သတင်း

ရိုက်တာသတင်းထောက် ၂ ဦးကို ပြန်လွှတ်ရန် စာနယ်ဇင်းအဖွဲ့များ တောင်းဆို

ရန်ကုန် – ရခိုင်ဒေသတိုက်ပွဲဆိုင်ရာ စာရွက်စာတမ်းများနှင့်အတူ ဖမ်းဆီးခံထားရသည်ဟုဆိုသော ရန်ကုန်အခြေစိုက် သတင်းသမား ၂ ဦးကို ပြန်လွှတ်ပေးရန် မြန်မာပြည်အနယ်နယ်အရပ်ရပ်မှ စာနယ်ဇင်းလွတ်လပ်ခွင့်ဆိုင်ရာ အဖွဲ့အစည်းများ၊ ကွန်ရက်များက ဒီဇင်ဘာ ၁၃ ရက်နေ့တွင် တောင်းဆိုလိုက်သည်။

သတင်းနှင့်ပတ်သက်သည့် အချက်အလက်များ လက်ဝယ်တွေ့ရှိရုံမျှဖြင့် အစိုးရလျှို့ဝှက်ချက်အက်ဥပဒေ ချိုးဖောက်သည်ဟု စွပ်စွဲခြင်းမှာ သတင်းလွတ်လပ်ခွင့်ကို ခြိမ်းခြောက်ရာ ကျသည်ဟု အဖွဲ့အစည်းများ၏ စုပေါင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ဗြိတိသျှကိုလိုနီအစိုးရက အုပ်ချုပ်ခံမြန်မာပြည်သူများကို နှိပ်ကွပ်ရန် ရည်ရွယ်ချက်ဖြင့် ၁၉၂၃ ခုနှစ်ကတည်းက ရေးဆွဲပြဋ္ဌာန်းခဲ့သည့် မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်များအက်ဥပဒေဖြင့် ဖမ်းဆီးခြင်းသည် ဒီမိုကရေစီအစိုးရအတွက် ဂုဏ်သိက္ခာ ကျဆင်းစေသည့်လုပ်ရပ်အဖြစ် ကျွန်ုပ်တို့အဖွဲ့အစည်းများက ရှုမြင်ပါသည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၎င်းတို့ကို ဖမ်းဆီးထားမှုနှင့် ပတ်သက်ပြီး အစိုးရကလည်း ဒီဇင်ဘာ ၁၃ ညနေပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။

သတင်းထောက် ကိုဝလုံး (ခ) သက်ဦးမောင်မောင် နှင့် ကိုကျော်စိုးဦး (ခ) မိုးအောင် တို့ ၂ ဦးအား အရေးကြီး လုံခြုံရေး စာရွက်စာတမ်းများနှင့်အတူ ဖမ်းဆီးရမိကြောင်း၊ သတင်းထောက်နှစ်ဦး၊ စာရွက်စာတမ်းကိစ္စ ပတ်သက်သူ ဒုတိယရဲမှူး မိုးရန်နိုင်၊ ရဲတပ်ကြပ်ကြီး ခင်မောင်လင်းတို့ကို ၁၉၂၃ ခုနှစ်၊ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်အက်ဥပဒေပုဒ်မအရ ထိရောက်စွာ အရေးယူမည်ဟု အစိုးရက သတင်းထုတ်ပြန်သည်။

ထိုပုဒ်မအရ ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ချမှတ်နိုင်သည့် ထောင်ဒဏ်မှာ ၁၄ နှစ် ဖြစ်သည်။

ထိန်းသိမ်းခံရသူ သတင်းသမားနှစ်ဦးသည် မကြာသေးခင်က  ရခိုင်ပြည်နယ်၊ မောင်တော ဒေသသို့   ရောက်ရှိလာခဲ့ပြီး အာဏာပိုင် အဖွဲ့အစည်းများနှင့် တွေ့ဆုံခဲ့ပြီး ရန်ကုန်၊ ထောက်ကြံ့မြို့တွင် အရာရှိတစ်ဦးထံ သတင်း အချက်အလက် ထပ်မံ ရရှိရေး သွားရောက်ခဲ့သည်ဟု သိရကြောင်း ၎င်းတို့နှင့် နီးစပ်သည့် ရခိုင်ဒေသခံတစ်ဦးက ပြောသည်။

“မောင်တော တောင်ပိုင်းက မြင်းလွတ်စခန်းမှူးက အဲဒီ(ထောက်ကြန့်)မှာ တာဝန်ကျနေတာကို အဲဒီသတင်းနဲ့ပတ်သက်ပြီး အတည်သွားပြုတာ။ အဲဒီအချိန်မှာ အဖမ်းခံရတာ” ဟု ပြောသည်။

မြန်မာသတင်းသမားများကွန်ရက် (MJN) မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်သူ ကိုဇေယျာလှိုင်က သတင်းစာဆရာများမှာ သတင်းဖြစ်သည့်နေရာသို့ သွားရောက် သတင်းရယူခွင့်၊ ထိုသတင်းအချက်အလက်များ တိကျရန် အချက်အလက် စုဆောင်းပိုင်ခွင့်တို့ရှိသောကြောင့် ယခုကဲ့သို့ ဖမ်းဆီးမှုကို ကန့်ကွက်သည်ဟု ပြောသည်။

“နိုင်ငံတော် လုံခြုံရေးကို ထိခိုက်တယ်ဆိုရင်တော့ တစ်မျိုးပေါ့ဗျာ။ အခုဟာက ဒီအချက်အလက်တွေကို သတင်းထောက်က လက်ဝယ်ရှိရုံနဲ့ ဖမ်းတယ်ဆိုတာ သတင်းလွတ်လပ်ခွင့်ကို ခြိမ်းခြောက် ထိပါးတယ်လို့ပဲ ကျွန်တော်ကတော့ မြင်ပါတယ်” ဟု ကိုဇေယျာလှိုင်က မှတ်ချက်ပေးသည်။

ထိန်းသိမ်းခံသတင်းသမားတို့သည် မိသားစုနှင့် တွေ့ဆုံခွင့် မရသေးကြောင်း သိရသည်။

သတင်းထောက် ကိုဝလုံး၏ ဇနီး မပန်းအိက ထောက်ကြန့်သွားမည့် ခင်ပွန်းသည်နှင့် ဒီဇင်ဘာ ၁၂ ညနေပိုင်းက နောက်ဆုံးအဆက်အသွယ်ရခဲ့ကြောင်း၊ အကောင်းဆုံးဖြစ်လာလိမ့်မည်ဟု မျှော်လင့်ကြောင်း Myanmar Now ကို ပြောသည်။

၂၀၁၇ ခုနှစ်အတွင်း အာဏာပိုင်တို့က သတင်းသမား အများအပြားကို တရားစွဲဆိုခြင်း၊ ဖမ်းဆီးထိန်းသိမ်းခြင်း အများအပြား ပြုလုပ်ခဲ့သည်။

Show More

Related Articles

Back to top button