သတင်း

တမူး PDF တပ်ရင်း အမှတ် (၃) က အမည်ပြောင်းပြီး သီးခြားရပ်တည်

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၏ တမူး ကဘော် တပ်ရင်း (၃) ကို အမျိုးသားလွတ်မြောက်ရေးတပ်တော် (National Liberation Army – NLA) အဖြစ် ပြင်ဆင်ဖွဲ့စည်းလိုက်ကြောင်း ထိုအဖွဲ့က ထုတ်ပြန်ကြေညာသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သတ်မှတ်ထားသည့် တပ်ပိုင်းဆိုင်ရာ အမှတ်အသားများ မရရှိခဲ့ကြောင်း၊ တပ်ရင်း တည်ဆောက်ရန် ကိုယ်ထူကိုယ်ထ ကြိုးစားခဲ့ကြောင်း NLA ပြန်ကြားရေးတာဝန်ခံ ကိုသျှောင်တစောင်းက ပြောသည်။

“အစကတည်းက NUG ရဲ့ လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့ ကုတ်နံပါတ်တွေ ကျထားတာလည်း မရှိဘူး။ ကိုယ်ပိုင်နံပါတ် ကျထားတာလည်း မရှိဘူး” ဟု သူက ပြောသည်။

“တပ်ရင်းအဆင့်ထက် ပိုမိုကျယ်ပြန့်တဲ့ စစ်ရေးလုပ်ဆောင်ချက်တွေ ဖော်ဆောင်နိုင်ဖို့” ပြင်ဆင်ဖွဲ့စည်းခြင်းဖြစ်သည်ဟု သူက ပြောဆိုသလို မတ်လ ၅ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သည့် ကြေညာချက်တွင်လည်း အလားတူ ဖော်ပြထားသည်။

စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူများက တိုင်းရင်းသားဒေသတစ်ခုတွင် စစ်သင်တန်း တက်ရောက်ပြီးနောက် ၂၀၂၁  စက်တင်ဘာလတွင် Myanmar Federal Army ကို ဖွဲ့စည်းခဲ့ကြောင်း၊ လပိုင်းအကြာတွင် တမူး ကဘော် PDF တပ်ရင်း (၃) အဖြစ် ဖွဲ့စည်း၍ ရပ်တည်လှုပ်ရှားခဲ့ပြီး ယခုနောက်ဆုံး NLA ဟု ပြင်ဆင်ခြင်းဖြစ်ကြောင်း သိရသည်။

၂၀၂၂ ဇူလိုင်လက ကလေး – တမူး အာရှလမ်းမကြီးပေါ်တွင် နယ်စပ်သို့မောင်းလာသော ကုန်ကားပေါ်မှ ဖမ်းဆီးရမိသော ဘိန်းဖြူများကို PDF တပ်ရင်း ၃ က ထိုနေရာတွင် မီးရှို့ဖျက်ဆီး လိုက်သည်။ (ဓာတ်ပုံ-ပေးပို့)

ပြင်ဆင်ဖွဲ့စည်းမည့် အခြေအနေနှင့် ပတ်သက်ပြီး NUG ကာကွယ်ရေးဝန်ကြီးနှင့် အတွင်းဝန်တို့ထံ မတ် ၁ တွင် အကြောင်းကြားခဲ့သော်လည်း သီးခြားအကြောင်းပြန်ခြင်းမရှိကြောင်း ပြန်ကြားရေးတာဝန်ခံက ပြောသည်။

အင်အား ၁၅၀ ထက်မနည်းရှိသည့် ထိုအဖွဲ့သည် ထိုဒေသတွင် NUG ၏ တပ်ရင်းတပ်ဖွဲ့များ အပါအဝင် တော်လှန်ရေးအင်အားစုများနှင့် မဟာမိတ်ဖွဲ့ပြီး ဆက်လက် ရပ်တည်မည်ဟု ဆိုသည်။

မတ် ၅ ရက်နေ့က ပြုလုပ်သည့် တပ်တော်ဖွင့်ပွဲအခမ်းအနားသို့ NUG လက်အောက်ခံ တမူးခရိုင် တပ်ရင်း (၁) မှ တာဝန်ရှိသူများ၊ ABSDF နှင့် ဒေသအခြေစိုက် ကာကွယ်ရေးအဖွဲ့များ အပါအဝင် ပြည်သူ ၃၀၀ နီးပါး တက်ရောက်ခဲ့ကြောင်း သိရသည်။

ဖွင့်ပွဲအခမ်းအနားစင်မြင့်တွင် ဗိုလ်ချုပ်အောင်ဆန်း၊ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဟောင်း ဦးထင်ကျော်၊ သမ္မတဦးဝင်းမြင့်တို့၏ ဓာတ်ပုံများ ချိတ်ဆွဲထားသည်ကို မှတ်တမ်းဓာတ်ပုံများတွင် တွေ့ရသည်။

အိန္ဒိယ – မြန်မာနယ်စပ် တမူးမြို့နယ်တွင် အာဏာသိမ်း စစ်ကောင်စီကို လက်နက်ကိုင် တော်လှန်နေသည့် PDF များ အပါအဝင် အဖွဲ့ ၁၆ ဖွဲ့ရှိကြောင်း ကာကွယ်ရေးအဖွဲ့များထံမှ သိရသည်။

တမူးတွင် NUG ၏ ညွှန်ကြားချက်အရ တပ်ရင်းအမှတ် ၁ နှင့် ၂ ကို ပူးပေါင်းကြောင်း ဖေဖော်ဝါရီတွင် ကြေညာထားသည်၊ ထိုပူးပေါင်းအဖွဲ့ကို PDF တမူးခရိုင် တပ်ရင်း (၁) ဟု အမည်ပေး သတ်မှတ်ထားကြောင်း သိရသည်။

တပ်ရင်းအမှတ် (၄) အခြေအနေအကြောင်း မသိရသေးပေ။

နယ်စပ်ဒေသ တမူးမြို့သည် ကလေး၊ မော်လိုက်၊ ဟုမ္မလင်း စသည့် မြို့နယ်များနှင့် ထိစပ်နေသည်။

မတ်လ ၅ ရက်က ပြုလုပ်သော အမျိုးသားလွတ်မြောက်ရေးတပ်တော် ဖွင့်ပွဲတွင် တွေ့ရသော တပ်ဖွဲ့ဝင်တချို့။ (ဓာတ်ပုံ-ပေးပို့)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button