သတင်း

စစ်အုပ်ချုပ်ရေးကြေညာပြီး ရက်ပိုင်းအတွင်း ဝက်လက်ကို စစ်ကြောင်းဝင်မွှေ

နိုင်ငံအလယ်ပိုင်း၊ စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်တွင် စစ်ကောင်စီလက်ချက်ဖြင့် နှစ်ရက်အတွင်း အိမ်ခြေ ၈၀ ကျော် မီးလောင်၊ အသက် ၆၀ အရွယ် အမျိုးသားတစ်ဦး သေဆုံးသည်။

ဧရာဝတီမြစ်အနောက်ဘက်ကမ်းရှိ ဝက်လက်မြို့နယ်ကို စစ်ကောင်စီက ဖေဖော်ဝါရီ ၂၂ တွင် စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် တစ်ပတ်အတွင်း အင်အား ၁၀၀ ခန့်စီ ပါသည့် စစ်ကြောင်း သုံးကြောင်း ရောက်လာကာ စစ်ရေးလှုပ်ရှားနေသည်ဟု ဒေသအခြေစိုက် တော်လှန်ရေးအဖွဲ့ သုံးဖွဲ့ထံမှ သိရသည်။

ဝက်လက်အနောက်ခြမ်းရှိ တယ်တောရွာ၊ အောင်ချမ်းသာရွာ၊ သရက်ကြီးနှင့် ရွာသာကြီးရွာကြားတို့တွင် စစ်ကြောင်းများရှိနေသည်ဟု NUG ၏ ရွှေဘိုခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တပ်ရင်း ၂ တာဝန်ရှိသူက ပြောသည်။

ထိုစစ်ကြောင်းများ၏ လက်ချက်ဖြင့် ဖေဖော်ဝါရီ ၂၈ တွင် တဲတောကျေးရွာမှ နေအိမ် ၄၀ ကျော်၊ မတ် ၁ ရက်တွင် မုဆိုးခြုံရွာမှ နေအိမ် ၄၀၊ အောင်ချမ်းသာရွာမှ နေအိမ် ၃ လုံး မီးလောင် ပျက်စီးခဲ့သည်ဟု တော်လှန်ရေးအဖွဲ့တို့က ဆိုသည်။

ထို့အတူ ဝက်လက်မြို့ မြောက်ဘက် ၈ မိုင်ကျော်အကွာ မုဆိုးခြုံရွာကို စစ်တပ်ဝင်စဉ် ဦးမြင့်သန်းဆိုသူ ပစ်သတ်ခံရသည်ဟု သိရသည်။

“စစ်ကြောင်း ရွာထဲကို ဝင်တဲ့အချိန် သူက နှမ်းခင်း ရေတင်သွားနေတာမှာ တောမှာ (နှမ်းခင်းသို့ သွားသည့်လမ်း) တင် တွေ့ပြီးတော့ ပစ်သတ်ခံလိုက်ရတာ” ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

သေဆုံးသူ၏ မိသားစုဝင်များနှင့် အဆက်အသွယ်မရ၍ အသေးစိတ် အတည်မပြုနိုင်ပါ။

ဒေသအခြေစိုက် တော်လှန်ရေးအဖွဲ့တစ်ခုဖြစ်သည့် GZ Special Task Force ခေါင်းဆောင်ကလည်း စစ်ကောင်စီတပ် လက်နက်ကိုင်များလက်ချက်ဖြင့် ဦးမြင့်သန်း သေဆုံးသည်ဟု အတည်ပြုသည်။

“စစ်ကြောင်းဝင်တော့ လက်နက်ကြီးလက်နက်ငယ် ပစ်ဝင်တာပါ။ ကြည့်ရတာ၊ သူက xx တွေနဲ့ ထိပ်တိုက်တွေ့ပြီး ရှောင်ချိန်မရလိုက်တာ ထင်တယ်” ဟု ၎င်းက ပြောသည်။

စစ်တပ်၏ စစ်ကြောင်းသုံးခုမှာ မြို့မြောက်ဘက်ခြမ်းရှိ ဟံလင်းဒေသမှ အောင်ချမ်းသာ၊ မုဆိုးခြုံ၊ တဲကောရွာတစ်ဝိုက် လှည့်လည်၍ စစ်ရေးလှုပ်ရှားနေသည်ဟု သိရသည်။

ဒေသအခြေစိုက် တော်လှန်ရေးအဖွဲ့များက မိုင်းဆွဲ၊ ပစ်ခတ်တိုက်ခိုက်နေသော်လည်း စစ်တပ်ဘက် ထိခိုက်မှုအခြေအနေကို မသိရသေးပါ။ လှတောရွာအနီး ရောက်လာသည့် စစ်တပ်ကို မိုင်းသုံးလုံးဖြင့် တိုက်ခိုက်ရာ စစ်သား ၃ ဦးသေ၊ လေးဦး ဒဏ်ရာရသည်ဟု GZ အဖွဲ့၏ အဆိုအရ သိရသည်။

လက်ရှိတွင် ဝက်လက်မြို့နယ်အတွင်း ပစ်ခတ်မှုများ ဆက်ရှိနေသည်ဟု သိရသည်။

“ဝက်လက်အရှေ့ခြမ်းမှာရော၊ အနောက်ခြမ်းမှာရော တိုက်ပွဲတွေဖြစ်နေတာ” ဟု အထက်ပါ PDF တပ်ရင်း ၂ တာဝန်ရှိသူက ဆိုသည်။

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် တည်နေရာပြမြေပုံ။

ဝက်လက်မြို့နယ်ကို စစ်ကောင်စီက ပြီးခဲ့သည့် တစ်ပတ် ဖေဖော်ဝါရီ ၂၂ တွင်မှ စစ်အုပ်ချုပ်ရေးနယ်မြေစာရင်းထဲ ထည့်သွင်းခဲ့သည်။ အာဏာသိမ်းပြီး နှစ်နှစ်အတွင်း ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်သည့် စစ်ကောင်စီကို နိုင်ငံအနှံ့ ခုခံနေကြသည်။

စစ်ကောင်စီကို ရရာလက်နက်ဖြင့် တုံ့ပြန်နေကြသည့် ဒေသများအတွင်း တော်လှန်ရေးနှင့် နှစ်ပေါင်းများစွာ အလှမ်းဝေးသည့် မြန်မာနိုင်ငံအလယ်ပိုင်းမှ စစ်ကိုင်းတိုင်းလည်း ပါဝင်သည်။ စစ်ကိုင်းတိုင်းအတွင်း မြို့နယ်များအနက် ၁၄ မြို့နယ်တွင် စစ်အုပ်ချုပ်ရေးကြေညာထားသည်။

တိုက်ပွဲဖြစ်စဉ်များနှင့် ပတ်သက်၍ စစ်ကောင်စီက နှုတ်ဆိတ်နေဆဲဖြစ်သလို အသေးစိတ်ကို သီးခြားအတည်မပြုနိုင်သေးပါ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button