သတင်း

ခွေးဂေဟာ ဖွင့်လှစ်ထားသူ အမျိုးသမီးကို စွဲဆိုထားသည့်အမှုတွင် တရားလိုလွှတ်တော်ကိုယ်စားလှယ် သက်သေထွက်ဆို

ရန်ကုန် – လေလွင့်ခွေးများကို စောင့်ရှောက်ထားသည့် အမျိုးသမီးတစ်ဦးအပေါ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် နှစ်ဦးက အသရေဖျက်မှုပုဒ်မဖြင့် ရန်ကင်းမြို့နယ်တရားရုံး၌ တရားစွဲဆိုထားသည့်အမှုကို ယမန်နေ့က ဆက်လက်စစ်ဆေးခဲ့ရာ စွပ်စွဲခံထားရသူသည် ပါတီနှင့်လွှတ်တော်ကိုယ်စားလှယ်များကို သိက္ခာကျဆင်းစေသည့် စကားများကိုပြောဆိုခဲ့သည်ဟု တရားလိုတစ်ဦးဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ရန်ကင်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ ကိုယ်စားလှယ် ဒေါ်သီတာမောင်က ထွက်ဆိုသည်။

စွပ်စွဲခံထားရသည့် ရန်ကင်းမြို့နယ်၊ ကျောက်ကုန်းရပ်နေ ဒေါ်မြတ်သက်မွန်သည် “ကျက်သရေမရှိတဲ့ရုံး၊ အရည်အချင်းမရှိတဲ့ လွှတ်တော် ကိုယ်စားလှယ်” ဟု ဆိုကာ ၎င်း၏မိခင်ပါတီဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့်တကွ လွှတ်တော်ကိုယ်စားများအား ပုတ်ခတ်ပြောကြားခဲ့ကြောင်း ဒေါ်သီတာမောင်က တရားခွင်တွင် ပြောသည်။

ဒေါ်မြတ်သက်မွန်သည် အွန်လိုင်းစာမျက်နှာများပေါ်တွင် ကိုယ်စားလှယ်များအား မဟုတ်မမှန် လုပ်ကြံပုတ်ခတ်စော်ကားပြီး ရေးသားခဲ့ကြောင်းနှင့် ယခုအချိန်အထိလည်း မကြာခဏ အွန်လိုင်းပေါ်တွင် ရေးသားနေသည်ဟု ၎င်းက ဆက်လက်ထွက်ဆိုသည်။

ဒေါ်မြတ်သက်မွန်အိမ်တွင် အိမ်အကူအဖြင့် အလုပ်လုပ်ကိုင်သည့် မိန်းကလေးသည် ပြီးခဲ့သည့်နှစ် စက်တင်ဘာလ ၁၇ ရက်နေ့က ရန်ကင်းမြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ရုံးသို့ သွားရောက်ကာ အိမ်ရှင်ဖြစ်သူ ဒေါ်မြတ်သက်မွန်က ၎င်းကို နှိပ်စက်ကြောင်း တိုင်တန်းမှုကြောင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များဖြစ်သည့် ဒေါ်သီတာမောင် နှင့် ဦးသိန်းဇော်တို့က ဝင်ရောက်ဖြေရှင်းပေးရာမှ အိမ်ရှင်ဖြစ်သူ ဒေါ်မြတ်သက်မွန်နှင့် တွေ့ဆုံရာမှ ထိုပြဿနာစခဲ့ခြင်း ဖြစ်သည်။  

တရားလိုနောက်တစ်ဦးဖြစ်သူ ရန်ကင်းမြို့နယ်မဲဆန္ဒနယ်အမှတ် (၂) မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော်ကလည်း ဒေါ်မြတ်သက်မွန်၏ ပြောဆိုမှုများမှာ သည်းခံနိုင်သည့် အတိုင်းအတာထက် ကျော်သွားသဖြင့် တရားစွဲရခြင်းဖြစ်သည်ဟု Myanmar Now ကို ပြောသည်။

“ဝေဖန်တာကိုတော့ ခံနိုင်ပါတယ်။ ဒါက ပုဂ္ဂိုလ်ရေးစော်ကား၊ ပါတီကို စော်ကားလို့ အမှုဖွင့်တာပါ” ဟု ၎င်းက ဆိုသည်။

ရာဇသတ်ကြီးတွင် အသရေဖျက်မှု ပုဒ်မ ၅ဝဝ အရ ပြစ်မှုကျူးလွန်သည်ဟု ဆုံးဖြတ်ခံရပါက ငွေဒဏ်မှ အလုပ်မဲ့ ထောင်ဒဏ် နှစ်နှစ်အထိ ချမှတ်နိုင်သည်။

စွပ်စွဲခံထားရသူ ဒေါ်မြတ်သက်မွန်သည် ခွေးဂေဟာတစ်ခုကို ၂ဝ၁၃ ခုနှစ်တွင် လှည်းကူးမြို့နယ်တွင် တည်ထောင်ပြီး ပိုင်ရှင်မဲ့ခွေးများကို ပြုစုစောင့်ရှောက်နေသူ ဖြစ်သည်။ ၎င်းကမူ စွပ်စွဲချက်များကို ငြင်းဆိုထားပြီး ၎င်း၏အိမ်အကူ မိန်းကလေးကသာ ၎င်း၏ပိုက်ဆံများကို ခိုးယူခဲ့ခြင်းဖြစ်သည်ဟု ပြောသည်။

“တရားရုံးမှာ ကျွန်မထွက်ဆိုရမယ့်အလှည့်ရောက်ရင် အမှန်အတိုင်းသိက္ခာရှိရှိထွက်ဆို သွားမှာပါ။ လွှတ်တော်ကိုယ်စားလှယ်တွေကို ပုတ်ခတ်စော်ကားခဲ့ခြင်းမရှိပါဘူး။

ကျွန်မအိမ်မှာနေတဲ့ အိမ်အကူကောင်မလေးက ကျွန်မပိုက်ဆံလည်းခိုးပြီး ဖုန်းဝယ်သေးတယ်။ နောက်ပြီး ကျွန်မက သူ့ကိုနှိပ်စက်ပါတယ်ဆိုပြီးတော့ လွှတ်တော်အမတ်တွေကို သွားတိုင်သေးတယ်။ သူကလည်းမဟုတ်တာလုပ်သေးတယ်။ နောက်ပြီးတော့ သူကပဲ ဦးအောင်သွားတိုင်တဲ့ အတွက် စိတ်ဆိုးပြီးတော့ အိမ်အကူကောင်မလေးကိုပြောတာပါ” ဟု သူကဆိုသည်။

ဤအမှုသည် ၂ဝ၁၆ ဒီဇင်ဘာတွင် ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ဒေါ်သီတာမောင်သည် ဒေါ်မြတ်သက်မွန်ကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့်လည်း ရန်ကင်းမြို့နယ်တရားရုံးမှာပင် တရားစွဲထားသေးရာ အမှု နှစ်ခုလုံးကို မြို့နယ်တရားရုံးတွင် ပုံမှန် စစ်ဆေးနေဆဲဖြစ်သည်။

Show More

Related Articles

Back to top button