မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်မှ ဆန်စက်လုပ်ငန်းရှင်တစ်ဦးကို စစ်ကောင်စီတပ်က နေအိမ်သို့ သွားရောက် သတ်ဖြတ်ကာ ရုပ်အလောင်းယူသွားပြီးနောက် နောက်တစ်နေ့ (ဒီဇင်ဘာ ၁၀) တွင် ငွေကြေးဖြင့် လာပြန်ရွေးခိုင်းခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာ ၉ ရက်နေ့က ငါန်းဇွန်မြို့မှ နှစ်မိုင်ခန့်အကွာ သန့်ဇင်ကုန်း (ခေါ်) သံကုန်းကျေးရွာသို့ စစ်တပ်က အိမ်သုံးကား ၁ စီး၊ စစ်ကားအကြီး ၄ စီးဖြင့် ရောက်ရှိသွားပြီး ရွာအလယ်ပိုင်းမှ ဆန်စက်ပိုင်ရှင် အသက် ၃၇ နှစ်အရွယ် ကိုဇော်မင်း ဆိုသူ၏ နေအိမ်ကို ဝင်ရောက်ရှာဖွေခဲ့သည်ဟု ဒေသခံအမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။
ရောက်လာသူများထဲတွင် ပျူစောထီး ခေါ် ပြည်သူ့စစ် တပ်ဖွဲ့ဝင်များလည်း ပါဝင်သည်၊ ဆန်စက်ပိုင်ရှင်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ထောက်ပံ့သူဟု စွပ်စွဲကာ နေအိမ်တွင်ပင် ပစ်သတ်ခဲ့သည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသော အသက် ၂၅ နှစ်အရွယ် ထိုအမျိုးသားက ပြောသည်။
“ထောက်ပို့ စွပ်စွဲပြီးတော့ လာသတ်သွားတာ။ အိမ်တင်ဖြစ်တာ။ ဦးခေါင်းကို ပစ်သွားပြီး အလောင်းကို ယူသွားကြတယ်။ အိမ်မှာရှိတဲ့ ပစ္စည်းတွေ၊ ဆိုင်ကယ်နဲ့ ဆန်အိတ်တွေ အများကြီးလည်း ကားပေါ်တင်ပြီး ယူသွားကြတယ်” ဟု သူက ပြောသည်။
“ယူနီဖောင်းတွေပါတယ်။ အရပ်ဝတ်တွေပါတယ်။ ပျူတွေလည်း ပါတယ်။ အင်အားက ၃၀ လောက်ရှိမယ် ထင်တယ်”
နောက်တစ်နေ့တွင် စစ်တပ်က ငါန်းဇွန်မြို့ပေါ်ရှိ ၎င်းတို့တပ်စခန်းတွင် အလောင်းကို ငွေကျပ် သိန်းတစ်ရာဖြင့် ရွေးယူရန် အကြောင်းကြားခဲ့ကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။
“အစောပိုင်းမှာတော့ မိသားစုက သေလည်း သွားပြီဆိုတော့ မရွေးတော့ဘူးပေါ့။ ဒါပေမဲ့ ရွေးပြီး မနေ့က သင်္ဂြိုဟ်လိုက်ကြတယ်” ဟု သူက ပြောသည်။
ထိုသတ်ဖြတ်မှုနှင့် ပတ်သက်ပြီး စစ်ကောင်စီကို ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးသလို စစ်ကောင်စီကလည်း ထိုအမှုအကြောင်း သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
ကိုဇော်မင်းသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကို ထောက်ခံအားပေးသူဖြစ်ပြီး လက်ရှိတွင် အဖွဲ့အစည်းများနှင့် ဆက်စပ်မှု မရှိဘဲ မိသားစုနှင့်အတူ အေးချမ်းစွာ စီးပွားရေးလုပ်ကိုင်နေသူဖြစ်သည်ဟု သိရကြောင်း ငါန်းဇွန်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (TGYR_ Youth Guerrilla Counter Revolution- NZ) က ဆိုသည်။
“PDF ကို ထောက်ပံ့တယ်ဆိုပြီး အဲဒီရွာက ဒလန်က သတင်းပေးတာ။ ဒလန် (သတင်းပေး) က ပုဂ္ဂိုလ်ရေးအရ တိုင်တာပါ။ ဒါကို လာသတ်တယ်။ ဆန်စက်ဆိုတော့ ရှိတဲ့ဆန်အိတ်တွေ၊ နောက် ငွေသား၊ ရွှေနဲ့ ဆိုင်ကယ်၊ အခြားပစ္စည်းတွေလည်း သိမ်းယူသွားကြတယ်” ဟု TGYR တပ်ဖွဲ့တာဝန်ခံက ပြောသည်။
စစ်တပ်က သိမ်းဆည်းယူဆောင်သွားသည့် ရွှေ၊ ငွေ ပစ္စည်းများနှင့် ဆန်အိတ်များ၏ ကာလတန်ကြေးငွေ မည်မျှရှိသည်ကို Myanmar Now က မိသားစုထံ မေးမြန်းနိုင်ခြင်း မရှိသေးပေ။
ယမန်နေ့ (ဒီဇင်ဘာ ၁၀) မွန်းလွဲ ၁ နာရီခွဲတွင် ကိုဇော်မင်း၏ ရုပ်အလောင်းကို ရွာသင်္ချိုင်း၌ မြေမြှုပ် သင်္ဂြိုဟ်ခဲ့သည်၊ ထိုအချိန်တွင် စစ်တပ်က သင်္ချိုင်းသို့ ရောက်လာကာ သံကုန်းရွာသားနှစ်ဦးဖြစ်သည့် အသက် ၃၀ ဝန်းကျင်အရွယ် ဂျိုးသံ(ခ)ကိုဝင်းအောင်၊ ကိုထက်နိုင်ထွန်းတို့ကို ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု အထက်ပါ TGYR တာဝန်ခံက ဆိုသည်။
၎င်းရွာသားနှစ်ဦး အဖမ်းခံရပြီးနောက် မိသားစုများနှင့် အဆက်အသွယ်ပြတ်တောက်နေသည်ဟု ကြားသိရကြောင်း ၎င်းက ဆက်ပြောသည်။
သံကုန်းကျေးရွာသည် အိမ်ခြေ ၁၀၀၀ ခန့်ရှိပြီး စိုက်ပျိုးရေး အဓိကလုပ်ကိုင်ကြသည်ဟု သိရသည်။
နိုဝင်ဘာလကုန်ပိုင်းကလည်း ဒလန်ဟု စွပ်စွဲခံရသည့် ရွာခံအမျိုးသား ၆ ဦးနှင့် အမျိုးသမီး ၁ ဦးတို့ သတ်ဖြတ်ခံထားရကြောင်း သိရသည်။
အသက် ၁၈ အရွယ် ကိုဖိုးချစ်၊ ၂၀ ကျော်အရွယ်များဖြစ်သည့် ကိုဝေအောင်နှင့် ကိုဗျိုင်းကြီး၊ ၃၇ နှစ်ဝန်းကျင်အရွယ် ကိုနန်းဝင်းနှင့် ကိုပိုင်၊ အသက် ၇၀ အရွယ် ဦးချစ်ဟန်နှင့် ဒေါ်ဝင်းတို့ သတ်ဖြတ်ခံရခြင်းဖြစ်သည်။
ဆိုင်ကယ် ၄ စီးဖြင့် ရောက်ရှိလာသည့် အရပ်ဝတ် ၈ ဦးခန့်က သံကုန်းကျေးရွာကုန်စုံဆိုင်တွင် ဝိုင်းဖွဲ့ အရက်သောက်နေသော အမျိုးသား ၅ ဦးကို သေနတ်ဖြင့် ပစ်သတ်ကာ၊ အနီးဝန်းကျင်အိမ်မှ ဦးချစ်ဟန်နှင့် ဒေါ်ဝင်းတို့ ဇနီးမောင်နှံကိုလည်း ပစ်သတ်သွားကြောင်း သိရသည်။
သေဆုံးသူများသည် ဆွေမျိုးတော်စပ်သူများဖြစ်ကြပြီး ကျေးရွာအတွင်း ရဲတပ်ဖွဲ့ဝင်များ၊ စစ်ကောင်စီတပ်သားများ လာရောက်ပါက ကျွေးမွေးဧည့်ခံခြင်း၊ တွေ့ဆုံခြင်း၊ သတင်းပေးပို့ခြင်းတို့ ပြုလုပ်သဖြင့် ဒလန်ဟု စွပ်စွဲကာ တော်လှန်ရေးတပ်ဖွဲ့များက သတ်ဖြတ်ခြင်းဖြစ်နိုင်ကြောင်း ဒေသခံများက ယူဆကြသည်။