သတင်း

ငါန်းဇွန်ဒေသခံ ၉၀ ကျော်ကို PDF ထောက်ပံ့သည်ဆိုကာ စစ်ကောင်စီဖမ်းထား

စစ်ကောင်စီတပ်က မန္တလေးတိုင်းအတွင်း ကျေးလက်ဒေသခံ ၉၀ ကျော်ကို ဖမ်းဆီး နှိပ်စက်ပြီး ငါန်းဇွန်မြို့နယ် အုပ်ချုပ်ရေးကောင်စီရုံးသို့ ပို့ဆောင်ချုပ်နှောင်ထားကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များ၊ ဒေသခံများက ပြောသည်။

အာဏာသိမ်း စစ်တပ်က မြို့နယ်အနောက်ပိုင်းရှိ သားကျင်ကျေးရွာကို အခြေပြု၍ ဧရာဝတီမြစ်ဘေးမှ ရွာများကို စစ်ကြောင်းထိုးကာ ဒေသခံများကို ဖမ်းဆီးနေခြင်းဖြစ်သည်ဟု မြို့နယ်အနောက်ပိုင်းနေ ဒေသခံတစ်ဦးက ပြောသည်။

စက်တင်ဘာ ၃ တွင် ထိုရွာမှ ဒေသခံ ၆၀ ခန့်ကို ဖမ်းဆီးခဲ့ပြီး ထိုအထဲမှ ၃၀ ကို ပြန်လွှတ်ပေးခဲ့သည်ဟု သိရသည်။

ယမန်နေ့ (စက်တင်ဘာ ၁၁) တွင် လက်ပံသာကျေးရွာမှ ၅၇ ဦး၊ အောင်သုခရွာမှ ၄ ဦးတို့ကို ဆက်လက် ဖမ်းဆီးသွားသည်ဟု အခြားဒေသခံတစ်ဦးက ပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ကို ကူညီထောက်ပံ့မှုသံသယဖြင့် ဖမ်းခြင်း ဖြစ်သည်ဟု သူက ဆက်ပြောသည်။

“စစ်တပ်က သူတို့တိုက်ခိုက်ခံရတဲ့ နေရာတွေအနီးက ရွာတွေကို ဝင်ဝင်ဖမ်းတာ၊ သူတို့လည်း ခဏခဏ တိုက်ခံရ၊ သေလည်းသေကြ၊ လူတွေလည်း လိုက်ဖမ်းကြနဲ့ ဖြစ်နေတာ၊ ဖမ်းတာက ဒီလူတွေက PDF ထောက်ပံ့တယ်ဆိုပြီး ဖမ်းတာ၊ ဖမ်းတဲ့လူတွေကို အကုန် ငါးဇွန်ပို့ထားတာ၊ အခုထပ်ဖမ်းခံရတာက လက်ပံသာက များတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ထိုဒေသခံက ပြောသည်။

ဧရာဝတီမြစ်ရေကြီးနေသည့်အတွက် ကျေးရွာများအတွင်း ရေဝင်နေသောကြောင့် လက်ပံသာကျေးရွာ ဒေသခံများက ရေလွတ်ရာ ရွာဘုန်းကြီးကျောင်းတွင် စုဝေးနေထိုင်နေကြစဉ် အစုလိုက်အပြုံလိုက် ဖမ်းဆီးခံရခြင်းဖြစ်သည်။

ဖမ်းဆီးခံရသူများတွင် အသက်အရွယ်ကြီးသူများလည်း ပါဝင်ပြီး ရိုက်နှက်ခြင်း၊ ရုန့်ရင်းကြမ်းတမ်းစွာ ဆဲဆိုခြင်းတို့ကို ရင်ဆိုင်နေရသည်ဟု ဆိုသည်။ ဖမ်းဆီးခံထားရသည့် ကျား၊ မ အရေအတွက်၊ ၎င်းတို့၏ ကျန်းမာရေး၊ စားရေးသောက်ရေး မည်သို့ဖြေရှင်းနေသည်ကို မသိရသေးပါ။

အင်အား ၂၀၀ ခန့်ဖြင့် စစ်ကြောင်းထိုး ဝင်ရောက်လာသူတို့မှာ မိတ္ထီလာအခြေစိုက် တပ်မ ၉၉ နှင့် စစ်ကိုင်းမြို့အခြေစိုက် အမှတ် (၃၃) ခြေမြန်တပ်ရင်းတို့မှ ဖြစ်သည်ဟု သိရသည်။

ထိုအထဲမှ အင်အား ၁၀၀ ခန့်ပါ အုပ်စုက စက်တင်ဘာ ၁၁ တွင် သားကျင်ကျေးရွာမှ ထွက်ကာ မြစ်အတွင်းကျေးရွာများကို စစ်ကြောင်းထိုးနေခဲ့ခြင်းဖြစ်သည်ဟု မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဒေသကာကွယ်ရေးတပ်များကလည်း ဒရုန်းအဓိကအသုံးပြုကာ တိုက်ခိုက်နေသည်။

စစ်ကောင်စီ လက်နက်ကိုင်တို့ ထိခိုက်မှုအခြေအနေကို ကာကွယ်ရေးတပ်ဖွဲ့များက ထုတ်ဖော်ပြောဆိုခြင်းမပြုပေ။

လက်ရှိအချိန်တွင်လည်း စစ်ကောင်စီတပ်များက လက်ပံသာကျေးရွာအတွင်း တပ်စွဲကာ ဝန်းကျင်ကျေးရွာများကို စစ်ကြောင်းထိုးနေသည့်အတွက် တိမ်းရှောင်နေရသည့် ဒေသခံအရေအတွက် ၂၀၀၀ ခန့် ရှိကြောင်း ပကဖတာဝန်ရှိသူက ပြောသည်။

ဒေသခံများနှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များအဆိုရ အာဏာသိမ်းပြီးနောက်တွင် စစ်ကောင်စီတပ်က ငါန်းဇွန်မြို့အနောက်ဘက် ၁၂ မိုင်ခန့်အကွာ၊ ငါန်းဇွန်-ငါန်းမြာ ကားလမ်းပေါ် သားကျင်ရွာရှိ စာသင်ကျောင်းနှစ်ခုတွင် တပ်စွဲထားပြီး မြို့နယ်အနောက်ပိုင်းကို စိုးမိုးထားကြောင်း သိရသည်။

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် အခြေစိုက်ရာ မန္တလေးမြို့ကို တော်လှန်ရေးတပ်ဖွဲ့များ ဝင်ရောက်ခြင်းမှ တားဆီးလိုသည့်အတွက် တံတားဦး၊ မြင်းခြံ၊ ငါန်းဇွန်ဒေသတို့ကို စိုးမိုးနိုင်ရန် စစ်ကောင်စီက ကြိုးစားနေခြင်းဖြစ်သည်ဟုလည်း ဒေသကာကွယ်ရေးတပ်ဖွဲ့များက ယူဆနေကြသည်။

စစ်ကောင်စီက ငါးဇွန်မြို့အခြေအနေနှင့် ပတ်သက်ပြီး သတင်းထုတ်ပြန်ခြင်း မရှိပေ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button