
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်နှင့် ယင်းမာပင်မြို့နယ်ကြား စစ်ကောင်စီတပ်ဖွဲ့စခန်းငယ်ကို ယမန်နေ့ (ဖေဖော်ဝါရီ ၁၉) ညနေပိုင်းက သိမ်းနိုင်ခဲ့ပြီး လက်နက်ခဲယမ်းများလည်း ရရှိခဲ့ကြောင်း ဒေသခံကာကွယ်ရေးပူးပေါင်းအဖွဲ့များက ပြောသည်။
ဖေဖော်ဝါရီ ပထမပတ်ကတည်းက ချင်းတွင်းမြစ်ကမ်းဘေးရှိ ကျောက်မျက်တောင်တွင် တပ်စွဲထားသည့် အင်အား ၃၀ နီးပါးရှိ စစ်တပ်ကို စီးနင်းတိုက်ခိုက်ရာ တစ်နာရီခွဲခန့် တိုက်ပွဲဖြစ်ပွားသည်။
စစ်သားများ စခန်းကို စွန့်သွားခဲ့ကြောင်း၊ ထိုစခန်းအတွင်းမှ ဒရုန်းပစ်သေနတ် ၁ လက်၊ နင်းမိုင်း အလုံး ၄၀၊ ရှေ့ထွက်မိုင်း အလုံး ၄၀ နှင့် လက်ပစ်ဗုံး အလုံး ၃၀ သိမ်းဆည်းရမိခဲ့သည်ဟု ဒေသခံကာကွယ်ရေးအဖွဲ့များက ဆိုသည်။
ထိုညမှာပင် စစ်ကောင်စီတပ်က ထိုစခန်းကို ပြန်ရောက်လာကြောင်း တိုက်ခိုက်ရာတွင် ပါဝင်ခဲ့သည့် ယင်းမာပင်အခြေစိုက် မြောက်ယမားပြည်သူ့ကာကွယ်ရေးအဖွဲ့၏ တာဝန်ခံက ပြောသည်။
ရောက်လာသူများထဲတွင် ဝမ်ပေါင်ကြေးနီစီမံကိန်းနယ်မြေတွင် ရှိနေသော ရဲနှင့် စစ်သားများလည်း ပါဝင်သည်ဟု သိရသည်။
“(ပွဲပြီးတော့) စစ်ကူအင်အား အများကြီးထပ်ဖြည့်နေတယ်။ မနေ့ညက တစ်သုတ်ရောက်တယ်။ အခု တစ်သုတ် ထပ်ရောက်တယ်။ ဒီနေ့တော့ ထိတွေ့တိုက်ပွဲတော့ မရှိသေးဘူး။ ရဲတပ်ရင်း ၂၈ တို့၊ ဝမ်ပေါင်တို့ဘက်က စစ်ကူတွေ လာတယ်” ဟု အထက်ပါအဖွဲ့တာဝန်ခံက ယနေ့ (ဖေဖော်ဝါရီ ၂၀) မွန်းတည့်ချိန်က ပြောသည်။
ထိုစခန်းသိမ်းစီးနင်းမှုအတွင်း ဒေသခံကာကွယ်ရေးအဖွဲ့များဘက်မှ တစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ စစ်ကောင်စီတပ်ဘက်မှ အသေအပျောက်ရှိကြောင်း Dragon Brothers Task Force က ယနေ့ ထုတ်ပြန်သည်။
ထိုစီးနင်းမှု ဖြစ်မြောက်ရေးအတွက် ဒေသအခြေစိုက်ကာကွယ်ရေးအဖွဲ့ ၁၅ ဖွဲ့ထက်မနည်း ပူးပေါင်းစီစဉ်ခဲ့သည်ဟု ဆိုသည်။
အနောက်မြောက်တိုင်းစစ်ဌာနချုပ်တည်ရှိရာ မုံရွာမြို့တစ်ဘက်ကမ်းရှိ ကျောက်မျက်တောင်သည် ချင်းတွင်းမြစ်ကြောင်းလုံခြုံရေးအတွက် အရေးပါသည့် နေရာလည်း ဖြစ်သည်ဟု GZ Yinmarbin 21 အမည်ရှိ ဒေသခံကာကွယ်ရေးအဖွဲ့မှ ပြန်ကြားရေးတာဝန်ခံကလည်း ပြောသည်။
“ဒီနေရာက အချက်အချာကျတဲ့နေရာဖြစ်တယ်။ ကျောက်မျက်တောင်နဲ့ မလှမ်းမကမ်းမှာဆိုရင် အောင်ဇေယျတပ်ကုန်းရှိတယ်။ ရဲတပ်ရင်းရှိတယ်။ မြစ်အရှေ့ဘက်ကမ်းမှာဆိုရင် လွှတ်တော်ရှိတယ်။ တောင်ဘက်မှာဆိုရင် လက်ပံတောင်း ဝမ်ပေါင် (တရုတ်ကြေးနီစီမံကိန်း) ရှိတယ်။ အဲဒီကြားထဲမှာရှိတဲ့ ကျောက်မျက်တောင်ပေါ်က စခန်းကို တပ်ဖွဲ့တွေ အကုန်ပေါင်းပြီး သိမ်းတာ” ဟု သူက ဆိုသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ သေဆုံးမှုရှိသည်ဟု ဒေသခံကာကွယ်ရေးအဖွဲ့များဘက်က ပြောခဲ့သော်လည်း Myanmar Now အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။
လက်ရှိတွင် ထိုစခန်းငယ်နေရာနှင့် အနီးတစ်ဝိုက်တွင် စစ်တပ်က ဒရုန်းမှတစ်ဆင့် အဆက်မပြတ် ကင်းထောက်နေကြောင်း ဒေသခံများက ပြောသည်။
ထိုစစ်ကောင်စီတပ်စခန်းငယ် တိုက်ခိုက်ခံရပြီးနောက် ယင်းမာပင်နှင့် ဆားလင်းကြီးမြို့နယ်အကြားရှိ ထန်းတောကြီး၊ ပေကုန်း၊ ကျေးစာကျ၊ အုံတုံပင်၊ ကံကုန်း၊ ထနောင်းကုန်း၊ ကျောက်မျက်၊ ဒုန်းတော၊ ဂုဏ်တော အပါအဝင် အနီးအနားကျေးရွာများမှ ဒေသခံ ရာနှင့်ချီမှာ စစ်ကောင်စီတပ်ရန်ကြောင့် ထွက်ပြေးနေရသည်။
စစ်ကိုင်းတိုင်းတွင် မိုင်းဆွဲတိုက်ခိုက်မှုများကို မကြာခဏ ရင်ဆိုင်နေရသည့် စစ်ကောင်စီတပ်ဖွဲ့သည် လက်နက်နှင့် ရိက္ခာ ဖြည့်တင်းရေးအတွက် ရေကြောင်းကို ပိုမိုအားပြုလာရသည့်အတွက် မြစ်ကြောင်း စိုးမိုးနိုင်ရေးအတွက် ကြိုးပမ်းနေသည်။
ပြီးခဲ့သည့် နှစ်လတာအတွင်း စစ်ကိုင်းတိုင်းအထက်ပိုင်းသို့ ရိက္ခာတင်ပို့မည့် ရေယာဉ်အုပ်စုအနက်မှ ၃ စီးကို ဒေသခံကာကွယ်ရေးအဖွဲ့များက သိမ်းလိုက်သဖြင့် ဆန်စပါး၊ စက်သုံးဆီနှင့် လက်နက်ခဲယမ်းအချို့ ဆုံးရှုံးသွားသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)