သတင်း

မူးယစ်သတင်းယူသူ ၃ ဦးကို မဖမ်းသင့်ဟု လူ့အခွင့်အရေးကော်မရှင် ပြော

ရန်ကုန် – အများသူငါ သွားလာနိုင်သည့် နေရာသို့ သွားရောက်သတင်းယူသည့် သတင်းသမား ၃ ဦးကို အရေးယူထားခြင်းမှာ သင့်လျော်မှု မရှိကြောင်း မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က သြဂုတ် ၁၄ ရက်နေ့တွင် ပြောသည်။

DVB သတင်းဌာနမှ ဦးအေးနိုင်၊ ဦးပြည့်ဘုန်းအောင်၊ ဧရာဝတီသတင်းဌာနမှ ဦးသိန်းဇော်(ခ) လဝီဝမ်တို့သည် ဇွန်လ ၂၆ ရက်နေ့က တအာင်းလက်နက်ကိုင်တပ်ဖွဲ့ TNLA  လှုပ်ရှားနယ်မြေအတွင်း ကျင်းပခဲ့သည့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အခမ်းအနားကို  သွားရောက်သတင်းယူပြီး အပြန်တွင် တပ်မတော်က ဖမ်းဆီးပြီး မတရားအသင်းနှင့်ဆက်သွယ်မှု ပုဒ်မ ၁၇ (၁) ဖြင့် တရားစွဲခဲ့သည်။

၎င်းတို့၏ခရီးစဉ်သည် သတင်းရယူရေးအတွက်သာဖြစ်သည် ဆိုပါက ယခုကဲ့သို့ ဖမ်းဆီးခဲ့ခြင်းသည် အတည်ပြုပြဋ္ဌာန်းထားသည့် သတင်းမီဒီယာဥပဒေအရ မဖြစ်သင့်သည့် အနေအထားမျိုးဖြစ်သည်ဟု ကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်က ပြောသည်။

သြဂုတ် ၉ ရက်နေ့က သီပေါထောင်ကို သွားရောက်စစ်ဆေးစဉ် အဆိုပါသတင်းသမား ၃ ဦးလုံးကို တွေ့ဆုံခဲ့ကြောင်း၊ စစ်ဆေး တွေ့ရှိချက်နှင့် ပတ်သက်ပြီး ကော်မရှင်၏ မှတ်ချက်ကို ကာကွယ်ရေး၊  ပြည်ထဲရေးဝန်ကြီးဌာနများသို့ ပေးပို့သွားမည် ဖြစ်ကြောင်း ဦးယုလွင်အောင်က ပြောသည်။

“သူတို့ဆီက သိမ်းဆည်းခံရခဲ့တဲ့ ဖုန်း၊ ကွန်ပျူတာနဲ့ ကင်မရာတွေမှာ ဘာအထောက်အထားတွေ ပါသလဲ ဆိုတာတော့ ကျွန်တော်တို့ ရဲတပ်ဖွဲ့ကရော၊ တပ်ဘက်ကရော တောင်းယူတာမှာ သူတို့လက်ထဲမှာ မရှိတော့ဘဲ တရားရုံးကို ရောက်သွားပြီဖြစ်တဲ့အတွက် ဘာတွေပါနေလဲကိုတော့ မသိရဘူး။ သတင်းသမားတွေရဲ့ တင်ပြချက်တွေအပေါ်မှာပဲ ကျွန်တော်တို့က တွေ့ရှိခဲ့တာကို အကြံပြုသွားမှာပါ” ဟု သူက ဆိုသည်။

“(သူတို့ အသိမ်းခံရတာ ဘာတွေလဲ မသိရတဲ့အတွက်) မတရားအသင်း ပုဒ်မ ၁၇(၁) နဲ့ တရားစွဲတာဟာ ဖြစ်သင့်သလား၊ မဖြစ်သင့်ဘူးလားကိုတော့ ကျွန်တော်တို့ မှတ်ချက်ပြုလို့ မရဘူး”
ကော်မရှင်ဥပဒေအရ တရားရုံးရောက်နေသည့် ဖြစ်စဉ်များကို ဝင်ရောက် ဆောင်ရွက်ခွင့် မရှိသည့်အတွက် တွေ့ရှိချက်များနှင့် ပတ်သက်ပြီး  တရားရေးဌာနသို့ အကြံပြုချက် ပေးပို့ရန် မဖြစ်နိုင်ကြောင်း သူက ဆက်ဆိုသည်။

DVB  သတင်းသမားတို့သည် လားရှိုးမြို့မှ  နမ့်ဆန်မြို့သို့ ကားငှားသွားခဲ့ပြီး လားရှိုးမြို့အထွက်တွင် တပ်မတော်စစ်ဆေးရေးအဖွဲ့တစ်ခု၏ စစ်ဆေးမှုကို ခံယူပြီးမှ သွားခဲ့ခြင်း ဖြစ်ကြောင်း၊ ဧရာဝတီသတင်းဌာနမှ သတင်းထောက်ကလည်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးပွဲ ကျင်းပရာ မြို့သစ်ကျေးရွာသို့ သူ့အစီအစဉ်နှင့်သူ ရောက်ရှိလာခဲ့သည်ဟု သိရကြောင်း၊ အပြန်တွင် သတင်းသမားတို့က ဒေသခံ ၃ ဦးတို့နှင့်အတူ စုပေါင်းကားငှားခဲ့ရာမှ နမ့်ဆန်တွင် တပ်မတော်၏ ဖမ်းဆီးခြင်းကို ခံရသည်ဟု သိရကြောင်း ဦးယုလွင်အောင်က ပြောသည်။
သတင်းသမားတို့နှင့်အတူ အဖမ်းခံခဲ့ရသည့် ဒေသခံ ၃ ဦးကိုလည်း တွေ့ဆုံမေးမြန်း မှတ်တမ်းယူခဲ့သည်ဟု ဆိုသည်။

“ပြောစရာဆိုလို့ အပြန်မှာ သူတို့ငှားလာတဲ့ကားက လိုင်စင်မဲ့ကားဖြစ်တယ်ဆိုတာပဲ။ ဒါပေမယ့် သတင်းသမားတွေရော၊ ဒေသခံတွေပါ အပြန်ခရီးကို ကိုယ့်ပိုက်ဆံနဲ့ကိုယ် ကားငှားပြန်လာတာလို့ ပြောကြတယ်။ အသွားတုန်းက လားရှိုးက တပ်မတော် စစ်ဆေးရေးအဖွဲ့က လွှတ်တယ်၊ ဖမ်းတော့ နမ့်ဆန်တပ်မတော်အဖွဲ့က ဖမ်းတယ်” ဟု ၎င်းက ဆိုသည်။

“ဒေသခံတွေဆိုလည်း အခု ဒရမ်တီးတဲ့သူတစ်ဦးဆိုရင် သူ့ကို သူ့လူမျိုးကျင်းပတဲ့ပွဲမှာ တီးဝိုင်းတီးဖို့ခေါ်လို့ သွားတာ။ သူ့လူမျိုးလုပ်တဲ့ပွဲ သူသွားတာတော့ ဘာဖြစ်တုန်း။ ဟိုမှာ တီးဝိုင်းအစီအစဉ်ပျက်သွားလို့ သူမတီးရဘဲ သတင်းထောက်တွေနဲ့ ကားအဆင်ပြေလို့ အတူတူပြန်လာတာ။ သူပါ အခု ဖမ်းခံရတယ်ပေါ့။ အဲ့ဒီလို ကျွန်တော်တို့ကို ပြောကြတယ်”

သတင်းသမား ၃ ဦးကို နှိပ်စက်ညှဉ်းပန်းမှု မလုပ်ရန် ၎င်းတို့အဖမ်းခံရပြီး ရက်ပိုင်းအတွင်းမှာပင် ကော်မရှင်က တောင်းဆိုခဲ့သည်။  သတင်းသမားများ၏  သတင်းရယူခွင့်နှင့် သတင်းလွတ်လပ်ခွင့်ကို အလေးထားစဉ်းစားရန်၊ ယခုအချိန်သည် ပြည်ထောင်စုငြိမ်းချမ်းရေးကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဖော်ဆောင်သောအချိန်ဖြစ်သည် ဆိုသည့် အချက်ကို ထည့်သွင်းစဉ်းစားရန်   ကော်မရှင်က တောင်းဆိုထားသည်။  

သတင်းသမား ၃ ဦးက ပြင်ပတွင်နေပြီး အမှုရင်ဆိုင်ရန် အာမခံ အကြိမ်ကြိမ်လျှောက်ထားသော်လည်း သီပေါမြို့နယ်တရားရုံးက ပယ်ချခဲ့သည်။

၁၈ ရက်နေ့တွင် အမှုကို ထပ်မံ စစ်ဆေးသည့်အခါ  သတင်းသမားများကို အာမခံပေး၊ မပေးနှင့် ပတ်သက်ပြီး အပြီးသတ် အမိန့်ချမည်ဟု သိရသည်။

Show More

Related Articles

Back to top button