
မတန်တဆဈေးဖြင့် မြေသိမ်းခဲ့သောကြောင့် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများက ‘သောကမြေ’ ဟု တင်စားထားသည့် မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်အတွင်းရှိ မြို့သာစက်မှုဥယျာဉ်မြို့တော်စီမံကိန်းမှ မြေ ဧက ၄၀၀ ကျော်အတွက် စစ်ကောင်စီက မြေဂရန်ထုတ်ပေးထားသည်။
မန္တလေးမြို့မှ မိုင် ၃၀ ကျော်အကွာ ဧရာဝတီမြစ်ဘေးရှိ စက်မှုမြို့တော်စီမံကိန်းတွင် မြေဧက တစ်သောင်းကျော်ရှိပြီး လုပ်ပိုင်ခွင့်ရကုမ္ပဏီကို နှစ်ပေါင်း ၁၀ မှ ၃၀ သက်တမ်းရှိ မြေဂရန် ထုတ်ပေးထားသည်ကို ယခုလ ၁၀ ရက်ထုတ် မြန်မာနိုင်ငံပြန်တမ်းအရ သိရသည်။
စစ်ကောင်စီထုတ်ပေးသည့် မြေဂရန်ငှားရမ်းခမှာ တစ်နှစ်လုံးစာအတွက် တစ်ဧကလျှင် ကျပ်တစ်သိန်းခွဲခန့်သာရှိပြီး မြေဧက ၄၀၀ အတွက် နှစ်စဉ် ကျပ် သိန်း ၅၈၀ ကျော် ရရှိမည်ဖြစ်သည်။
မြို့သာစီမံကိန်းအကောင်အထည်ဖော်ရာ၌ ဒေသခံ လယ်သမားများပိုင်မြေများကို ပေါက်ဈေးထက် သိသိသာသာလျော့နည်းသည့် လျော်ကြေးဖြင့် သိမ်းယူခဲ့သောကြောင့် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများက သောကမြေဟု တင်စားခဲ့ကြသည်။
စီမံကိန်းကြောင့် ကျေးရွာပေါင်း ၁၄ ရွာမှ ဒေသခံများ၏ အသက်မွေးဝမ်းကျောင်းမှု အရင်းအမြစ်ဖြစ်သော မြေယာများ ဆုံးရှုံးခဲ့ရသည်ဟု ၂၀၁၇ ခုနှစ်အတွင်း ထုတ်ပြန်သော နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့ (FIDH) ၏ အစီရင်ခံစာတွင် ဖော်ပြသည်။
ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၂ ခုနှစ်တွင် စတင်အကောင်အထည်ဖော်ခဲ့သည့် မြို့သာစီမံကိန်းကို Mandalay Myotha Industrial Development Public Company (MMID) ကုမ္ပဏီက လုပ်ပိုင်ခွင့်ရရှိထားသည်။
စီမံကိန်းကုမ္ပဏီ ဥက္ကဋ္ဌ ဦးအောင်ဝင်းခိုင်မှာ ယခင်စစ်အစိုးရများလက်ထက်က မန္တလေးစက်မှုဇုန်ကော်မတီဥက္ကဋ္ဌ၊ မန္တလေးစက်မှုလက်မှုကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သူဖြစ်သည်။
တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် အကျိုးတူဆောင်ရွက်ခဲ့ရာမှ စစ်အာဏာသိမ်းပြီးနောက် မန္တလေးတိုင်းစစ်ကောင်စီက ဆက်လက်ကိုင်တွယ်သည့် ထိုစီမံကိန်းတွင် ရင်းနှီးမြှုပ်နှံသူများအတွက် မြေဂရန်ကိုယ်စားလျှောက်ပေးခြင်းဖြစ်သည်ဟု MMID ကုမ္ပဏီဝန်ထမ်းတစ်ဦးက ယမန်နေ့တွင် ပြောသည်။
“(စီမံကိန်း) ဧက ၁၁,၀၀၀ ကျော်ထဲမှာမှ ခုနကပြောတဲ့ ၄၀၀ ကျော်က ဂရန်ချပေးလိုက်တာကို ပြောတာ။ ကျွန်မတို့ဆီမှာ ဝယ်ထားတဲ့သူတွေရှိတယ်။ အဲဒီလူတွေကို ဂရမ်လျှောက်ပေးတယ်။ လျှောက်ပြီးတော့မှ မြေစာရင်းရုံးမှာ သွားထုတ်ပြီးတော့မှ ယူရတာပေါ့” ဟု ၎င်းက ဆိုသည်။
မြို့သာစက်မှုဇုန်စီမံကိန်းတွင် တရုတ်၊ အမေရိကန်၊ ဂျပန်၊ နယ်သာလန်၊ ဟောင်ကောင်၊ အင်ဒိုနီးရှားနှင့် ထိုင်းနိုင်ငံတို့မှ စက်ရုံများ ဝင်ရောက်ရင်းနှီးမြှုပ်နှံထားပြီး လည်ပတ်သည့်စက်ရုံ ၂၁ ခုနှင့် တည်ဆောက်ဆဲ အလုပ်ရုံ ၂၃ ခုရှိသည်ဟု MMID ကုမ္ပဏီ၏ နှစ်ပတ်လည်အစီရင်ခံစာတွင် ဖော်ပြသည်။
ပြီးခဲ့သည့်နှစ်အတွင်း ထုတ်ပြန်ခဲ့သည်ဟု ယူဆရသည့် ထိုအစီရင်ခံစာမှာ ၂၀၁၉-၂၀ နှင့် ၂၀၂၀-၂၁ ဘဏ္ဍာနှစ် နှစ်ခုစာအတွက် ထုတ်ပြန်ခြင်းဖြစ်သည်။
အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်က နေပြည်တော်၌ ကမ္ဘာ့အကြီးဆုံးဆိုသော ရုပ်ပွားတော်ကြီး တည်ဆောက်ရန် မန္တလေးတိုင်း မတ္တရာမြို့နယ်က ဧရာမစကျင်ကျောက်တုံးကြီးများ သယ်ဆောင်ရာ၌ မြို့သာစီမံကိန်းအတွင်းရှိ ဧရာဝတီမြစ် ဆီးမီးခုံဆိပ်ကမ်းကို အသုံးပြုခဲ့သည်။
ပြီးခဲ့သည့်နှစ်ဆန်းပိုင်းအတွင်း မြို့သာစီမံကိန်းသို့ အာဏာသိမ်းစစ်ခေါင်းဆောင် သွားရောက်ခဲ့သည်။ ထိုခရီးစဉ်အတွင်း စစ်ခေါင်းဆောင်၏ ညွှန်ကြားချက်များကို ဆက်လက်အကောင်အထည်ဖော်နေကြောင်း MMID ကုမ္ပဏီ ဥက္ကဋ္ဌ ဦးအောင်ဝင်းခိုင်က နှစ်ပတ်လည်အစီရင်ခံစာတွင် ပြောဆိုထားသည်။
နေပြည်တော်တွင် စစ်ခေါင်းဆောင် တည်မည့် “မာရဝိဇယ” ဆင်းတုတော်အတွက် စကျင်ကျောက်ကို ဆီမီးခုံဆိပ်ကမ်းမှတစ်ဆင့် နေပြည်တော်သို့ ရှစ်ကြိမ်တိတိ ပို့ဆောင်ပေးနိုင်သည်ဟု ၎င်းက ဆိုသည်။
ထိုစီမံကိန်းစတင်ချိန်က လယ်သမားများ တရားစွဲခံရသည်အထိ မြေယာနှင့် သီးနှံလျော်ကြေးဆိုင်ရာ အငြင်းပွားမှုများရှိခဲ့ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ ၎င်းက လက်ရှိတွင် စစ်ကောင်စီကို လက်နက်ကိုင်တော်လှန်နေသော ငါန်းဇွန်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ ပြန်ကြားရေးတာဝန်ရှိသူလည်း ဖြစ်သည်။
“အာဏာသိမ်းလိုက်ပါပြီဆိုကတည်းက စက်မှုဇုန်ပရိဝုဏ်က လူတိုင်းသွားလို့လာလို့ မရတော့သလို စစ်တပ်က တပ်စိတ်ချထားတာဆိုတော့ ကျေးရွာသူကျေးရွာသားတွေက လန့်နေတာပေါ့။ အရင်တုန်းက ဆန္ဒပြမှုတွေက တောက်လျှောက်ဖြစ်ခဲ့တယ်။ အခုတော့ ဒီဟာနဲ့ ပတ်သက်လို့ တောင်းဆိုသံတွေလည်း မကြားရတော့ဘူး” ဟု ၎င်းက ဆိုသည်။
တရုတ်လုပ်ငန်းရှင်များက မြို့သာစက်မှုဇုန်တွင် အဓိကမြှုပ်နှံထားပြီး စစ်အာဏာသိမ်းပြီးနောက် လုပ်ငန်းဖွံ့ဖြိုးမှုလည်း နှေးကွေးသွားကြောင်း ၎င်းက ဆိုသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)