သတင်း

မီဒီယာတို့၏ ရခိုင်ပဋိပက္ခသတင်းရင်းမြစ်မှာ အစိုးရဖြစ်နေ

ရန်ကုန်- ရခိုင်ပြည်နယ် ပဋိပက္ခအရေး တင်ဆက်ရာတွင် ပြည်တွင်းသတင်းမီဒီယာများက ပဋိပက္ခဖြစ်စဉ်အတွင်း ပါဝင်သည့် အဓိကဘက်နှစ်ဖက်မှ ရင်းမြစ်များကို မျှတစွာ အသုံးပြုနိုင်ခြင်း မရှိကြောင်း တွေ့ရသည်ဟု အောက်တိုဘာ ၁၂ ရက်နေ့တွင် ထွက်ပေါ်လာသည့် မီဒီယာစောင့်ကြည့်မှုဆိုင်ရာ အစီရင်ခံစာတစ်စောင်တွင် ရေးသားထားသည်။

ကနဦးတွင် ပဋိပက္ခဖြစ်ပွားရာဒေသသို့ တိုက်ရိုက်သွားရောက်ပြီး သတင်းရယူတင်ဆက်နိုင်ခြင်းမရှိဘဲ အစိုးရ သတင်းထုတ်ပြန်ရေးကော်မတီ၊ နိုင်ငံတော်အတိုင်ပင်ခံရုံး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးတို့၏ ထုတ်ပြန်ချက်များကိုသာ ကိုးကားဖော်ပြခဲ့ကြောင်း  Myanmar Institute for Democracy (MID) အဖွဲ့က ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

ရန်ကုန်အခြေစိုက် MID ၏ အစီရင်ခံစာသည်  သြဂုတ် ၂၅ မှ စက်တင်ဘာ ၁၈ အတွင်း ရခိုင်ဒေသပဋိပက္ခအကြောင်း တင်ဆက်မှုများကို လေ့လာဆန်းစစ်ထားခြင်း ဖြစ်သည်။

ရုပ်မြင်သံကြား ၄ လိုင်း၊ ရေဒီယို ၂ လိုင်း၊ သတင်းစာ ၄ စောင်၊ အွန်လိုင်းမီဒီယာ ၂ ခု တို့ကို စောင့်ကြည့်လေ့လာခဲ့သည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

အားနည်းချက်

အစိုးရပိုင်မီဒီယာများဖြစ်သည့် မြဝတီရုပ်သံ၊ မြန်မာ့အလင်းသတင်းစာတို့သည် ရခိုင်ပဋိပက္ခနှင့် ပတ်သက်၍ သတင်းရယူဖော်ပြရာတွင် ဗဟိုအစိုးရ၊ ပြည်နယ်အစိုးရ၊ တပ်မတော်တို့၏ အသံများကို အများဆုံး ထုတ်ပြန်ပေးသည်ကို တွေ့ရကြောင်း အစီရင်ခံစာက ဆိုသည်။

အချိန်နှင့်တစ်ပြေးညီ တင်ဆက်မှု၊ သတင်းရင်းမြစ်အမျိုးမျိုးကို ကိုးကားအတည်ပြုမှု အားနည်းကြကြောင်း အစီရင်ခံစာက ဝေဖန်ထားသည်။

စစ်တွေ၊ ဘူးသီးတောင်မြို့များသို့ တိမ်းရှောင်လာသည့် ဒေသခံ တိုင်းရင်းသားတို့၏ ဖြစ်စဉ်များ တင်ပြနိုင်သော်လည်း တစ်ဖက်နိုင်ငံသို့ တိမ်းရှောင်ထွက်ပြေးသွားသူများအကြောင်း သတင်းအရင်းအမြစ် ရယူတင်ဆက်နိုင်ခြင်း မရှိကြောင်း အစီရင်ခံစာက ထောက်ပြထားသည်။

ပဋိပက္ခဖြစ်စဉ်ကို အချိန်နှင့်တစ်ပြေးညီ မတင်ဆက်နိုင်ခြင်း၊ သတင်းရင်းမြစ်စုံလင်မှု၊ ဘက်ညီမှုအားနည်းခြင်း၊ အစိုးရရင်းမြစ်ကိုသာ အဓိကအားကိုးခြင်းတို့သည် သတင်းဌာနတို့၏ မှန်ကန်တိကျမှု၊ ဓမ္မဓိဋ္ဌာန်ကျမှုတို့အပေါ် မွေးခွန်းထုတ်ဖွယ်ဖြစ်နေစေသည့် အဓိကအကြောင်းရင်းများဖြစ်သည်ဟု အစီရင်ခံစာထုတ်ပြန်သည့်အဖွဲ့မှ ဒါရိုက်တာ ဦးမျိုးမင်းဇော်က သုံးသပ်သည်။

“အခုလို အစီရင်ခံစာထုတ်တယ် ဆိုတာက ဘယ်သတင်းဌာနကတော့ ရခိုင်အရေးမှာ ဘယ်လောက်တောင် ဖော်ပြခဲ့တယ်၊ ဘယ်သတင်းဌာနကတော့ ဖော်ပြမှုအားနည်းတယ်ဆိုပြီး ပြောချင်တဲ့သဘော မဟုတ်ပါဘူး။ ကျွန်တော်တို့အစီရင်ခံစာက စောင့်ကြည့်ကာလ တိုတဲ့အတွက် ဒီစောင့်ကြည့်ကာလနောက်ပိုင်းမှာမှ တကယ်ကို ရခိုင်အရေးကို ထဲထဲဝင်ဝင်ရေးနေတဲ့ သတင်းဌာနတွေ အများကြီးပါပဲ” ဟု သူက ဆိုသည်။

DVB, MRTV, Up To Date, Eleven, မြဝတီ၊ မြန်မာ့အသံရေဒီယို၊ မြန်မာ့အလင်း စသည့် သတင်းဌာနတို့သည် ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ ဒုက္ခသည်တို့အကြောင်း သတင်းရင်းမြစ် တိုက်ရိုက်ရယူတင်ပြနိုင်ခြင်း မရှိသည်ကို တွေ့ရကြောင်း သူက ပြောသည်။

အားသာချက်

သတင်းအရင်းအမြစ်အသုံးပြုမှုအပိုင်းတွင် ပုဂ္ဂလိကမီဒီယာများသည် ပိုမိုစုံလင်စွာတင်ပြနိုင်ကြပြီး လွတ်လပ်သော သတင်းရင်းမြစ်များမှ အသံတို့ကို ပိုမိုတင်ပြနိုင်ရန် အားထုတ်ခဲ့သည်ဟု ဆိုသည်။

Irrawaddy အွန်လိုင်းသတင်းဌာနသည် ARSA အဖွဲ့ထုတ်ပြန်ချက်၊ ဘင်္ဂလားဒေ့ရှ် လုံခြုံရေးတပ်ဖွဲ့၏ သတင်းအနည်းငယ်ကို ကိုးကားဖော်ပြခဲ့ကြောင်း ဦးမျိုးမင်းဇော်က ပြောသည်။

BBC မြန်မာပိုင်း ရုပ်သံသတင်းများကို MNTV က နေ့စဉ် ထုတ်လွှင့်ပေးခဲ့ဖူးသည်။ သို့သော်လည်း ပဋိပက္ခဖြစ်ပွားစဉ်ကာလ ထုတ်လွှင့်မှုတွင် MNTV က ကြားဝင်စွက်ဖက်ခြင်း၊ ဖြတ်တောက်ခြင်း ပြုလုပ်သဖြင့် နေ့စဉ်ရုပ်သံသတင်းလွှာတင်ဆက်မှုကို ရပ်ဆိုင်းကြောင်း BBC က စက်တင်ဘာ ၁ တွင် ကြေညာခဲ့သည်။

Mizzima အွန်လိုင်းသည် အရပ်ဘက်အဖွဲ့များ၊ အကူအညီပေးရေးအဖွဲ့များ ပဋိပက္ခဒေသသို့ သွားရောက် ထောက်ပံ့သည့် သတင်းအရင်းအမြစ်များ၊ နိုင်ငံတကာသဘောထားများ၊ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များကို ကိုးကား ရေးသားခဲ့သည်ဟု ဆိုသည်။

BBC မြန်မာပိုင်းသည် အခြားပြည်တွင်းသတင်းဌာနများထက် နိုင်ငံတကာမှ လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်း၏ အသံကို ပိုမိုထုတ်လွှင့်ပေးခဲ့ကြောင်း၊ ဘင်္ဂလားဒေ့ရှ် ဘက်ရှိ သတင်းအရင်းအမြစ်များကို ဒေသခံသတင်းထောက်၏ တင်ဆက်မှုဖြင့် ပိုမိုအသုံးပြုနိုင်ခဲ့သည်ကို တွေ့ရသည်ဟု အစီရင်ခံစာက ဆိုသည်။

ပဋိပက္ခဒေသသို့ ကွင်းဆင်းလေ့လာ တင်ဆက်နိုင်ရေး ဆိုသည်မှာ သတင်းဌာန အများစုအတွက် ရင်းမြစ် အကန့်အသတ် ရှိသည်ဟု Eleven သတင်းစာ အယ်ဒီတာချုပ် ဦးဝေဖြိုးက ပြောသည်။

“ကျွန်တော်တို့သတင်းဌာနဆို ရခိုင်အရေးနဲ့ပတ်သက်ပြီး တော်တော်လေး cover လုပ်နိုင် (ဖော်ပြနိုင်) တယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့သတင်းဌာနက ရခိုင်မှာ သတင်းထောက် ၃ ယောက်ထားနိုင်တယ်လေ။ တခြားသတင်းဌာနတွေက အဲ့ဒီလောက်ထားနိုင်ချင်မှ ထားနိုင်မှာ။ ဒီအပေါ်မှာ မူတည်ပြီးတော့ လုပ်နိုင်စွမ်းအားက ကွာခြားနိုင်ပါတယ်။ တခြားဌာနတွေက ကျွန်တော်တို့ထက် ပိုလုပ်နိုင်တာမျိုးတွေလည်း ရှိနိုင်ပါတယ်” ဟု ဦးဝေဖြိုးက ပြောသည်။

Show More

Related Articles

Back to top button