ရန်ကုန် – မကြာသေးမီက မန္တလေးမြို့တွင် အစိုးရနုတ်ထွက်ပေးရန် ဆန္ဒပြသူတို့ကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅(ခ)ဖြင့် ဖမ်းဆီးတရားစွဲဆိုလျက်ရှိရာ လွတ်မြောက်နေသူတို့ကို ဝရမ်းထုတ်ထားကြောင်း၊ လာမည့် တရားရုံးကြားနာမှုတွင် တရားခံပြေးအဖြစ် အမည်စာရင်းတင်သွင်းမည်ဖြစ်ကြောင်း ချမ်းမြသာစည်မြို့နယ်ရဲတပ်ဖွဲ့မှ ရဲမှူး ဦးစံသူက သြဂုတ် ၁၅ ရက်နေ့တွင် ပြောသည်။
ဝရမ်းထုတ်ထားသည့် အချိန်ကာလ ထပ်တိုးရန်လည်း ဆောင်ရွက်မည်ဟု ရဲမှူးက ဆိုသည်။
“အခြေအနေကတော့ ဘယ်လိုရှိတယ်ဆိုတာကတော့ ပြောရခက်တယ်ဗျ။ လောလောဆယ် ကျွန်တော်တို့ သတင်းပေးတွေနဲ့ စုံစမ်း၊ စစ်ဆေးပြီး ရှာဖွေနေတုန်းပါပဲ” ဟု မြို့နယ်မှူး ရဲမှူးဦးစံသူက ပြောသည်။
ရဟန်း ၈ ပါး၊ လူပုဂ္ဂိုလ် ၅ ဦးကို ဝရမ်းထုတ်ထားကြောင်း၊ သြဂုတ်လဆန်းပိုင်း ဆန္ဒပြသပိတ်စခန်း ဖြိုခွဲအပြီးတွင် ရဟန်း ၆ ပါး ဖမ်းဆီးခံရကြောင်း သိရသည်။
ဝရမ်းထုတ်ခံထားရသူများထဲမှ ဦးကျော်မျိုးရွှေကို သြဂုတ် ၇ ရက်နေ့တွင် ရဲတပ်ဖွဲ့က ထိန်းသိမ်းလိုက်ရာ ယခုအခါ ဤအမှုနှင့် ပတ်သက်ပြီး ရဟန်း ၂ပါး၊ လူပုဂ္ဂိုလ် ၄ ဦး လွတ်မြောက်နေဆဲဖြစ်ကြောင်း သိရသည်။
မန္တလေးမြို့သပိတ်စခန်းကို ရဲတပ်ဖွဲ့က ဖျက်သိမ်းပြီးနောက် မြို့ကြီးတချို့တွင် ပြုလုပ်သော အစိုးရနုတ်ထွက်ပေးရေး ဆန္ဒပြမှုများ ရုပ်သိမ်းသွားခဲ့သည်။
အဆိုပါဆန္ဒပြမှုဖြစ်စဉ်များတွင် ပါဝင်ပတ်သက်သူများကို ဆက်လက်အရေးယူသွားမည်ဟု သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုက သြဂုတ်လ ၅ ရက်နေ့က ရန်ကုန်မြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး၊ ညီညွတ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ညီလာခံတွင် ပြောကြားခဲ့သည်။
ရန်ကုန်ဝရမ်း
ရန်ကုန်မြို့ ကြေးသွန်းဘုရားရှေ့တွင်ပြုလုပ်သည့် အစိုးရနုတ်ထွက်ပေးရေးဆန္ဒပြပွဲတွင် ပါဝင်သူတို့ကို ဗဟန်းမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးက သံဃာ ၂ ပါး၊ လူပုဂ္ဂိုလ် ၈ ဦး တို့ကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅ (ခ) ဖြင့် တရားစွဲဆိုထားကြောင်း၊ ၎င်းတို့ လွတ်မြောက်နေဆဲဖြစ်ကြောင်း သိရသည်။
“နောက်ဆက်တွဲ ဆောင်ရွက်ရမှာကတော့ ရဲတပ်ဖွဲ့ကပဲ ဆောင်ရွက်ရမယ့်အပိုင်း ဖြစ်သွားပြီ။ သက်သေအနေနဲ့ တရားရုံးက ဆင့်ခေါ်ခဲ့ရင် ကျွန်တော်တို့ကတော့ သွားရောက်ထွက်ဆိုမယ်” ဟု ဗဟန်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထိန်စိုးက ပြောသည်။
ရန်ကုန်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် မေ ၁၁ ရက်နေ့က ဖြစ်ပွားခဲ့သည့် ပဋိပက္ခဖြစ်စဉ်တွင် ပါဝင်သည်ဟု စွပ်စွဲခံထားရသော ရဟန်း ၂ ပါး၊ အမေရိကန်သံရုံးရှေ့ ဆန္ဒဖော်ထုတ်မှုကြောင့် ဖမ်းဝရမ်းထုတ်ခံထားရသည့် ရဟန်း ၃ ပါးတို့ကိုလည်း ဖမ်းဆီးရမိခြင်း မရှိသေးဟု ဆိုသည်။
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တရားစီရင်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ရေးကော်မတီမှ ဥက္ကဋ္ဌ ဦးမြင့်လွင်က “အဲဒါက သာသနာရေးဝန်ကြီးဌာနနဲ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရတို့ ဆက်လုပ်သွားရမယ့် ကိစ္စပါ” ဟု ပြောသည်။