သတင်း

အင်းတော်၊ ဗန်းမောက် သစ်ခိုးထုတ်မှုကို NUG တပ်များ ခွင့်ပြုထားဟု စွပ်စွဲခံရ

စစ်ကိုင်းတိုင်း၊ အင်းတော်နှင့် ဗန်းမောက်မြို့နယ်များတွင် သစ်အလွန်အကျွံခိုးထုတ်နေမှုကို ဒေသခံကာကွယ်ရေးအဖွဲ့များဖြစ်သော ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နှင့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) တို့က ငွေကြေးရယူကာ ခွင့်ပြုထားသည်ဟု ဒေသခံတို့က ဝေဖန်နေကြသည်။

စစ်အာဏာသိမ်းပြီးနောက် အဆိုပါဒေသ သစ်တောကြိုးဝိုင်းများ၊ သစ်တောများမှ ကျွန်းသစ်ကို တရုတ်ကုမ္ပဏီများနှင့် အခြားသစ်ထုတ်လုပ်သူများက အလွန်အကျွံထုတ်ယူနေသည်၊ အင်းတော်နှင့် ဗန်းမောက် ပကဖ၊ ပအဖများက သစ်တင်ကားများကို ဖမ်းဆီးခြင်းမပြုဘဲ ဆက်ကြေးတောင်းကာ ဖြတ်သန်းသွားလာ ခွင့်ပြုထားသည်ဟု ဒေသခံများက ပြောကြသည်။

“အင်းတော်မှာဆိုရင် အင်းတော်အရှေ့ဘက်ခြမ်း၊ အင်းတော်နဲ့ ဗန်းမောက်ကြားမှာ အထုတ်များတယ်။ အခုကတော့ အင်းတော်မှာ ပြောင်နေပြီဆိုတော့ ဗန်းမောက်မြောက်ပိုင်းနဲ့ တောင်ပိုင်းမှာ အဓိက ထုတ်နေကြပါတယ်” ဟု အင်းတော်ဒေသခံ အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

ခိုးသစ်တင်ယာဉ်တန်း အင်းတော်-ဗန်းမောက်ကားလမ်း၊ တောလမ်းများမှတစ်ဆင့် သုံးလေးရက်လျှင် တစ်ကြိမ် ဖြတ်သန်းသည်၊ တစ်ကြိမ်လျှင် ၆ ဘီးကားအမျိုးအစား သစ်ကား ၆ စီးထက်မနည်း ပါဝင်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

ထို့နောက် ဗန်းမောက်မှ အင်းတော်၊ ထိုမှတစ်ဆင့် ကသာ၊ ချောင်းဝ၊ ရွှေကူမှတစ်ဆင့် တရုတ်နယ်စပ်အထိ ပို့ဆောင်ကြသည်ဟု အင်းတော်ဒေသခံ အသက် ၄၀ ကျော်အရွယ် အမျိုးသားက ဆက်ပြောသည်။

“မော်လူးနဲ့ ပင်ဝယ်ကြားမှာကို သစ်ကား ၄ စီး တွေ့တယ်၊ တရုတ် ၁၂ ဘီးကားနှစ်စီး ၆ စီး တွေ့တယ်။ ကျွန်တော် နည်းနည်း လိုက်စုံစမ်းကြည့်လိုက်တော့ အဲဒါတွေက ကျွန်းသစ် Export တိုက်တာ၊ တရုတ်တွေ၊ ဗမာစကားတောင် မတတ်ဘူး၊ ဒီကောင်တွေ ဝင်နေတာ။ ဒီကောင်တွေက တော်လှန်ရေးလုပ်နေတဲ့သူတွေနဲ့ ပေါင်းလုပ်နေတာပေါ့လေ” ဟု ထိုအမျိုးသားက ဆိုသည်။

အင်းတော်-ပကဖအဖွဲ့၏ တာဝန်ခံကမူ သစ်ထုတ်ကားများကို ဆက်ကြေးကောက်ယူခြင်းမရှိကြောင်း၊ ဖမ်းမိသည့် သစ်ကားများကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ လမ်းညွှန်မှုအတိုင်း လုပ်ဆောင်နေကြောင်း Myanmar Now ကို ပြောသည်။

ဖမ်းဆီးရမိသည့် သစ်ကားများကိုလည်း NUG နှင့် ချိတ်ဆက်ဆောင်ရွက်နေသည့် အင်းတော်မြို့နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီထံ အပ်နှံသည်ဟု သူက ဆိုသည်။

အဆိုပါကော်မတီကို ဆက်သွယ်မေးမြန်းရာ တာဝန်ရှိသူ အမျိုးသားတစ်ဦးက သစ်ကားများကို ထုတ်ယူခွင့် ပြုမထားကြောင်း၊ ဖမ်းဆီးရမိသည့် သစ်ကားများကိုလည်း NUG အစိုးရ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်အတိုင်း လုပ်ဆောင်နေကြောင်း ပြောသည်။

သစ်ခိုးထုတ်သည့်ကားများကို စောင့်ကြည့် ဖမ်းဆီးပြီး ဖမ်းဆီးရမိသည့် သစ်များကို သစ်တစ်တန်လျှင် NUG အစိုးရ သတ်မှတ်ဈေးအတိုင်း ဒဏ်ရိုက်ကာ လေလံပြန်ပစ်ပေးသည်ဟု ၎င်းက ဆိုသည်။

“ကျွန်တော်တို့ ဖမ်းမိတဲ့ဟာတွေကိုလည်း ဝန်ကြီးဌာနကို ကျွန်တော်တို့ တရားဝင်တင်ထားတယ်။ လေလံပစ်တဲ့ဈေးပေါ့နော်။ NUG အစိုးရက တရားဝင်လမ်းညွှန်ထားတဲ့အတိုင်း (သစ်တစ်တန်လျှင် လေလံဈေး) ၁၀ သိန်း၊ ၁၃ သိန်း ဆိုတာ ရှိပါတယ်။ အဲဒီအတိုင်း ကျွန်တော်တို့လုပ်ပါတယ်၊ တခြားဟာတွေကတော့ NUG အစိုးရရဲ့ ဘောင်ကို ကျော်ပြီး စည်းမဲ့ကမ်းမဲ့လုပ်တာ မရှိပါဘူး” ဟု အဆိုပါတာဝန်ရှိသူ အမျိုးသားက ပြောသည်။

သို့သော် မြို့နယ်ပကဖများနှင့် ၎င်းတို့ မသိလိုက်ဘဲ လွတ်မြောက်သွားနိုင်သည့် သစ်ကားများရှိနေနိုင်ကြောင်း၊ တောလမ်းများကို အချိန်ပြည့် စောင့်ကြည့်နိုင်ခြင်းမရှိကြောင်း ၎င်းက ဆက်ပြောသည်။

ဗန်းမောက်ပကဖအဖွဲ့ဝင် အမျိုးသားတစ်ဦးကလည်း သစ်ခိုးထုတ်မှုများတွင် ၎င်းတို့ ပကဖအဖွဲ့ဝင်များ ပါဝင်နေမှုကို ငြင်းဆိုပြီး ဗန်းမောက်မြို့နယ်တွင် တရုတ်သစ်ကုမ္ပဏီများ ထုတ်လုပ်နေခြင်းမရှိဟု ဆိုသည်။

“ကျွန်တော်တို့ကတော့ သစ်ကားတွေ မိရင်တော့ ဖမ်းတယ်ဗျ။ ကာကွယ်ရေးတပ်ဖွဲ့တွေ ကင်းလှည့်တဲ့အချိန်နဲ့ ဆုံရင်တော့ ဖမ်းတာမျိုးရှိတယ်။ ဖမ်းမိပြီဆိုရင်တော့ NUG လမ်းညွှန်မှုအတိုင်း ဒဏ်ရိုက်တာတွေတော့ ဟိုတုန်းက လုပ်ခဲ့ဖူးပါတယ်” ဟု ဗန်းမောက် (ပကဖ) အဖွဲ့ဝင်က ပြောသည်။

ဗန်းမောက်မြို့နယ်အတွင်း၌ သစ်ခိုးထုတ်မှုများရှိနေသည်ဟု သတင်းများကြားရသော်လည်း ဖမ်းဆီးရမိခြင်းမျိုး မရှိသေးကြောင်း ဗန်းမောက် (ပကဖ) အဖွဲ့ဘက်က ဆိုသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ပြည်သူများကို အကြမ်းဖက်တိုက်ခိုက်ရာမှ ဒေသအများအပြားတွင် လက်နက်ကိုင်ခုခံမှု ပေါ်ပေါက်လာသည်။

လက်နက်ကိုင်တော်လှန်ရေး အားကောင်းလာသည့် စစ်ကိုင်းတိုင်းအတွင်း မြို့နယ်တိုင်းလိုလိုတွင် NUG အစိုးရ၏ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ မြို့နယ် ပကဖ၊ ပအဖများ ဖွဲ့စည်းထားသည်။

တိုက်ခိုက်ရေး၊ ကာကွယ်ရေးနှင့် အုပ်ချုပ်ရေးလုပ်ငန်းများကို NUG လမ်းညွှန်ချက်အတိုင်း လုပ်ဆောင်နေသည်ဆိုသော်လည်း အချို့မြို့နယ် ပကဖ၊ ပအဖများမှာ ကိုယ်ကျိုးရှာနေသည်ဟူသော စွပ်စွဲချက် မကြာခဏ ထွက်ပေါ်နေသည်။

စစ်ကိုင်းတိုင်းအဆုံး ကချင်ပြည်နယ်အစပ်တွင် ရှိသော၊ တိုက်ပွဲဖြစ်ပွားမှု များပြားသော အင်းတော်၊ ဗန်းမောက်မြို့နယ်တို့သည် စွပ်စွဲခံရသည့် ဒေသထဲတွင် ပါဝင်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button