အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စစ်တပ်ဝင်သည့် ယင်းမာပင်မြို့ ကုန်းရွာတွင် ၄ ဦး အသတ်ခံရ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် စစ်ကောင်စီတပ် ဝင်ရောက်ပြီးနောက် ရွာလုံးကျွတ်နီးပါး မီးရှို့ခံခဲ့ရသည့် ကုန်းရွာအတွင်း ရုပ်အလောင်း ၄ ခု ယမန်နေ့ (မတ် ၁) တွင် တွေ့ရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

မြို့အနောက်ဘက် ၅ မိုင်ခန့်အကွာရှိ ထိုရွာကို ဖေဖော်ဝါရီ ၂၈ ရက် ညနေပိုင်းတွင် အင်အား ၁၀၀ နီးပါး ပါဝင်သည့် စစ်တပ် ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်။

ရွာမှ အသက် ၅၀ ဝန်းကျင် ဦးဆန်းလင်း၊ ဦးအေးလွင်တို့ကို ရွာတောင်ဘက် ဘုန်းကြီးကျောင်းအနီးတွင် ပစ်သတ်ထားသည်၊ ဦးတင်ထွန်းဦးမှာမူ နေအိမ်တွင် မီးရှို့ခံထားရသည်ဟု ရွာခံများက ပြောသည်။

“သူတို့က ကျန်းမာရေးမကောင်းလို့ မပြေးနိုင်ဘူး။ အဲဒါကြောင့် ရွာမှာ ကျန်ခဲ့တာ။ ပထမတစ်ခေါက် ရွာကို စစ်ကြောင်းဝင်တုန်းကလည်း မွှေနှောက်သွားတာပဲ ရှိတာ။ သတ်တာဖြတ်တာလည်း မရှိတော့ အဲ့လိုလုပ်မယ် မထင်လိုက်ဘူး။ ခုတော့ ကျန်းမာရေးမကောင်းလို့ မပြေးနိုင်သူပါ သတ်သွားတာ” ဟု ကုန်းရွာဒေသခံ အမျိုးသားက ပြောသည်။

ရုပ်အလောင်း ၃ ခုကို ယမန်နေ့ (မတ် ၁) ရက်နေ့တွင် သင်္ဂြိုဟ်ခဲ့သည်ဟု သိရသည်။

ဓားစာခံအဖြစ် ဖမ်းဆီးပြီး စစ်ကြောင်းနှင့်အတူ ခေါ်ဆောင်သွားခံခဲ့ရသည့် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကိုလည်း ရွာအနောက်ဘက်တွင် တွေ့ခဲ့ရသည်ဟု ဒေသခံများက ဆိုသည်။

အင်တောရွာမှ အသက် ၃၀ အရွယ် ထိုသူ၏ ရုပ်အလောင်းကို အင်တောရွာမှ ဒေသခံတို့က လာရောက်ယူဆောင်သွားပြီးဖြစ်သည်ဟု သိရသည်။

အိမ်ခြေ ၆၀၀ ကျော်ရှိသည့် ကုန်းရွာကို စစ်တပ်က ဝင်ရောက်စီးနင်းထားစဉ် ညတစ်ကြိမ်၊ နံနက်တစ်ကြိမ် မီးရှို့ခဲ့ရာ အိမ်ခြေ ၅၀၀ ကျော် မီးလောင်ခဲ့ပြီး သိုလှောင်ထားသည့် စပါး၊ ကုလားပဲတို့ပါ ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ရဟတ်ယာဉ် ဆူညံစွာ ရောက်လာချိန်တွင် အားလုံး ထိတ်လန့်စွာ တိမ်းရှောင်ကြသည်ဟု ဆိုသည်။

“သူတို့တပ်စွဲသွားတဲ့ စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းနားက အိမ်တချို့ပဲ ကျန်တယ်။ ဘာဆို ဘာမှကို မကျန်ခဲ့တာ။ ဘာမှ မသယ်နိုင်ဘူး။ အခုထိလည်း ရွာနား ပြန်မကပ်ရဲသေးဘူး။ လေယာဉ်သံကြားတာနဲ့ကို အကုန်လုံးက လန့်နေတာ” ဟု ကုန်းရွာဒေသခံ အမျိုးသားက ဆိုသည်။

မတ်လ ၁ ရက် နံနက်ပိုင်းက ကုန်းရွာမှ ထွက်လာသည့် စစ်ကောင်စီ စစ်ကြောင်းကို ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့ရာ တစ်နာရီကျော်ကြာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်တပ်က လေကြောင်းပစ်ကူဖြင့် တိုက်ခိုက်ခဲ့သည်။

အထက်ပါ ၄ ဦး သတ်ဖြတ်မှုနှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

ယင်းမာပင်မြို့နယ်ကို စစ်အုပ်ချုပ်ရေး ကြေညာပြီးနောက် အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးနေသည့်အတွက် ရာနှင့်ချီသည့် ဒေသခံများ ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရသည်။

ပြီးခဲ့သည့်လက မြို့နယ် ၄၀ တွင် စစ်အုပ်ချုပ်ရေးကြေညာရာ ထိုအထဲတွင် စစ်ကိုင်းတိုင်းမှ မြို့နယ်အများဆုံး ပါဝင်သည်။

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်ပြမြေပုံ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button