သတင်း

ဥရောပလွှတ်တော်ကုန်သွယ်ရေးအဖွဲ့ မြန်မာခရီးစဉ်ဖျက်

ရန်ကုန် – ရခိုင်ပြည်နယ်တွင် ဖြစ်ပျက်နေသော အခြေအနေများကို ထောက်ရႈ၍ ဥရောပသမဂ္ဂဥပဒေပြုလွှတ်တော်၏ နိုင်ငံတကာကုန်သွယ်မှုဆိုင်ရာ ကော်မတီအဖွဲ့က မြန်မာနိုင်ငံသို့ လာရောက်ရန် စီစဉ်ထားသည့် ခရီးစဉ်တစ်ခုကို ဖျက်သိမ်းလိုက်သည်။

စက်တင်ဘာ ၁၄ ရက်နေ့စွဲဖြင့် ဥရောပလွှတ်တော်က ထုတ်ပြန်သော ကြေညာချက်တွင် ကော်မတီဥက္ကဋ္ဌဖြစ်သူ Bernd Lange က ထိုသို့ ဆုံးဖြတ်ရခြင်းသည် ထိုရက်မတိုင်မီနေ့က ရခိုင်ဒေသအရေးနှင့် ချမှတ်ခဲ့သော ဥရောပလွှတ်တော် ဆုံးဖြတ်ချက်တွင် ပါဝင်သည့် လတ်တလော မြန်မာ့နိုင်ငံရေး၊ လူ့အခွင့်အရေးဆိုင်ရာ အခြေအနေများကြောင့် ဖြစ်ကြောင်း၊ ထိုအခြေအနေများကြောင့် ဥရောသမဂ္ဂနှင့် မြန်မာနိုင်ငံတို့ ချုပ်ဆိုဖွယ်ရှိသည့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သဘောတူစာချုပ်တစ်ခုအတွက် အကျိုးဖြစ်ထွန်းမည့် ဆွေးနွေးမှုများ ဖြစ်ပေါ်လာနိုင်စရာမရှိသဖြင့် ခရီးစဉ်ကို ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းရခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

စက်တင်ဘာ ၁၃ တွင် ချမှတ်ခဲ့သော ဥရောပလွှတ်တော် ဆုံးဖြတ်ချက်တွင် ဥရောပလွှတ်တော်ကိုယ်စားလှယ်များက ရခိုင်ပြည်နယ်ရှိ မွတ်စလင်များကို “စစ်တပ်နှင့် လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းများက အဓမ္မမုဒိမ်းကျင့်ခြင်း။ အနှောင့်အယှက်ပြုခြင်း၊ သတ်ဖြတ်ခြင်း၊ ၎င်းတို့၏ အိုးအိမ်များကို မီးရှို့ဖျက်ဆီးခြင်းများ” ရပ်ဆိုင်းရန် တိုက်တွန်းထားသည်။

ထို့ပြင် ဥရောပလွှတ်တော်အမတ်များက ရခိုင်ပြည်နယ်သို့ ကုလသမဂ္ဂနှင့် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီသည့် အဖွဲ့အစည်းများ ပြန်လည် ဝင်ရောက်နိုင်ရန်လည်း မြန်မာအစိုးရကို တိုက်တွန်းထားပြီး၊ ဥရောပလွှတ်တော်က ဒေါ်အောင်ဆန်းစုကြည်အား လူ့အခွင့်အရေးဆိုင်ရာ စွမ်းဆောင်မှုများအတွက် ပေးအပ်ထားသည့် Sakharov ဆုကိုလည်း လိုအပ်ပါက ပြန်လည်ရုပ်သိမ်းသင့်ကြောင်း စသည့် အကြုံပြုချက်များကို ဆုံးဖြတ်ချက်တွင် ဖော်ပြထားသည်။

နိုင်ငံတကာဖိအားနှင့် ရင်ဆိုင်နေရသည့် ဒေါ်အောင်ဆန်းစုကြည်က စက်တင်ဘာ ၁၉ ရက်နေ့တွင် သံတမန်များနှင့် တွေ့ဆုံပြီး မြန်မာပြည်အကျပ်အတည်းများကို ကိုင်တွယ်ဖြေရှင်းနေပုံ အကြောင်း ရှင်းပြခဲ့သည်။ နေပြည်တော်တွင် ပြုလုပ်သည့် ထိုရှင်းလင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က လုံခြုံရေးတပ်ဖွဲ့ဝင်တို့ကို တတ်နိုင်သမျှ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ရန်၊ အပြစ်မဲ့ပြည်သူများ ထိခိုက်မှု မရှိစေရန်၊ စစ်ဆင်ရေး ဆောင်ရွက်ရာတွင် ကျင့်ဝတ်များကို တိတိကျကျ လိုက်နာရန် ညွှန်ကြားထားပြီးဖြစ်သည်ဟု ပြောကြားခဲ့သည်။ ။

Show More

Related Articles

Back to top button