
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် မြောက်ယမားချောင်း အနောက်ဘက်ကမ်းရှိ ကုန်းရွာအနီး ယနေ့ (မတ် ၁) နံနက်ပိုင်းတွင် ဒေသခံတော်လှန်ရေးအဖွဲ့နှင့် တစ်နာရီကျော်ကြာ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားစဉ် စစ်ကောင်စီတပ်က လေကြောင်းပစ်ကူ ယူခဲ့ရသည်။
မြို့အနောက်ဘက် ၅ မိုင်နီးပါးအကွာရှိ ထိုရွာကို ယမန်နေ့ ညနေပိုင်းတွင် အင်အား ၁၀၀ နီးပါးပါ စစ်ကောင်စီတပ်ဖွဲ့ ရောက်ရှိလာပြီးနောက် မီးရှို့သည်၊ ယနေ့ နံနက် ထပ်မံရှို့ပြီး ပြန်အထွက်တွင် ဒေသခံတော်လှန်ရေးအဖွဲ့က ရွာတောင်ဘက်နှင့် အရှေ့ဘက်မှနေ၍ ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
တိုက်ပွဲဖြစ်သည့် နေရာသို့ ယနေ့ (မတ် ၁) နံနက် ၁၁ နာရီဝန်းကျင်တွင် စစ်ရဟတ်ယာဉ်ရောက်လာပြီး တစ်နာရီနီးပါး ပစ်ခတ်သည်၊ ယင်းမာပင်မြို့ရှိ စစ်တပ်ကလည်း ရွာဝန်းကျင်ကို လက်နက်ကြီးဖြင့် ပစ်ခတ်ကြောင်း ဒေသအခြေစိုက် တော်လှန်ရေးအဖွဲ့ထံမှ သိရသည်။
“စစ်ကောင်စီ စစ်ကြောင်းက အထိနာနေပါတယ်။ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ဝိုင်းဝန်း ပိတ်ဆို့ထားတဲ့ အနေအထားရှိတယ်။ အဲဒီအတွက် ရဟတ်ယာဉ်နဲ့ ဆွဲထုတ်တာပေါ့။ လောလောဆယ်တော့ ရဟတ်ယာဉ်နဲ့ ပစ်ပြီးတော့ ဆွဲထုတ်နေတာပေါ့” ဟု ထိပ်တိုက်ရင်ဆိုင်ခဲ့သည့် မြောက်ယမားပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံက မွန်းလွဲပိုင်းတွင် ပြောသည်။
တော်လှန်ရေးအဖွဲ့ ဆုတ်ခွာလိုက်သဖြင့် ပိတ်မိနေသည့်စစ်ကြောင်း ယင်းမာပင်မြို့သို့ ပြန်ရောက်သွားပြီဖြစ်ကြောင်း အခြားဒေသကာကွယ်ရေးအဖွဲ့တစ်ခုက ယနေ့ ညနေပိုင်းတွင် ပြောသည်။
တိုက်ပွဲအတွင်း တော်လှန်ရေးသမားတစ်ဦး ဒဏ်ရာရခဲ့သည်၊ စစ်ကြောင်းဝင်စဉ် ထွက်မပြေးနိုင်သည့် ဒေသခံအချို့ သေဆုံးသည်ဟု အထက်ပါသတင်းရင်းမြစ်တို့က ဆိုသည်။
စစ်ကောင်စီဘက် မည်သို့ ထိခိုက်သွားသည်ကို မသိရသေးပေ။

ဖေဖော်ဝါရီ ၂ တွင် ယင်းမာပင်မြို့နယ်ကို စစ်အုပ်ချုပ်ရေးကြေညာပြီး လကုန်ပိုင်းတွင် မြို့အနောက်ဘက်ခြမ်းသို့ ထိုစစ်ကြောင်းရောက်လာကာ လှုပ်ရှားနေခြင်းဖြစ်သည်။
အိမ်ခြေ ၆၀၀ ဝန်းကျင်ရှိ ကုန်းရွာ မီးရှို့ခံရသဖြင့် အိမ်ခြေ ၄၀ သာ ကျန်ရစ်ကြောင်း အမည်မဖော်လိုသည့် ဒေသခံအမျိုးသားတစ်ဦးက ယနေ့ (မတ် ၁) ညနေပိုင်းတွင် အတည်ပြုသည်။
စစ်ကောင်စီကမူ ၎င်းတို့၏ လက်နက်ကိုင်များက အိမ်မီးရှို့ခြင်းမရှိဟု ယမန်နှစ်က ပြောခဲ့ဖူးသည်။

ယင်းမာပင်သည် ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်သည့် စစ်ကောင်စီကို ရရာလက်နက်ဖြင့် အစောဆုံးခုခံသည့် မြို့နယ်တစ်ခုဖြစ်ကာ အာဏာသိမ်းပြီး သုံးလအကြာ ၂၀၂၁ ဧပြီတွင် ဖြစ်ပွားသည့် သပြေအေးရွာတိုက်ပွဲမှာ ထင်ရှားသည်။ ထိုစဉ်က ဒေသတွင်း အာဏာသိမ်းမှုဆန့်ကျင်သည့် ခေါင်းဆောင်တစ်ဦးဖြစ်သူ ကျောင်းထိုင်ဆရာတော်ကို ဖမ်းရန် စစ်တပ်ရောက်လာစဉ် ဒေသခံတို့က အမဲလိုက်သေနတ်သုံးပြီး ခုခံခဲ့သည်။
စစ်တပ်က အာဏာသိမ်းပြီး နှစ်နှစ်ပြည့်လာချိန်တွင် မြို့နယ် ၃၃၀ ကျော်အနက် ထက်ဝက်ခန့်ကိုသာ အပြည့်အဝထိန်းချုပ်ထားနိုင်ကြောင်း စစ်ခေါင်းဆောင်က ဖေဖော်ဝါရီတွင် ဝန်ခံခဲ့ပြီးနောက် လက်နက်ကိုင်ခုခံမှုအားကောင်းရာ စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ ကရင်၊ မွန်တို့မှ မြို့နယ် ၄၀ ကို စစ်အုပ်ချုပ်ရေး ထုတ်ပြန်ထားသည်။
ထိုအထဲတွင် ယင်းမာပင်မြို့နယ်သည်လည်း အပါအဝင်ဖြစ်ပြီး လက်တလောစစ်ရေးအခြေအနေကြောင့် ဒေသခံအများအပြား အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသည်ဟု ဒေသတွင်းသတင်းများက ဆိုသည်။ အသေးစိတ်ကို အတည်မပြုနိုင်သလို စစ်ကောင်စီက နှုတ်ဆိတ်နေဆဲဖြစ်သည်။
စစ်အာဏာသိမ်းပြီးနောက် ဖြစ်လာသည့် ပဋိပက္ခများနှင့် မလုံခြုံမှုများကြောင့် လူဦးရေ ၁.၂ သန်း နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပြီး လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ လိုအပ်နေသည်ဟု ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံးက ဖေဖော်ဝါရီလဆန်းတွင် ထုတ်ပြန်ထားသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)