန်ချက်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မြို့နယ်ပေါင်း ၅၆ မြို့နယ်တွင် ရွေးကောက်ပွဲ မကျင်းပနိုင်ကြောင်း ဖော်ပြခဲ့သည်။
အဆိုပါမြို့များထဲမှ ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြစ်သော TNLA အပြင် “ဝ “ တပ်ဖွဲ့ ( UWSA) ၊ ကိုးကန့်တပ် (MNDAA) ၊ မိုင်းလားတပ် (NDAA) များ ထိန်းချုပ်သည့် မြို့နယ်ပေါင်း ၁၇ ခုတွင် လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့၌ ပြုလုပ်မည့် ရွေးကောက်ပွဲကို ကျင်းပမည်မဟုတ် ဟု ဖော်ပြထားသော်လည်း ကျောက်မဲနှင့် သီပေါမြို့နယ်နှစ်ခုမှာ အဆိုပါစာရင်းထဲတွင် မပါဝင်ပေ။
“စစ်တပ်ကလည်း တိုက်ယူမယ်လို့ ပြောထားတယ်။ TNLA ကလည်း ပြန်ပေးဖို့ ညှိနေ တော့ အဲဒီနှစ်မြို့မှာ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ရွေးကောက်ပွဲ လုပ်မယ်လို့ စစ်တပ်က တွက်ချက်ထားပုံရတယ်” ဟု မြန်မာ့နိုင်ငံရေးလေ့လာသူတစ်ဦးက မှတ်ချက်ပြုသည်။
ခရိုင်မြို့ဖြစ်သည့် ကျောက်မဲမြို့တွင် မြို့ပေါ်ရပ်ကွက် ကိုး ခုနှင့် ကျေးရွာအုပ်စု ၇၀ ကျော် ရှိပြီး လူဦးရေ တစ်သိန်း နှစ်သောင်းဝန်းကျင် နေထိုင်သည်။
“ ၁၀၂၇ စစ်ဆင်ရေး” အတွင်း TNLA က သိမ်းပိုက်ခဲ့သည့် ကျောက်မဲနှင့် သီပေါမြို့နယ်သည် တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းပေါ်တွင်ရှိသော အရေးပါသည့် မြို့များ ဖြစ်ကြသည်။
အဆိုပါ နှစ် မြို့ ပြန်ပေးမည်ဖြစ်ပြီး စစ်တပ်နှင့်အပစ်ရပ်မည်ဖြစ်ကြောင်း ဩဂုတ်လ ၂၇ ရက်နေ့က တရုတ်နိုင်ငံ၊ ကူမင်းမြို့၌ ပြုလုပ်သည့် ဆွေးနွေးပွဲတွင် TNLA က ကမ်းလှမ်းခဲ့သော်လည်း စစ်တပ်က လက်မခံသဖြင့် ဆွေးနွေးပွဲပျက်ခဲ့သည်။
ယခုလကုန်တွင် စစ်တပ်နှင့် TNLA တို့ ထပ်မံဆွေးနွေးမည်ဖြစ်သော်လည်း စစ်တပ်ဘက်က ဆက်လက်ထိုးစစ်ဆင်နေရာ ကျောက်မဲမြို့နှင့် ၁၅ မိုင်အကွာ ပင်တိန်နှင့် ခိုက်တုန်ဟုန်းရွာကြားတွင် စက်တင်ဘာလ ၁၆ ရက်နေ့အထိ တိုက်ပွဲပြင်းထန်နေသည်ဟု ကျောက်မဲမြို့ခံများထံက သိရသည်။
“မနေ့က တော်တော် ပြင်းပြင်းထန်ထန်ဖြစ်တယ်။ ခိုက်တုန်ဟုန်းရွာနားမှာ ဖြစ်တာ ဒီမနက်အထိလည်း ဖြစ်နေတုန်းပဲ” ဟု ကျောက်မဲမြို့ခံတစ်ဦးက စက်တင်ဘာလ ၁၆ ရက်နေ့က ပြောသည်။

စစ်ကော်မရှင်တပ်ဖွဲ့ဝင်များသည် ပြည်ထောင်စုလမ်းမကြီးအနီးရှိ နောင်ပိန်ကျေးရွာမှ စစ်ကြောင်း တစ်ကြောင်း၊ ဂုတ်တွင်းလမ်းပိုင်း နောင်ပစ်ရွာမှ စတင်ကာ ကျောက်မဲမြို့ အနောက်ဘက် မိုင်းတင်းရွာအထိ စစ်ကြောင်းတစ်ကြောင်းဖြင့် ထိုးဖောက်နေသည်။
စစ်တပ်၏ ကျောက်မဲထိုးစစ်တွင် နောင်ချိုမြို့ထိုးစစ် စတင်ကတည်းက အသုံးပြုခဲ့သည့် ခြေမြန်တပ်မများ ဖြစ်သော တပ်မ ၁၁၊ တပ်မ ၅၅၊ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်များဖြစ်သော စကခ ၁၂ ၊ စကခ ၁ တို့မှ တပ်ဖွဲ့အင်အားများကို အသုံးပြုထားသည်။
ရှမ်းမြောက်ဒေသ နမ့်လန်၊ မိုင်းရယ်မြို့သို့ ပြောင်းရွှေ့အခြေစိုက်ထားရသည့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) လက်အောက်ခံ တပ်ရင်းများ၊ ရှမ်းပြည်နယ်တောင်ပိုင်းနှင့် မန္တလေးတိုင်း ပြင်ဦးလွင်မြို့တို့မှ အင်အားဖြည့်ထားသော ပြည်သူ့စစ်မှုထမ်းသင်တန်းဆင်း အင်အားအများအပြားကို အသုံးပြုထားသည်ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် နီးစပ်သူများက ဆိုသည်။
စက်တင်ဘာလ ၁၅ ရက်နေ့တွင် နောင်ချိုမြို့မှ ဂုတ်တွင်းဘေလီတံတားအားဖြတ်၍ စစ်ကား ငါး စီးဖြင့် ကျောက်မဲမြို့ဘက်သို့ စစ်အင်အား ထပ်ဖြည့်ထားသည်ဟု နောင်ချိုဒေသခံများထံက သိရသည်။
“စစ်သားတွေ အပြည့်တင်ထားတဲ့ ကား ငါး စီးပါတယ်။ ကားလေးတွေကတော့ သူတို့ လူကြီးပိုင်းတွေဖြစ်ဖို့ များတယ်။ နောင်ချိုကနေ ဂုတ်တွင်းဘက်ကို ဆင်းသွားတယ်။ သူတို့ လူအချိန်းအပြောင်းတွေလည်း လုပ်နေတယ်” ဟု နောင်ချိုမြို့ခံတစ်ဦးက ပြောသည်။
စစ်တပ်၏ မြေပြင်ထိုးစစ်အား TNLA နှင့် တော်လှန်ရေးတပ်ဖွဲ့များက အပြင်းအထန် ခုခံနေရာ စစ်တပ်ဘက်မှ လေကြောင်းနှင့် လက်နက်ကြီးပစ်ကူများဖြင့် ပြင်းထန်စွာတိုက်ခိုက်နေသည်ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့က ဆိုကြသည်။
ပင်တိန်ရွာနှင့် ကျောက်မဲမြို့ကြား ပြည်ထောင်စုလမ်းမကြီးပေါ်တွင် မက်မန်းကုန်းသာ၊ ခိုက်တုန်ဟုန်း၊ နားအိုက်ခမ်း၊ စခန်းသာ၊ ခိုးမုန်းကျေးရွာတို့ ရှိသည်။
စစ်တပ်စစ်ကြောင်းများအနေဖြင့် ကျောက်မဲမြို့အား သိမ်းပိုက်နိုင်ရန် အဆိုပါကျေးရွာများအနီးရှိ TNLA တပ်ဖွဲ့၏ ခံစစ်အားကို ကျော်ဖြတ်ရမည် ဖြစ်သည်။
ရှမ်းမြောက်ဒေသအတွင်း ရွေးကောက်ပွဲ မကျင်းပနိုင်သည့်မြို့များထဲတွင် MNDAA တပ်ဖွဲ့ သိမ်းပိုက်ထားသည့် သိန္နီမြို့လည်း ပါဝင်နေသည်။
သိန္နီမြို့အား ယခုလအတွင်း MNDAA ထံက စစ်တပ်လွှဲယူမည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း စက်တင်ဘာလ ၁၆ ရက်နေ့အထိ မြို့အတွင်း ထူးခြားမှုမတွေ့ရဟု သိန္နီမြို့ခံများက ပြောကြသည်။
“ပြန်ပေးမယ်ဆိုရင် ရွေးကောက်ပွဲလုပ်မယ့်စာရင်းထဲမှာ ပါလာရမယ်ပေါ့။ အခုက ဘာမှ ထူးခြားမှုမရှိပါဘူး။ အခြေအနေက အားလုံးပုံမှန်ပဲ” ဟု သိန္နီမြို့ခံ တစ်ဦး ပြောသည်။
၁၀၂၇ စစ်ဆင်ရေးအတွင်း မန္တလေးတိုင်းအတွင်းရှိ မိုးကုတ်နှင့် ရှမ်းပြည်နယ်အတွင်းရှိ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုင်းလုံ၊ မိုင်းငေါ့၊ နမ္မတူ၊ နမ့်ဆန်၊ မန်တုံ၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ မိုးမိတ်မြို့များအား TNLA က သိမ်းပိုက်ထားသည်။
MNDAA ကိုးကန့်တပ်ဖွဲ့က လားရှိုး၊ သိန္နီ၊ ကွမ်လုံ၊ ချင်းရွှေဟော်၊ လောက်ကိုင်၊ ကြူကုတ် (ပန်ဆိုင်း)၊ မုံးကိုး၊ ကုန်းကြမ်း၊ တာမိုးညဲ စသည့် မြို့များကို သိမ်းပိုက်ထားသည်။
“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းအတွင်းပါဝင်သည့် ဟိုပန်နှင့် ပန်လုံမြို့များကို MNDAA က သိမ်းပိုက်ပြီး UWSA “ဝ” တပ်ဖွဲ့ထံ လွှဲပြောင်းခဲ့ရာ “ဝ” တပ်ဖွဲ့က အဆိုပါနှစ်မြို့ကို နမ့်တစ်မြို့နှင့်ပေါင်း၍ ဟိုပန်ခရိုင်အဖြစ် ဖွဲ့စည်းအုပ်ချုပ်နေသည်။
TNLA သိမ်းပိုက်ထားသည့် နောင်ချိုမြို့ကို စစ်တပ်က ခြောက် လကျော်ကြာ ထိုးစစ်ဆင်၍ ဇူလိုင်လ ၁၆ ရက်နေ့ တွင် ပြန်လည်သိမ်းပိုက်ခဲ့ပြီး MNDAA သိမ်းပိုက်ထားသည့် လားရှိုးမြို့ပေါ်ရပ်ကွက်များကို တရုတ် အကူအညီဖြင့် စစ်တပ်က ပြန်လည် ရယူထားသည်။
စစ်တပ်က လားရှိုးမြို့ပေါ်ရပ်ကွက် ၁၂ ခုနှင့် နောင်ချိုမြို့ပေါ်တွင် ရွေးကောက်ပွဲ ကျင်းပရန် ပြင်ဆင်နေသည်။
“၁၀၂၇ စစ်ဆင်ရေး” အတွင်း လက်လွှတ်ခဲ့ရသည့် ရှမ်းမြောက်ဒေသမြို့များအပြင် UWSA ထိန်းချုပ်ရာ ပန်ဆန်း၊ နားဖန်း၊ ပန်ဝိုင်၊ မိုင်းမောမြို့နယ်နှင့် NDAA ထိန်းချုပ်ရာ မိုင်းလားမြို့တွင်လည်း ရွေးကောက်ပွဲ ကျင်းပမည်မဟုတ်ဟု ရွေးကောက်ပွဲကော်မရှင်အဖွဲ့က ဖော်ပြထားသည်။
ကချင်ပြည်နယ်အတွင်း ကချင်တပ်KIA ထိန်းချုပ်ထားသည့် မြို့နယ် ၄ ခု၊ ကယားပြည်နယ်အတွင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ထိန်းချုပ်ထားသည့် မြို့နယ် ၃ ခု၊ ချင်းပြည်နယ် အတွင်း မြို့နယ် ၄ ခု၊ စစ်ကိုင်းတိုင်းအတွင်း မြို့နယ် ၁၅ ခု၊ မန္တလေးတိုင်းအတွင်း မြို့နယ် ၃ ခုနှင့် ရခိုင်ပြည်နယ်အတွင်း မြို့နယ် ၁၀ ခုတွင် ရွေးကောက်ပွဲ မကျင်းပနိုင်ကြောင်း စစ်တပ် ရွေးကောက်ပွဲကော်မရှင် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။



