(ရန်ကုန်) – ကချင်ပြည်နယ်တွင် အစိုးရ တပ်မတော်၏ထိုးစစ်များ ရပ်တန့်ရေးနှင့် တိုက်ပွဲများကြောင့် ပိတ်မိနေသောဒေသခံများ လွတ်မြောက်ရေးအတွက် မေလ ၆ ရက်နေ့က ရန်ကုန်မြို.တော်ခန်းမရှေ.တွင် ပြုလုပ်ခဲ့သော ဆန္ဒပြပွဲသည် ရဲတပ်ဖွဲ.အား ကြိုတင်အကြောင်းမကြားဘဲ ပြုလုပ်ခဲ့သဖြင့် ထိုပွဲကို ဦးဆောင်သူများအား အာဏာပိုင်များက အမှုဖွင့် တရားစွဲဆိုထားသည်။
လူ ၅၀ ခန့်ပါဝင်သော ဆန္ဒဖော်ထုတ်ခဲ့ကြသည့် သူများသည် ယမန်နေ့က လမ်းမတော်မြို့နယ်မော်တင်မှ ကျောက်တံတားမြို့နယ်ရှိ ရန်ကုန်မြို့တော်ခန်းမရှေ့သို့ ချီတက်ကာ “ကချင်စစ်ပွဲကိုရပ်”၊ “တိုက်ပွဲများအကြား ပိတ်မိခံပြည်သူများ ဘေးကင်း လုံခြုံသောနေရာသို့ လွတ်မြောက်ရေး”၊ “ကချင်ပြည်နယ် ဗုံးကြဲနေခြင်းကို ရပ်(Stop Bombing Kachin State)” စသည့် စာသားများ ရေးသားထားသော ပိတ်စများကို ကိုင်ဆောင်ခဲ့ကြပြီး ကြွေးကြော်သံများကို ဟစ်ကြွေးခဲ့ကြသည်။
သို့သော် ဆန္ဒထုတ်ဖော်ပွဲကို ဦးဆောင်သူများက ရဲတပ်ဖွဲ့သို့ ကြိုတင်အကြောင်းမကြားခဲ့သည့်အတွက် စီတန်းလှည့်လည်ခြင်းဆိုင်ရာဥပဒေဖြင့် အမှုဖွင့်လိုက်ကြောင်း ကျောက်တံတားမြို့နယ်ရဲတပ်ဖွဲ့မှ စခန်းမှူးတိုးမြို့က အတည်ပြုပြောဆိုသည်။
စီတန်းလှည့်လည်ခြင်းဆိုင်ရာဥပဒေတွင် ဆန္ဒထုတ်ဖော်မည်ဆိုလျှင် သက်ဆိုင်ရာမြို့နယ် ရဲစခန်းသို့ ၂၄ နာရီ ကြိုတင် အကြောင်းကြားရမည်ဟု ပြဋ္ဌာန်းထားသည်။ ထိုဥပဒေကို ချိုးဖောက်ပါက ထောင်ဒဏ် သုံးလနှင့် ဒဏ်ငွေကျပ် ၃၀,၀၀၀ ပြစ်ဒဏ်ချမှတ်ခံရမည်ဖြစ်သည်။
အမှုဖွင့်ခံရသူမှာ လူငယ် လေးဦး ဖြစ်ပြီး၊ ၎င်းတို့မှာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်မှ တက္ကသိုလ်ကျောင်းသားများဖြစ်သည့် အသက် ၂၂ နှစ်အရွယ် ကိုကောင်းထက်ကျော်နှင့် အသက် ၂၀ အရွယ် ကိုဇေယျ၊ လူ့ဘောင်သစ်လူငယ်များအဖွဲ့မှ ကိုရဲအောင်အေး၊ ကချင်လူငယ်တဦးဖြစ်သော ကိုမျိုးစော့တို့ ဖြစ်သည်။
ထိုကဲ့သို့ တိုက်ပွဲများအကြား ပိတ်မိနေသော ပြည်သူများ၊ တပ်မတော်ထိုးစစ်ကြောင့် ဒုက္ခရောက်နေသော ပြည်သူများအကျိုးအတွက် ဆန္ဒထုတ်ဖော်မှုကို ယခုလို တရားစွဲဆိုလိုက်လျှင်ပင် မိမိတို့လှုပ်ရှားမှုများက ရပ်တန့်သွားမည်မဟုတ်ဘဲ ဆက်လုပ်လှုပ်ရှားနေဦးမှာဖြစ်ကြောင်း အမှုဖွင့်ခြင်းခံထားရသည့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဗဟိုလုပ်ငန်းကော်မတီဝင် ကိုဇေယျက Myanmar Now ကို ပြောသည်။
မိမိတို့သည် ဆူပူအုံကြွမှုဖြစ်အောင် လှုံ့ဆော်နေခြင်းမဟုတ်ဘဲ ဒုက္ခရောက်နေသူများအတွက် လှုပ်ရှားခြင်း ဖြစ်သည့်အတွက် ယခုလို တရားစွဲဆိုခြင်းကို ရှုတ်ချကြောင်း၊ ရဲစခန်းက မိမိတို့ကို တိုက်ရိုက်ဆက်သွယ် အကြောင်းကြားတာမျိုးတော့ မရှိသေးကြောင်း ၎င်းက ဆက်ပြောသည်။
“ကျွန်တော်နားမလည်တာက ငြိမ်းချမ်းရေးအတွက်၊ ဒုက္ခရောက်နေတဲ့ ပြည်သူတွေအတွက် လုပ်တာမျိုးကျတော့ တရားစွဲမယ်။ တပ်မတော်ထောက်ခံပွဲတွေကျတော့ ဒီအတိုင်းထားတယ်။ ဒီမိုကရေစီအစိုးရလို့ ဆိုနေပေမယ့် ဘာလို့ တရားထစွဲရတာပဲ။ မနေ့(မေ ၆) တုန်းက အရင်လို အလှူခံထွက်ရင်း လှုပ်ရှားမှုလုပ်မယ်လို့ စီစဉ်ပေမယ့် နောက်ဆုံး ငြိမ်းချမ်းရေးသက်သက် အတွက်ပဲ လှုပ်ရှားမယ်လို့ ဆုံးဖြတ်ကြပြီး လုပ်ခဲ့တာ။ ကျနော်တို့ ခွင့်ပြုချက်အတွက် အာဏာပိုင်တွေကို အကြောင်းကြားတာမျိုးတော့ မလုပ်ခဲ့ဘူး” ဟု ကိုမျိုးစော့က ဆိုသည်။



